ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းကြူကုတ်မြို့၊ ကောင်းခါးကျေးရွာ ခရစ်ယာန်ဘာသာရေး ကျောင်းဝင်းအတွင်း အဓမ္မပြုကျင့်ပြီး သတ်ခံရသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး၏ ရုပ်အလောင်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သဂြိုဟ်မည်ဟု သိရသည်။
အဆိုပါ ရုပ်ကလာပ်ကို မူဆယ်မြို့မှ မြစ်ကြီးနားမြို့သို့ ယနေ့ ညနေပိုင်းတွင် စတင် သယ်ဆောင်သွားမည်ဖြစ်ပြီး မြစ်ကြီးနား ဗဟို ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) တွင် ထားရှိကာ မနက်ဖြန်တွင် သင်္ဂြိုဟ်သွားမည် ဖြစ်ကြောင်း မူဆယ်မြို့ KBC မှ ဦးဘရန်စန်က ဧရာဝတီသို့ ပြောသည်။
“ညနေ ၅နာရီ ကစထွက်မယ်။ မြစ်ကြီးနားမှာ ဇန်နဝါရီ ၂၂ ရက် ညနေ ဒါမှမဟုတ် ဇန်နဝါရီ ၂၃ ရက် မနက်မှာ သင်္ဂြိုဟ်သွားမယ်” ဟု ဦးဘရန်စန်က ဆိုသည်။
အသက် ၂၀ အရွယ်ရှိ ခေါန်နန်စင် နှင့် လုရာ တို့နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ၏ ခွင့်ပြုချက်ဖြင့် ဆင်းရဲသော ကောင်းခါကျေးရွာမှ ကလေးငယ်များကို အခမဲ့ လာရောက် ပညာသင်ကြားပေးနေသူများ ဖြစ်ပြီး ဘုရားကျောင်းဝင်းအတွင်းရှိ တည်းခိုရာ အိမ်ခန်းတွင် သေဆုံးနေကြသည်ကို တွေ့ရကြောင်း ကောင်းခါး ကျေးရွာမှ ဒေသခံများက ဆိုသည်။
စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် အမျိုးသား သုက်ရည်များ တွေ့ရပြီး၊ DNA စစ်ရန် လားရှိုး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ ဆရာမ နှစ်ဦးကို အဓမ္မကျင့်သူသည် အနည်းဆုံး နှစ်ဦး ဖြစ်နိုင်သည်ဟု မူဆယ်မြို့ ပြည်သူ့ဆေးရုံးမှ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။
အခင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပန်ဆိုင်း ကြူကုတ် ရဲစခန်းမှ စခန်းမှူး ဇော်မင်းထွန်းက “အခင်းဖြစ်တဲ့ ကောင်းခေါင်း ကျေးရွာကို ဒီနေ့ မနက် ၉နာရီခွဲမှာ ထပ်ရောက်ပါတယ်။ လက်ရှိမှာတော့ အခြေအနေကို ဘာမှ ပြောလို့ မရသေးပါဘူး။ ဒီအမှုကို အချိန်ယူပြီး စုံစမ်းရမယ်။ ကျနော်တို့ ရဲတွေ တပ်တွေ ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွား ပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း ကိုလည်း စခန်းမှူး ဇော်မင်းထွန်းက ဆိုသည်။
ထို့အပြင် ကောင်းခါးရွာ (ပန်ဆိုင်း ကြူကုတ် အနီး) အုပ်ချုပ်ရေးမှူး ဦးလာဆိုင်းကလည်း ယနေ့ နံနက်ပိုင်းတွင် အခင်းဖြစ်သည့် နေရာကို ထပ်မံရောက်ရှိပြီး DNA စစ်ရန်အတွက် ဆံပင်များ၊ ကျန်နေသည့် ပစ္စည်းများကို စုဆောင်း နေကြောင်း၊ ထိုနေရာတွင် မီးဖိုချောင်သုံး ဓားတချောင်း ရှိနေကြောင်းကိုလည်း ဧရာဝတီသို့ ပြောပြသည်။
“ကျနော်တို့လည်း တတ်နိုင်တဲ့နည်းလမ်းကနေ လုပ်ဆောင်သွားမယ် ကူညီသွားမယ်။ ငြိမ်းချမ်းရေး ထိခိုက်ဖို့ အတွက်ဆိုတာ ပုဂ္ဂိုလ်နဲ့လား ပေါ်လစီနဲ့ လုပ်တာလားဆိုတာပဲ။ ဒီတပ်မတော်နဲ့ ဒီလို ကိစ္စကို မကြာခဏဖြစ်နေတော့ ဒီလို ထပ်မဖြစ်အောင် နိုင်ငံတော၊် တပ်မတော်ကြီးအနေနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ကိုလည်း ထိခိုက်စေတဲ့ ကိစ္စကို ကြပ်ကြပ်မတ်မတ် ပြုလုပ်ပေးဖို့ လိုပါတယ်” ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်မှ ဦးစန်းအောင် က ဧရာဝတီသို့ ပြောသည်။