ဘိုးစဉ်ဘောင်ဆက် ဗုဒ္ဓဘာသာ ကိုးကွယ်လာခဲ့သည့် မိသားစု တခုတွင် လူဖြစ်ခွင့် ရရှိခဲ့သော ကျမသည် အလိုလျှောက် မိရိုးဖလာ ဗုဒ္ဓဘာသာ ဝင်တယောက် ဖြစ်လာခဲ့သည်။
နယ်တွင်မွေးကာ နယ်တွင် ကြီးပြင်းခဲ့သည့် ကျမသည် လူကြီးမိဘများနှင့် အတူနေရချိန်က ပိုများသည်။ ထို့ကြောင့် လူကြီးမိဘများ၏ ဘာသာရေး အဆုံးအမများကြားတွင် လူဖြစ်လာခဲ့သည်။ ဝါတွင်းကာလ ဥပုဒ်နေ့များတွင် ဖြစ်စေ၊ ဝါပကာလ လပြည့်လကွယ် ဥပုဒ်နေ့များ၌ ဖြစ်စေ လူကြီးမိဘများနှင့်အတူ ဘုန်းတော်ကြီးကျောင်းသို့ သွားရသည်။ ဥပုဒ်သီလ ဆောက်တည်ရသည်။
ကျမတို့ နယ်မြို့ကလေးတွင် တန်ခိုးသြဇာ ကြီးမားသည့် ဆရာတော်ကြီးများ၏ တရားပွဲများတွင် ဓမ္မဒေသနာတော်များကို နာကြားရခြင်းသည် ရတောင့်ရခဲ့ အခွင့်အရေး ဖြစ်သည်။ ပါဠိဘာသာစကားများဖြင့် ဟောပြောသည့် တရားများကို နားမလည်သော်လည်း လူကြီးသူမများနှင့် ထိုတရားပွဲများသို့ သွားသည်။ တရားစခန်းဖွင့်လျှင် ကျမ တရားစခန်းဝင်သည်။
ဘာသာတရား၏ အနှစ်သာရကို ကိုယ်တိုင်ကျေကျညက်ညက် နားလည်အောင် လေ့လာပြီး ကိုးကွယ်ရခြင်း မဟုတ်သော်လည်း မိရိုးဖလာ ဗုဒ္ဓဘာသာဝင် ကျမသည် အသက်အရွယ်နှင့် သိနားလည်သလောက် ဘာသာတရားကို ရိုသေကိုင်းရှိုင်းခဲ့သည်။
ဖန်ရည်ဆိုးထားသည့် သင်္ကန်းတော်များကို ဆင်မြန်းထားသည့် ဗုဒ္ဓ၏ သားတော်များအား ကျမတို့၏ မွန်မြတ်လှသော စားဦးစားဖွယ်များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဘုန်းတော်ကြီးများသည် အိမ်ဦးခန်းတွင် ထိုင်ကြရသည်။ မာတုကာမ ဟုခေါ်သည့် ကျမတို့ မိန်းကလေးများသည် ထိုဘုန်းတော်ကြီးများနှင့် ကြမ်းတပြေးတည်း မထိုင်ရ။
လေသင့်ရာအရပ်တွင် မထိုင်ရ။ လမ်းမပေါ်တွင် ဆွမ်းခံကြွနေသည့် သံဃာတော်များကို တွေ့ရလျှင် ဖိနပ်ကလေးချွတ်၊ လမ်းဘေးသို့ ကပ်ခါ၊ သံဃာတော်များ၏ အရိပ်ကို မနင်းမိစေရန် ရှောင်ကျဉ်ရသည်။ ကိုယ်က စက်ဘီးပေါ်မှ ဖြစ်နေလျှင် စက်ဘီးကိုရပ်ကာ မြေကြီးသို့ ဆင်း၍ ဂါရဝတရား ထားခဲ့သည်။
သံဃာတော်များက ဆိုဆုံးမလျှင် မျက်နှာငုံ့ကာ နာခံခဲ့ရသည်။ သံဃာတော်များသည် ကိုးကွယ် ဆည်းကပ်ရာ သာမက လမ်းမှန်ရောက်အောင် ဆိုဆုံးမတတ်သော ဆရာသမားများအဖြစ် ချစ်ကြောက်ရိုသေခဲ့သည်။
