လူ့အခွင့်အရေး စံနှုန်းတွေအရ ပြည်သူတွေရဲ့ သိပိုင်ခွင့်အတွက် သိခွင့်သိလမ်းဆိုင်ရာ ဥပဒေတရပ်ကို လွှတ်တော်ကနေ ပြဋ္ဌာန်း ပေး ဖို့ ပွင့်လင်း မြန်မာ့ရှေ့ဆောင်(OMI)က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံသားတွေအတွက် သိခွင့်သိလမ်းဆိုင်ရာ ဥပဒေတရပ် ပေါ်ပေါက်လာဖို့ ဇန်နဝါရီ ၂၀ ရက်က သတင်းစာ ရှင်းလင်းပွဲတခု ကို လွှတ်တော် လေ့လာစောင့်ကြည့်ရေး အဖွဲ့ တခုဖြစ်တဲ့ OMI အဖွဲ့က ပြုလုပ်ခဲ့ပြီး အထက်ပါအတိုင်း တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဒီဥပဒေ ပေါ်ပေါက်လာဖို့ တောင်းဆိုရတာကတော့ အစိုးရကနေ အများ ပြည်သူနဲ့သက်ဆိုင်တဲ့ သတင်း အချက်အလက်တွေကို ဘယ်သူမဆို တောင်းဆိုတဲ့အခါမှာ ထုတ်ပြန်ပေးဖို့နဲ့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို ပိုမို ကောင်းမွန် ထိရောက်စေဖို့ ဖြစ်တယ်လို့ OMI အဖွဲ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ပွင့်လင်း မြန်မာ့ရှေ့ဆောင်ရဲ့ အကြံပေး အဖွဲ့ဝင်တဦး ဖြစ်သူ ဦးကိုကိုကြီး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) က “Right to know ဆိုတာ မီဒီယာအတွက်ပဲ မဟုတ်ဘူး၊ ပြည်သူအားလုံး သတင်းရယူခွင့်၊ သုတေသန အဖွဲ့ အစည်းတွေ အနေနဲ့ ဖြစ် စေ၊ တခြား စိတ်ဝင်စားတဲ့ တက္ကသိုလ် ကျောင်းပရဝဏ်မှာ သီးခြားဖွဲ့စည်းတဲ့ ဘာသာရပ် ဆိုင်ရာ အဖွဲ့ အစည်းတွေက ဖြစ်စေ၊ ပြည် သူ တဦးတယောက်ချင်းက ဖြစ်စေ ကျနော်တို့ ဒီအချက်အလက်ကို သိချင်တယ်ဆိုရင် အစိုးရဆီကနေပြီးတော့ တောင်းယူခွင့်၊ ရယူ ခွင့်ရှိတယ်။ ဒါဟာ အခွင့်အရေးပဲ”လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်ကလည်း လာမယ့် ၂၀၁၆ ခုနှစ်မှာ ပွင့်လင်း အစိုးရ မိတ်ဖက်အဖွဲ့(OGP)ကို ဝင်ရောက် လိုတဲ့ ဆန္ဒရှိတာကြောင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလကတည်းက သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းကို ဦးဆောင်စေပြီးတော့ အဖွဲ့ဝင် အစိုးရဝန်ကြီးတချို့နဲ့ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတွေကို ဖွဲ့စည်းစေခဲ့ပါတယ်။
ပွင့်လင်း အစိုးရ မိတ်ဖွဲ့(OPG)ဆိုတာကတော့ အစိုးရတွေရဲ့ ပွင့်လင်းမြင်သာမှု အာမခံချက်ရှိအောင် ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ အဖွဲ့တခု ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် အောက်တိုဘာလ ကလည်း လန်ဒန်မြို့မှာ ကျင်းပတဲ့ OGP ထိပ်သီး အစည်းအဝေးပွဲကို မြန်မာ နိုင်ငံက ပညာရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါက်တာ ဆန်းလွင်နဲ့ မြန်မာ NGO ကွန်ရက်က ဒေါ်နွယ်ဇင်ဝင်းတို့က လေ့လာသူတွေအဖြစ် တက်ရောက်ခဲ့ပါသေး တယ်။
