ရန်ကုန်မြို့ရေပေးဝေမှုစနစ် တိုးတက် ကောင်းမွန်လာစေရေး ရှေ့ပြေးစီမံကိန်းတခုကို ရန်ကင်းမြို့နယ်၌ ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် စမ်းသပ်လုပ်ကိုင်နေကြောင်း သတင်းရရှိသည်။
ထိုစီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းက JICA မှ ရန်ကင်းမြို့နယ် အမှတ် (၁၄) ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၃၀၀ တွင် ကွင်းဆင်းလေ့လာ၍ စမ်းသပ်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုနှစ် မတ်လတွင် စမ်းသပ်မှု ပြီးစီးမည်ဟု မျော်လင့်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေပေးဝေမှု စီမံခန့်ခွဲရေး အကြံပေး မစ္စတာ မာစာရု မတ်ဆုအိုကား က ပြောသည်။
JICA အဖွဲ့ အနေဖြင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ အဓိက ပေးအပ်သွားမည် ဖြစ်ပြီး စီမံကိန်း ဧရိယာ အတွင်းရှိ ဟောင်းနွမ်းနေသော ရေမီတာများ လဲလှယ်ပေးခြင်း၊ ရှည်လျားသော ရေပိုက်လိုင်းများ အစား ပိုမိုတိုတောင်း စနစ်ကျသော ရေပိုက်လိုင်း စနစ် စီစဉ်ပေးခြင်းတို့ကို ဦးစားပေး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ရန်ကုန်မြို့တွင် ရေပေးဝေမှု၏ ၄၀ ရာခိုင်နှုန်း ခန့်သည် ဟောင်းနွမ်းနေသော ရေပိုက်လိုင်းများမှ ရေယိုစိမ့်မှုကြောင့် လည်းကောင်း၊ ရေမီတာဖိုး မဆောင်ဘဲ တရားမဝင် ရေသွယ်ယူများကြောင့် လည်းကောင်း အလေအလွင်ြ့ဖစ်သွားရမှုများလည်း ရှိသည်ဟု မစ္စတာ မာစာရု မတ်ဆုအိုကားက ဆိုသည်။
တနိုင်ငံလုံး အတိုင်းအတာ ရေဆုံးရှုံးမှုပမာဏ ၇ ရာခိုင်နှုန်း ခန့်သာရှိသော ဂျပန်နိုင်ငံနှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းသည် အလွန် များပြားသော ရာခိုင်နှုန်း ဖြစ်သည့်အတွက် ဂျပန်နည်းပညာအတိုင်း ကူညီပေးရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
ယင်းရှေ့ပြေးစီမံကိန်းအတွင်း ရေမီတာအသစ် ၃၀၀ လဲလှယ်တပ်ဆင်ပေးခြင်း၊ ရေပိုက်လိုင်းများ ပြန်လည် စီမံခြင်းတို့အတွက် လို အပ်သော ပစ္စည်းများကို JICA မှ အမေရိကန် ဒေါ်လာ ၁ သိန်း ၆ သောင်းခန့် အကုန်အကျခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ဆောက်လုပ်ခြင်းနှင့် ပြန်လည်မွမ်းမံခြင်းတို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ က တာဝန်ယူ ဆောင်ရွက်မည် ဖြစ် သည်ဟု JICA က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)ကလည်း လက်ရှိတွင် ရေယိုစိမ့်မှုများကို စနစ် တကျ စီမံခန့်ခွဲနိုင်ခြင်း မရှိသေးကြောင်း၊ ရှည်လျားသော ရေပိုက်လိုင်းများကြောင့် ရေပိုက်များ ပျက်စီးမှု လွယ်ကူခြင်း၊ ဟောင်းနွမ်း နေသော ရေမီတာစက်များကြောင့် ရေမီတာဖိုး တိကျစွာ ကောက်ခံနိုင်ခြင်း မရှိခြင်း စသည့် အားနည်းချက်များ ရှိနေကြောင်း၊ စီမံကိန်း ပြီးစီးသွားပါက ယင်းအားနည်းချက်များကို ကျော်လွန်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဧရာဝတီသို့ ပြောသည်။
ယင်းရှေ့ပြေးစီမံကိန်းသည် JICA မှ မြန်မာနိုင်ငံသို့ အတိုးနှုန်းနည်းနည်းဖြင့် ချေးငွေ ချထားပေးသော အစီအစဉ်(ODA) ချေးငွေ (JICA’s Official Development Assistance) ၏ စီမံကိန်းတခုဖြစ်ပြီး ပြီးစီးသွားပါက ရန်ကုန်မြို့ ဒဂုံမြို့သစ်များအတွက် ဆက်လက် ဆောင်ရွက် ပေးသွားမည် ဖြစ်သည်ဟု မစ္စတာ မာစာရု မတ်ဆုအိုကားက ပြောသည်။
“ရန်ကုန်မြို့ ရေပေးဝေမှုစနစ် တိုးမြှင့်ဆောင်ရွက်ရေး စီမံကိန်း” တခုလုံးသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာ လအထိ ၈၇ လ ကြာမြင့်မည် ဖြစ်ပြီး ကုန်ကျငွေအားဖြင့် အမေရိကန်ဒေါ်လာ သိန်း ၂၆၀၀ ကျော် (ODA ချေးငွေပမာဏ အမေရိကန်ဒေါ်လာ သိန်း ၂၀၀၀ ခန့်) ရှိသည်ဟု JICA မှ သိရှိရသည်။
၎င်းစီမံကိန်းတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီ၊ ရေဖြန့်ဝေမှုဆိုင်ရာ ပစ္စည်းများနှင့် ငွေကြေးအကူအညီများ သာမက၊ ရေသန့်စင် မှုဆိုင်ရာ စက်ပစ္စည်းများနှင့် ပြည်သူလူထုအတွက် ပိုမို အကျိုးသက်ရောက်စေမည့် စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များကိုပါ ကူညီပေးသွားမည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများအတွက် ဂျပန်အစိုးရက မြန်မာနိုင်ငံကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ချေးငွေပေးရန် သဘောတူထားခဲ့သည်ဟုလည်း JICA မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲက ပြောဆိုသည်။