စဉ်းစားတတ်သည့် အရွယ်ရောက်လာသည့်အခါ ဘုန်းတော်ကြီးများသည် လောကီရေးရာ တာဝန်ဝတ္တရားများနှင့် သံသရာလည်နေရသည့် ကျမတို့လို သာမာန်လူသားများအတွက် ဘုရားရှင်၏ ကိုယ်စားလှယ်များဖြစ်သည်ဟု တွေးမိသည်။
ကျမတို့ မလုပ်နိုင်သည့် ဆံကို ပယ်ခြင်း၊ မွန်းလွှဲညစာ မသုံးဆောင်ခြင်း၊ အပွင့်အခက် အပျောက်အမွန်းများ မပါသည့် ဖန်ရည်ဆိုး သင်္ကန်းများကိုသာ ဆင်မြန်းခြင်း စသည့် ရောင့်ရဲခြင်း တရားများအပြင် လူအများ မလုပ်နိုင်သည့် ကျင့်ဝတ် သိက္ခာပုဒ်များကို လက်ကိုင်ထားကြသူများဖြစ်၍ ကျမတို့က ကိုးကွယ်ဆည်းကပ်ကြသည်။ အိမ်တွင် စားစရာ မရှိလျှင် နေပါစေ၊ ဘုန်းကြီးကျောင်းသို့ လှူကြမည်ဆိုသည့် စိတ်ဓာတ်ကို မွေးမြူနိုင်ကြသည်။
ကျမတို့သည် ကျမတို့ထက် မြင့်မြတ်သည်ဟု ယုံကြည်၍ သံဃာတော်များကို လေးစားစွာ ကိုးကွယ် ဆည်းကပ်ခြင်းပင်။ မြတ်စွာဘုရားရှင်၏ ဘာသာ၊ သာသနာကို အရှည်တည်တံ့နိုင်စေရန် ဦးဆောင်ဦးရွက်ပြုကာ တာဝန်ထမ်းဆောင်နေသူများဖြစ်၍ ယုံကြည်ကိုးစားကြခြင်းဖြစ်သည်။ သင်္ကန်းမြင်လျှင် အလိုလို ခေါင်းငုံ့ဝပ်ကျိုးပြီးသား ဖြစ်သည်။
သို့သော် ကျမသည် ရန်ကုန်မြို့ကို ရောက်ခါစ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကပင် စတင်၍ သင်္ကန်းခြုံထားသည့် ဘုန်းကြီးအချို့ကြောင့် နယ်တွင်ကြီးပြင်းခဲ့စဉ်က ဘုန်းတော်ကြီးများအား ရိုသေကိုင်းရှိုင်းမှု ဒီဂရီသည် အနည်းငယ် လျှော့ကျသွားခဲ့သည်ဟု ဝန်ခံရပေမည်။
ရန်ကုန်သို့ ရောက်လျှင် သင်္ကန်းဝတ်တို့၏ မတင့်တယ်သော မြင်ကွင်းများကို ရွှေတိဂုံစေတီတွင် စတင်မြင်တွေ့ ခဲ့ရသည်။ ကျမ တသက်တာလုံး ရိုသေကိုင်းရှိုင်း ခဲ့ရသည့် သင်္ကန်းဆင်မြန်းသော သံဃာတော်နှင့် အမျိုးသမီးတဦး တို့သည် အလွန်နီးကပ်စွာ ဘေးချင်းကပ် ထိုင်နေသည့် မြင်ကွင်းသည် ကျမအတွက် လွန်စွာ ထူးဆန်းလှသည်။ အလားတူ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ကားမှတ်တိုင်တွင် ဘုန်းကြီးနှင့် မိန်းမ ဘေးချင်းကပ်ထိုင်ကာ လူငယ်စုံတွဲများလို စကားတွတ်ထိုးနေသည့် မြင်ကွင်းသည် ကျမအတွက် စိတ်ပျက်စရာ ဖြစ်သလို ဘေးပတ်ဝန်းကျင်ကလည်း ထိုအမြင်မတင့်တယ်သော လုပ်ရပ်ကို တခွန်းတပါဒမျှ ဝင်ရောက်ဟန့်တားခြင်း၊ သတိပေးခြင်း မပြုသည်ကို ပို၍ စိတ်ထိခိုက်မိသည်။ ကျမအနေနှင့်လည်း ပြောရဲသည့် သတ္တိမရှိ။