ဒီလို သမ္မတ ဦးသိန်းစိန်အနေနဲ့ OGP အဖွဲ့အတွင်းကို ဝင်ရောက်ဖို့ စိတ်ဆန္ဒ ရှိပေမယ့်လည်း အောက်ခြေ အဖွဲ့အစည်းကတော့ အခုချိန်အထိ ထိထိရောက်ရောက် လုပ်ဆောင်တာ မရှိသေးပါဘူး။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းကလည်း“နိုင်ငံတနိုင်ငံ တိုးတက်ဖို့ အတွက် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် Right to know ဟာ အခြေခံအကျဆုံး အခွင့်အရေး တရပ်ပဲ။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုအဆင့်က အမြန် ဆုံး ဥပဒေတရပ် ရေးဆွဲပေးဖို့လိုတာပေါ့။ လူတိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွတ်လပ်စွာ သိခွင့်ရှိတယ်၊ သိရှိတဲ့အရာတွေအတွက်ကို ဆန္ဒပြခွင့်ရှိတယ် အဲဒါတွေနဲ့လိုက်လျောညီထွေတဲ့ ဥပဒေ တခုကို ဒီလွှတ်တော်သက်တမ်း မကုန်ခင်မှာ ရေးထားပေး ခဲ့မယ်ဆိုရင်တော့ ပထမ အကြိမ် လွှတ်တော်ကြီးရဲ့ သမိုင်းက ကောင်းမှာပေါ့”လို့ မှတ်ချက်ပေးပါတယ်။
မြန်မာနိုင်ငံရဲ့ အများပြည်သူ သိခွင့်သိလမ်းဆိုင်ရာ ဥပဒေတရပ် ပေါ်ပေါက်စေရေး ဆောင်ရွက်ရာမှာ သိခွင့်သိလမ်းကို ကန့်သတ်နေ တဲ့ ဥပဒေတွေ ရှိနေပြီး ဒီဥပဒေတွေကို ခေတ်နဲ့လျော်ညီတဲ့ ဥပဒေတွေအဖြစ် ပြင်ဆင်ပယ်ဖျက်ဖို့ လိုအပ်တယ်လို့ ဦးကိုကိုကြီးက ထောက်ပြ ပြောဆိုပါတယ်။
“နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေ ၁၉၂၃ ဆိုရင် အဓိကက စစ်ဘက်ဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ သတ်မှတ်တာကို ပြဌာန်း တာကို သတ်မှတ်တာပါ။ ဒါပေမယ့် အဲဒါက အစိုးရလုပ်ထုံးလုပ်နည်းများထဲမှာ စာရွက်စာတမ်းတွေကို ဘယ်လိုအဆင့် သတ်မှတ် မယ်ဆိုတာကို အခုချိန်မှာ ပြန်ပြီးသုံးသပ်ဖို့ လိုတယ်။ မလိုအပ်ဘဲ ကန့်သတ်ထားတာမျိုး ဖြစ်နေရင် ကျနော်တို့ ပြည်သူတွေအတွက် သိခွင့်သိလမ်း ဆုံးရှုံးတယ်လို့ မြင်ပါတယ်။ ဒီအက်ဥပဒေကို ဖျက်သိမ်းပစ်ဖို့ မဟုတ်ပါဘူး။ အဲဒီဥပဒေကို ခေတ်နဲ့လျော်ညီအောင် တကယ်လိုအပ်တဲ့ ဥပဒေဖြစ်အောင် လုပ်ဖို့ လိုပါတယ်”လို့လည်း ဦးကိုကိုကြီးက ဆိုပါတယ်။
OMI အနေနဲ့လည်း အများပြည်သူ သိခွင့်သိလမ်းဆိုင်ရာ ဥပဒေတရပ်ပေါ်ပေါက်ရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးချက် စာတမ်း တစောင်ကို ပြုစုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
သိခွင့်သိလမ်းဆိုင်ရာ ဥပဒေပေါ်ပေါက်လာဖို့ အချက်အလက်တွေနဲ့ ပတ်သက်လို့ ပြည်သူတွေကို အသိပညာပေးမှာ ဖြစ်သလို နယ် ပယ် အသီးသီးက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ စာနယ်ဇင်း အဖွဲ့အစည်းတွေ ပါဝင်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေကိုလည်း ပြုလုပ်သွားဖို့ ရှိတယ်လို့ OMI ရဲ့ လက်ထောက် မန်နေဂျာ ဦးထင်ကျော်အေးက ဧရာဝတီကို ပြောပြသွားပါတယ်။