အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့ကို ချီတက်လာသော သပိတ်မှောက် ကျောင်းသားများကို သပိတ်မှောက်မှု ရပ်တန့်ရန် မန္တလေးတိုင်း နယ်စပ်ရေးရာနှင့်လုံခြုံရေး (နယ်/လုံ) ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ယနေ့နံနက်ပိုင်းတွင် လာရောက် တားမြစ်ကြောင်း သိရသည်။
သပိတ်မှောက်ကျောင်းသားများသည် ယနေ့တွင် ကျောက်ဆည်မြို့မှ မြစ်သားမြို့အထိ ချီတက်လာရာ ကျောက်ဆည်မြို့မှ မထွက်မီ မန္တလေးတိုင်း နယ်/လုံဝန်ကြီးက သပိတ်မှောက် ကျောင်းသားများကို သပိတ်မှောက်မှု မပြုလုပ်ရန် လာရောက်ဟန့်တားခြင်း ဖြစ်ကြောင်း ကျောင်းသား ကိုရဲဇာနည်ထွန်းက ပြောသည်။
“ကျနော်တို့ကို ဆူပူမှုဖြစ်အောင် လုပ်ဆောင်တယ်။ ဒီကိစ္စဟာ ပုဒ်မ ၁၈ နဲ့ ငြိစွန်းတယ်ဆိုပြီး ပြောတယ်။ နောက်ပြီး ဆက်မလုပ် ဖို့ တားတယ်။ ကျနော်တို့ကလည်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ တင်စရာ မလိုဘူး။ အဲဒါကိုလည်း အယုံအကြည်မရှိဘူး။ ဖမ်းမယ်ဆိုရင် အချိန်မရွေးဖမ်းပါ။ ကျနော်တို့ကတော့ ဆက်ချီတက်မှာပဲလို့ ပြောခဲ့ပါတယ်” ဟု ကိုရဲဇာနည်ထွန်းက ဆိုသည်။
နယ်/ လုံ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားသည့် သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာကြောင့် ဖြစ်ပေါ်လာမည့် အမျိုးသားပညာရေးဥပဒေ အပြာင်းအလဲ အကျိုးဆက်များကို စောင့်ကြည့် စေလိုသည်ဟု ကျောင်းသားများကို ပြောဆိုသော်လည်း သပိတ်မှောက် ကျောင်းသားများက နယ်/လုံဝန်ကြီး ပြောဆို ချက်ကို လက်သင့်မခံဟု ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ကြသည်ဟု သိရှိရသည်။
“ကျမတို့ တောင်းဆိုထားတာက လေးပွင့်ဆိုင်တွေ့ဆုံပြီးမှ ဘယ်အချက်တွေကို ပြင်ဆင်သင့်တယ်ဆိုတာကို အဖြေရှာ သွားဖို့ တောင်းဆိုထားတာပါ။ အဲဒီလိုမှ မဟုတ်ဘဲ အာမခံချက် တစုံတရာမှ မရှိတဲ့ ဘယ်လိုက်လျော ချက်တွေကိုမှ လက်ခံ သွားဖို့ မရှိပါဘူး။ ကျမတို့ တောင်းဆိုတာတွေ မရမချင်းကတော့ ဒီကျောင်းသားသပိတ်ကို ရပ်တန့်မှာ မဟုတ် ပါဘူး” ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်က ဆိုသည်။
ကျောက်ဆည်မြို့မှ ချီတက်ခဲ့ကြသည့် သပိတ်မှောက်ကျောင်းသားများသည် ကျောက်ဆည် နည်းပညာ တက္ကသိုလ်နှင့် ကျောက်ဆည် တက္ကသိုလ်များသို့ သွားရောက်ပြီး စည်းရုံး လှုပ်ရှားမှုများ လုပ်ဆောင်ကြကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့မှ စ၍ ၂ ရက်တာ ချီတက်ခဲ့ကြသည့် သပိတ်မှောက် ကျောင်းသားများသည် မန္တလေးမှ တဆင့် ပုလိပ်၊ စဉ့်ကိုင် စသည့် မြို့ငယ်များသို့ ဖြတ်သန်းခဲ့ပြီး ယမန်နေ့ညပိုင်းက သပိတ်စခန်းကို ကျောက်ဆည်မြို့တွင် ခေတ္တ ရပ်နားခဲ့သည်။ ကျောင်းသားများ တည်းခိုမည့် ကျောက်ဆည်မြို့ရှိ ဆင်ဖြူတော်ဝပ် ဘုန်းကြီးကျောင်းကို သပိတ်မှောက် ကျောင်းသားများကို တည်းခိုခွင့် မပြုရန် အာဏာပိုင်များက လာရောက်တားမြစ်ခဲ့၍ ဒေသခံတဦး၏ နေအိမ်တွင် ကျောင်းသားများ ညအိပ်ရပ်နားခဲ့ရသည်။