ကျမတို့ နယ်မှာဆိုလျှင် ထိုသို့ လူမြင်မတင့်တယ်သော အလုပ်ကို လုပ်ပါက ထိုဘုန်းကြီးလည်း လူထွက်ရမည်။ ထိုအမျိုးသမီးလည်း လူတို့၏ ကဲ့ရဲ့ သင်္ဂြ ိုဟ်ခြင်းကို ခံရမည်။ သို့သော် ရန်ကုန်တွင် ထိုသို့မဟုတ်။ ထိုအကြောင်းကို ရန်ကုန်သား မိတ်ဆွေတယောက်ကို ပြန်ပြောပြတော့ သူက ပြန်ပြောသည်။ “ရန်ကင်းက မိုးကောင်းဘုရားဝင်းထဲမှာဆို အဲလိုတွေအများကြီးပဲ” ဆိုသည့် သူ့စကားကြောင့် ရဟန်းနှင့် မိန်းမ ကြမ်းတပြေးတည်း မထိုင်အပ် ဆိုသော အသိတရားသာ ရှိခဲ့သည့် ကျမသည် ပါးစပ်အဟောင်းသား ဖြစ်ရသည်။
ထပ်၍ ကြုံရသည်က သမ္မတရုပ်ရှင်ရုံ အနီးရှိ ခုံးကျော်တံတားပေါ်မှ ဖိနပ်ပြတ်နေသော ဘုန်းကြီးနှစ်ပါး ဖြစ်သည်။ သူတို့အပါးမှ ဖြစ်သွားသည့် ကျမကို ဖိနပ်ဖိုး အလှူခံသည်။ ပထမဆုံးအကြိမ်ဖြစ်ရာ ကျမ ငွေအနည်းငယ် လှူဒါန်းခဲ့သည်။ ဖိနပ်တရံစာတော့ မရှိ။ ထို ဘုန်းကြီးများသည် ကျမ၏ နောက်မှ လမ်းသွားလမ်းလာလူများကိုလည်း ဖိနပ်ဖိုး အလှူခံသည်ကို ပြန်ကြည့်၍ မြင်ရသည်။
နောက်နေ့တွင် ထိုဘုန်းကြီးများကို ထိုနေရာ၌ပင် ထပ်၍ တွေ့ပြန်သည်။ သည်တကြိမ်တွင် ဆွမ်းဖိုး အလှူခံသည်။ ကျမက လှူရန် ငွေမပါကြောင်း ပြန်ပြောရာ သာမာန်လူ တယောက်ထက်ပင် ညစ်ညမ်းသော စကားလုံးဖြင့် ဆဲဆိုသည်။ ကွမ်းချိုးများ ကပ်နေသည့် သွားများနှင့် လက်မောင်းတခုလုံးတွင် ဆေးမင်ကြောင် ထိုးထားသော ထိုဘုန်းကြီးများကို ကျမ ကြောက်လန့်ခဲ့ရသည့် ထိုအချိန်ကို ယနေ့တိုင် မှတ်မိနေဆဲဖြစ်သည်။ ရန်ကုန်မြို့၏ လူစည်ကားရာ အရပ်များတွင် ထိုသို့သော ဖိနပ်ပြတ်နေသည့် ဘုန်းကြီးများ၊ ဆွမ်းမစားရသေးသည့် ဘုန်းကြီးများကို မြင်တိုင်း ကျမ ဝေးဝေးမှ ရှောင်ကွင်း၍ သွားမိသည်အထိ ဖြစ်ခဲ့သည်။
နောက်အတွေ့အကြုံတခုမှာ လူနေတိုက်ခန်းများပေါ်သို့ တက်ချည်ဆင်းချည်ပြုကာ တခန်းချင်းစီ တံခါးခေါက်လျှက် ဝါဆိုသင်္ကန်းအတွက်ဟုဆိုကာ အလှူခံသည့် ဘုန်းကြီးများကြောင့် ဝါတွင်းကာလတိုင်း စိတ်ပျက်ရခြင်းဖြစ်သည်။ သံဃာတော်တို့မည်သည် ထိုသို့ တအိမ်တက်ဆင်း အလှူလိုက်ခံပိုင်ခွင့်ရှိပါ၏လော။
ရန်ကုန်တွင် မြင်တွေ့ရသည့် ဘုန်းကြီးများသည် သာမာန်လူများကဲ့သို့ပင် ဆေးလိပ်သောက်၍ ကွမ်းစားကာ လက်ဖက်ရည်ဆိုင်တွင် အချိန်ကြာမြင့်စွာ ထိုင်ကြသည်။ တီဗီ၊ ရေခဲသေတ္တာ၊ အဲယားကွန်း စသည့် ဇိမ်ခံပစ္စည်းများကို သုံးကြသည်။
လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ထိုသို့သော မြင်ကွင်းများသည် ယနေ့တိုင် ရန်ကုန်မြို့တွင် မြင်နေတွေ့နေ ရဆဲဖြစ်ရာ ထိုဘုန်းကြီးများသည်လည်း ပထမ ဘုန်းကြီးတွေလိုပင် တားမြစ်မည့်သူ မရှိကြောင်း ပေါ်လွင်နေသည်။ ကျမငယ်စဉ်က တလျှောက်လုံး အထွဋ်အမြတ်ထားရာ မြတ်သောသင်္ကန်းသည် နေရာမှား၍ ရောက်နေသည့် အဝတ်အထည် တစုံသာဖြစ်ကြောင်း ထိုအဖြစ်အပျက်များက ပေးသည့် သင်ခန်းစာအရ သိခဲ့ရသည်။
ထို့ပြင် ကျမသည် အလုပ်ကိစ္စဖြင့် ချင်းပြည်နယ်သို့ ခေတ္တခဏ ရောက်ခဲ့ဖူးစဉ်က ကြားသိခဲ့ရသည့် အတွေ့အကြုံ တခုကိုလည်း ချန်ထား၍ မရပေ။ ချင်းပြည်နယ်သည် ခရစ်ယာန် ဘာသာကို ကိုးကွယ်ယုံကြည်သည့် တိုင်းရင်းသား အများစု နေထိုင်သည့် ပြည်နယ်တခု ဖြစ်သည်။ ကျမကဲ့သို့ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သူမှာ လူနည်းစုဖြစ်သည်။
ချင်းပြည်နယ်တွင် မြေပြန့်မှလာ၍ မူလတန်းပြ အဖြစ် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာမလေး တဦးနှင့် ခင်မင်ခွင့်ရသည်။ ခရစ်ယာန်ဘာသာဝင် မိတ်ဆွေများ၊ ဗုဒ္ဓဘာသာဝင် မိတ်ဆွေများနှင့်လည်း ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အကြောင်းအရာများကို မေးမြန်းပြောဆိုခွင့် ရခဲ့သည်။
ထို့နောက် စကားစပ်ကာ ဘာသာရေး အကြောင်းကို ရောက်သွားသည်။ ထိုဆရာမလေး တာဝန်ကျခဲ့သည့် ရွာသည် မြို့ပေါ်မှ ၇ မိုင်ခန့် လမ်းလျှောက်၍ သွားရသည့် တောင်ပေါ်ရွာလေးတခု ဖြစ်သည်။ ထိုရွာတွင် ကျောင်းထိုင်သည့် ဝိနည်းသိက္ခာပုဒ်နှင့် မညီသော တောင်တန်းသာသနာပြု ရဟန်းပျိုတပါး အကြောင်းကို ပြောပြသည်။ ငါးပါးသီလကိုပင် အပြည့်အဝ စောင့်စည်းလိုက်နာနိုင်ခြင်းမရှိသည့် ထိုရဟန်းအား ရွာသူရွာသားများက ထိုဒေသတွင် သြဇာရှိသည့် ထေရ်ကြီးဝါကြီး သံဃာတော်များအား တိုင်ကြားစာ အကြိမ်ကြိမ်ပို့သော်လည်း ထိရောက်စွာ ဖြေရှင်းမပေးနိုင်ခြင်းကြောင့် ဘာသာခြားများ အကြားတွင် မျက်နှာငယ်စရာ ဖြစ်နေကြောင်း ပြောပြသည်။
“ဝိနည်းသိက္ခာပုဒ်နဲ့ ညီတဲ့ တောင်တန်းဒေသ သာသနာပြု ဘုန်းဘုန်းတွေ အများကြီး ရှိတယ်။ အဲလိုပဲ သင်္ကန်း ဝတ်ထားပြီး လူလိုနေတဲ့ ဘုန်းကြီးတွေကြောင့် ဒီက လူတွေက တောင်တန်းသာသနာဖျက်တွေလို့ ခေါ်တဲ့ အခြေအနေ ဖြစ်နေတယ်။ တာဝန်ရှိတဲ့ လူကြီးတွေက ဒီကိစ္စတွေကို သေသေချာချာ စိစစ်သင့်တယ်”ဟု ထိုဆရာမလေးက ပြောသည်။
အလားတူ ကိုယ်တွေ့ကြုံခဲ့ရသည့် ကျောင်းဆရာကြီး တဦးကလည်း ရင်ဖွင့်ပြန်သည်။ ထိုကျောင်းဆရာကြီး၏ ဆွေမျိုးသားချင်းများသည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်သည်။ သူ့မိဘများသည် နတ်ကိုးကွယ်ကြသည်။ သူတို့မိသားစုကတော့ ဗုဒ္ဓဘာသာ ကိုးကွယ်ကြသည်။
“ကျနော်တို့ ကိုးကွယ်တဲ့ ဦးဇင်းက ရန်ကုန်က လာတာ။ အိမ်မှာ အမြဲပင့်ပြီး ဆွမ်းကျွေးတယ်။ မိသားစုနဲ့လည်း ခင်နေတယ်။ တနေ့ကျတော့ ကျနော့်အိမ်က တူမနဲ့ အဲဒီဘုန်းကြီး ပက်ပင်းတိုးတယ်။ ကျနော်ဒေါသထွက်တာ တဆတ်ဆတ်တုန်တယ်။ သင်္ကန်းဝတ်ကြီးနဲ့ ဒီလိုမလုပ်ဖို့၊ အိမ်ထောင်ပြုချင်ရင် လူဝတ်လဲဖို့ ကျနော်ပြောတယ်။ နောက်တပတ်ကျတော့ အဲဒီဘုန်းကြီး ကျနော်တို့ရွာက ထွက်ပြေးသွားတယ်။ အဲဒီဘုန်းကြီးပြန်လာရင် ဓားနဲ့ခုတ်မယ်လို့ ကျနော် ကျိန်းထားတယ်”ဟု သူက ပြောပြသည်။
အခြားသော ဘာသာဝင်များအကြား ထိုသို့သော ကျင့်ဝတ်နှင့်မညီသည့် တောင်တန်း သာသနာပြုများကြောင့် ဗုဒ္ဓဘာသာ သိက္ခာကျဆင်းစေကြောင်း၊ ကျင့်ဝတ်သိက္ခာနှင့် ကျင့်ကြံနေထိုင်သည့် ဘုန်းတော်ကြီးများအား လူအကြည်အညို ပျက်စေကြောင်း သူက စိတ်တိုလာသည့် အမူအယာဖြင့် ဆက်ပြောပြသည်။
ထို့အတူ သူတို့ဒေသကို လာရောက်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်သည့် NGO တခုမှ မိတ်ဆွေတဦး၏ အကူအညီဖြင့် ကာယကံရှင်များကို အင်တာဗျူးလုပ်ထားသည့် အသံဖိုင်များကို CD ခွေဖြင့် ထည့်ထားသည်ကို ထုတ်ပြသည်။
“ဒီက ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေ၊ မိဘမဲ့ကလေးတွေကို ပညာသင်ပေးမယ်ဆိုပြီး လာခေါ်သွားတဲ့ ဘုန်းကြီးတွေ ရှိတယ်။ ဟိုရောက်တော့ ကလေးတွေက စာမသင်ရဘဲ တနေ့ကို ၃၀၀၀ ရအောင် အလှူခံရမယ်ဆိုပြီး ခိုင်းခံနေ ရတယ်။ ပြန်ရောက်လာတဲ့ ကလေးတွေက ပြန်ပြောပြလို့ မိဘတွေက ပြန်သိရတာ။ မိဘတွေက နောက်ကလည်း မလိုက်နိုင်ကြဘူး။ ဒါက ကာယကံရှင်တွေကို အင်တာဗျူး လုပ်ထားတဲ့ အသံဖိုင် မူရင်းခွေ။ အခုက ဘာသာရေး ပဋိပက္ခတွေ ဖြစ်နေတော့ ပိုဆိုးမှာစိုးလို့ ကျနော် ဒါကို မထုတ်သေးတာ။ NGO က အကိုကလည်း မီဒီယာတွေကို ထုတ်မပြသေးနဲ့လို့ မှာထားတယ် ”ဟု ထိုကျောင်းဆရာကြီးက ဆိုသည်။
ထိုစကားများကို ကြားရသော ကျမသည် ကိုယ့်နားကိုပင် ကိုယ်မယုံကြည်နိုင်လောက်အောင် ဖြစ်ရသည်။ ကြက်သေသေသည်ဆိုသည့် အဓိပ္ပါယ်ကို ထိုအချိန်တွင် ကျမ ပြည့်ပြည်ဝဝ နားလည်ခဲ့သည်။ ကျမတွင် ပြောစရာ စကားမရှိ။ သို့သော် တချိန်တွင် ထိုအကြောင်းကို ဖွင့်ချရမည်၊ ဘာသာ သာသနာကို ညှိုးနွမ်းစေသည့် ထိုသင်္ကန်းဝတ်များ အကြောင်းကို တနေ့တွင် စာပြန်ရေးကာ တိုက်ဖျက်ရမည်ဆိုသည့် အတွေးဖြင့် တေးထားခဲ့သည်။ စာဖြင့် ရေးမပြနိုင်သည့်တိုင် ဘာသာရေးတွင် သြဇာအာဏာရှိသည့် ထေရ်ကြီးဝါကြီး သံဃာတော်များထံသို့ စာဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ လျှောက်ထားရန် တာဝန်ရှိသည်ဟု ဗုဒ္ဓဘာသာဝင်တဦး ပီသစွာ စိတ်ပိုင်းဖြတ်ထားခဲ့သည်။
ထိုစဉ်က မြန်မာပြည်အတွင်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသဖြင့် ထိုအကြောင်းကို စာမရေးခဲ့။ အစမဖော်ခဲ့။ ရေငုံနှုတ်ပိတ် နေခဲ့သည်။ သို့သော် မိမိကိုယ်ကို လိပ်ပြာမလုံ။ အမှားလုပ်နေသည့်သူကို ထောက်မပြ၊ မဖယ်ရှားနိုင်သည့်တိုင် ကိုယ့်အတွက် အန္တရာယ်ဖြစ်မည်စိုး၍ ထိန်ချန်ထားရသည်ကို စိတ်မသန့်ခဲ့ပေ။ သာသနာညှိုးနွမ်းအောင် လုပ်ဆောင်နေသူများကို မြင်တွေ့ကြားသိရပါလျှက် မသိဟန်၊ မမြင်ဟန်ဆောင်၍ နှုတ်ပိတ်နေခြင်းသည် အပြစ်ကျူးလွန်နေသူများထက် ပို၍အပြစ်ရှိသည် မဟုတ်ပါလား။
ယခုရက်ပိုင်းတွင် မိတ်ဆွေ အပေါင်းအသင်းများထံမှ အများဆုံး ကြားရသည့် စကားလုံးမှာ “ဘုန်းကြီးမြင်တိုင်း မကြည်ညိုတော့ဘူး” ဆိုသည့် စကားလုံးဖြစ်သည်။ ငယ်စဉ်ကတည်းက လူကြီးသူမများ၏ ဆုံးမပဲ့ပြင်မှုကြောင့် ဘာသာတရားကို လေးစားသည့်၊ ငါးပါးသီလကို တတ်နိုင်သရွှေ့ ထိန်းသိမ်းခဲ့သည့် ကျမ၏ ခံစားချက်သည် ယခု ထိုမိတ်ဆွေများ၏ ခံစားချက်နှင့် တထပ်တည်း ဖြစ်နေသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွက်က ဗုဒ္ဓဘာသာဝင်များအတွက် အမှန်ကို လမ်းပြပေးရန် တာဝန်ရှိသည့်၊ သာမာန်လူများ မကျင့်ကြံနိုင်သည့် လောကုတ္တရာ အကျင့်မြတ်များကို ဘုရားဟော တရားတော်နှင့်အညီ နေထိုင်ကျင့်ကြံရန် တာဝန်ယူထားသည်ဟုဆိုသော ဘုန်းတော်ကြီးတပါးက ကမ္ဘာတဝှမ်းကပင် ကြားသိရလောက်အောင်ပင် ယုတ်မာရိုင်းစိုင်းသော စကားတို့ဖြင့် လူလယ်ခေါင်တွင် ဆဲရေးပြုခဲ့သည်။
ကျမတို့လို သာမာန်လူအဖို့ပင် ထိုမျှယုတ်မာရိုင်းစိုင်းသော စကားလုံးများဖြင့် ဆဲဆိုရန် လွယ်ကူသည့် ကိစ္စဟုတ်ရာ၊ ကျမတို့ ရိုသေလေးမြတ်သည့် သင်္ကန်းဝတ်တဦးက ထိုသို့ ပြုမူခြင်းအတွက် လွန်စွာရှက်မိသည်။ လွန်စွာ ဝမ်းနည်းမိသည်။
ပို၍ စိတ်မကောင်း ဖြစ်ရသည်မှာ ထိုသင်္ကန်းဝတ်အား “မှန်ပါသည်၊ ထောက်ခံပါသည်၊ အားပေးပါသည်”ဟု ဆိုနေသည့် လူဝတ်ကြောင်များ၏ မြှောက်ပင့်ပြောဆိုသည့် စကားများကို ကြားရခြင်းပင်ဖြစ်သည်။ သာသနာ့ဝန်ထမ်းများကို ဖျက်ဆီးသမှုပြုနေသည့် ထိုလူဝတ်ကြောင်များကို လွန်စွာအံ့သြ ရွံရှာမိလေသည်။
တဆက်တည်းတွင် ထိုသို့ သာသနာကို ညှိုနွမ်းစေသည့် လုပ်ရပ်အတွက် ဘုရားဟော တရားတော်နှင့်အညီ ကျင့်ကြံနေထိုင်သည့် ဆရာတော်၊ သံဃာတော်ကြီးများက ခေါ်ယူဆုံးမခြင်း၊ အရေးပေါ် သံဃာ့အစည်းအဝေး ခေါ်ယူကာ ထိုကိစ္စအတွက် ဆုံးဖြတ်ချက်များချခြင်းတို့ကို လုပ်ဆောင်ရန် မျှော်လင့်သည်။
သို့သော် ယနေ့မနက်တွင် မီဒီယာအသီးသီးတွင် ရေးသားဖော်ပြထားသည့် သတင်းတို့ကို ဖတ်မိခြင်းကြောင့် ကျမလွန်စွာ စိတ်ထိခိုက် နာကျင်မိသည်။ ကမ္ဘာသိအောင် အယုတ္တအနတ္တ ဆဲဆိုခဲ့သည့် ထိုသင်္ကန်းဝတ်အား “တိုင်ကြားမည့်သူ မရှိ၍ အရေးမယူနိုင်ကြောင်း” မဟာသံဃာ့နာယက အဖွဲ့က ဖြေကြားသည့် သတင်းဖြစ်သည်။
ကျမတို့ မြန်မာလူမျိုးများသည် မိမိတို့ မလုပ်နိုင်သော သာသနာ စည်ပင်ထွန်းကားရေး၊ သာသနာတော် သန့်ရှင်းရေးများကို လုပ်ဆောင်ရန် တာဝန်ယူထားသည့် ရဟန်းသံဃာတော်များကို စားဦးစားဖျား အမွန်အမြတ် ဆွမ်းခဲဘောစဉ် များကို လှူတန်းကြသည်။ အရိပ်ကိုပင် မနင်းမိအောင် ရှောင်ကျဉ်၍ ရိုသေကိုင်းရှိုင်းကြသည်။ ဘုရားဟော တရားတော်နှင့်အညီ စိတ်ချမ်းသာစွာ ကျင့်ကြံနေထိုင်ရန် လွန်စွာကြီးကျယ် ခမ်းနားသော၊ လွန်စွာခမ်းနား ထည်ဝါသော ကျောင်းသင်္ခန်းများကို လှူဒါန်းကြသည်။ ယုတ်စွအဆုံး လူတကိုယ်စာပင် မနည်းတိုးဝှေ့ကာ စီးနင်းနေရသော ဘတ်စ်ကားများပေါ်၌ပင်လျှင် သံဃာတော်များအတွက် သီးသန့်နေရာထိုင်ခင်းကို လှူတန်းကြ ပေသည်။
သို့သော် သင်္ကန်းဝတ်တဦး၏ ဝိနည်းသိက္ခာပုဒ်တို့ကို မထောက်ထား မငဲ့ကွက်ပဲ သာမာန်လူတို့ထက်ပင် သိမ်ဖျင်းသည့် ဆဲရေးသမှု ပြုခြင်းကို လူတို့ကလည်း ထောက်ခံကြသည်၊ အားကိုးအားထားရာ ထေရ်ကြီးဝါကြီး သံဃာတော်များကလည်း မသိကျိုးကျွံပြုနေလျှင် ကျမတို့ မည်သူ့ကို ဆက်၍ အားကိုးရမည်နည်း။ ကျမတို့ သာသနာတော်ညှိုးနွမ်းအောင် ပြုမှုနေသည့် ရဟန်းတု၊ ရဟန်းယောင်များကို မည်သူက သန့်ရှင်းပေးမည်နည်း။ ပစ္စည်းလေးပါး ဒါယိကာ၊ ဒါယိကာမများက တာဝန်ကျေပွန်ကြသော်လည်း၊ သာသနာ့ဝန်တာကို ထမ်းရွက်ရန် တာဝန်ယူထားသည့် ရဟန်းများဘက်က တာဝန်မကျေလျှင် ပရိနိမ္ဗာန်ပြုသွားပြီဖြစ်သည့် ဗုဒ္ဓမြတ်စွာဘုရားရှင်က သဘောကျလိမ့်မည်ဟု ကျမတော့ နည်းနည်းမှ မထင်ပေ။
မာတုကာမဟုခေါ်သည့် မိန်းမများနှင့် မတင့်တယ်သည့် အပြုမူများကို လုပ်ဆောင်နေသည့် သင်္ကန်းဝတ်များ၊ ရန်ကုန်မြို့၏ လူစည်ကားရာ အရပ်များတွင် တွေ့ရသည့် ဖိနပ်ပြတ် ကိုယ်တော်များ၊ ဆွမ်းမစားရသေးသည့် ကိုယ်တော်များ၊ တောင်တန်းသာသနာဖျက်ဟု နာမည်တပ်ခံနေရသော သင်္ကန်းဝတ်များသည် ကျမတို့ ဗုဒ္ဓဘာသာအတွက် ဆွမ်းဆန်ထဲတွင် ရောနေသည့် ကြွက်ချေးများသာ ဖြစ်သည်။ ကြွက်ချေးများလာမှာ စိုးပါသည်။ ယခင်က သံဃာတော်များနှင့် ဘာသာတရားကို ကြည်ညိုစိတ် ဒီဂရီ တဖြည်းဖြည်း ကျဆင်းလာရခြင်း တရားခံများဟု စွပ်စွဲရပေလိမ့်မည်။
ယခုဆိုလျှင် ဘုရား၏ သားတော်တပါးဆိုသူက ကမ္ဘာသိအောင် ရိုင်းစိုင်းစွာ ဆဲရေးပြုခဲ့သည့် ရက်မှာ လက်ချိုး ရေတွက်ရသည်။ ယခုချိန်အထိ ထိုပုဂ္ဂိုလ်၏ အမှားကို ထောက်ပြသည့် သံဃာတော်များ ပေါ်ထွက်မလာသေး။ ဘာသာ၊ သာသနာတော်ကို ညှိုးနွမ်းစေမည့်သူများ၏ ညောင်စေ့လောက်ရှိသော လုပ်ရပ်များမှသည် ညောင်ပင်ကြီးအထိ ကြီးထွားကာ ဝါးမြိုသွားသည့် အဆင့်အထိ မရောက်စေရန် ကာကွယ် စောင့်ထိန်းမည့် သာသနာ့ အာဇာနည်များ မကြာမီ အမြန်ဆုံး ပေါ်ထွက်လာမည်ဟု လှိုက်လှိုက်လှဲလှဲ ယုံကြည်မိသည်။ အမြန်ဆုံး ပေါ်ထွက်လာစေဖို့ လေးနက်စွာ ဆုတောင်းမိသည်။
ကျမတို့ မြန်မာနိုင်ငံသည် ဘာသာရေး ခေါင်းဆောင်များနှင့် ပတ်သက်လာလျှင် မှားမှားမှန်မှန် ဝေဖန်ထောက်ပြသံ ဆိတ်သုဉ်းနေသည့် တိုင်းပြည်ဖြစ်သည်။ ကျမတို့ ယုံကြည်ကိုးကွယ်သည့် ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ထိုသို့သော အခြေအနေကို ကျေနပ်နိုင်မည် ထင်ပါသလားဟု ကျမကိုယ်ကျမ မေးခွန်းထုတ်မိ၍ ဤစာကို ရေးမိခြင်း ဖြစ်လေသည်။