ဇန်နဝါရီ ၁၉ ရက်ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းက ကောင်းခါးကျေးရွာ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းဝင်းထဲမှာ စေတနာ့ ဝန်ထမ်း ကျောင်းဆရာမနှစ်ယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံလိုက်ရတဲ့ အဖြစ်အပျက်ဟာ “ငါ မရန်လုလာ၊ ငါ ခေါန်နန်ဆင်” လို့ ကြွေးကြော်ရမယ့် ကိစ္စဖြစ်ပါတယ်။
ပါရီမြို့က ချာလီဟဘ်ဒိုမဂ္ဂဇင်း အကြမ်းဖက်ခံရပြီးပြီးချင်း ပါရီမြို့သားတွေ လမ်းပေါ်ထွက်လာပြီး “ငါ ချာလီ”လို့ ဆန္ဒပြခဲ့သလို ကချင်နှစ်ခြင်းအသင်းတော် (KBC) ကိုယ်စားပြုပြီး ကောင်းခါးကျေးရွာက ကလေးသူငယ်တွေကို စေတနာ့ဝန်ထမ်း စာသင်ကြားနေသူ ဆရာမလေးတွေရဲ့ ရုပ်အလောင်း ပြန်သယ်ရာမှာလည်း လမ်းတလျှောက်မြို့တွေမှာ အမှုမှန်ဖော်ထုတ်ပေးဖို့ ဒေသခံ ထောင်ချီထွက်ပြီး ဆန္ဒပြခဲ့ကြတယ်။
ကချင်ဆရာမနှစ်ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်တဲ့ အမှုဟာ ၂၀၁၂ နှစ်ကုန်ပိုင်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူ တယောက်ကို လိုင်းကား တစီးပေါ်မှာ လူ ၆ ယောက်က အုပ်စုဖွဲ့ မုဒိန်းမှုကိုလည်း အမှတ်ရစရာပါ။
အိန္ဒိယ တနိုင်ငံလုံးက မြို့တွေမှာ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေး အတွက် အမျိုးသမီးတွေ ကိုယ်တိုင်က ဦးဆောင်ပြီး ဆန္ဒပြလာခဲ့ကြတယ်။ အစိုးရက အပြစ်ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ကတိပြုခဲ့ရတယ်။ အပြောင်းအလဲကို ဦးဆောင်ရမယ့်၊ ဦးဆောင်သင့်တဲ့ နိုင်ငံရေးသမားတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ရဲတွေ၊ တရားသူကြီးတွေက အပြောင်းအလဲကို ငြင်းဆန်တဲ့အခါ ပြည်သူတွေ ကိုယ်တိုင်က အပြောင်းအလဲကို ဦးဆောင်ရတယ်ဆိုတာကို အိန္ဒိယက နမူနာ ပြခဲ့ပါတယ်။
ကချင်ဆရာမလေးတွေကိစ္စမှာ ဘယ်သူက မုဒိန်းကျင့်သလဲလို့ ငြင်းခုံမနေဘဲ ဥပဒေစိုးမိုးရေးဝန်ထမ်းတွေ ဘယ်လောက် ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာရှိရှိ တာဝန်ကို ထမ်းရွက်ကြသလဲဆိုတာ အဆက်မပြတ် စောင့်ကြည့်မေးခွန်းထုတ်ဖို့ လိုသလို မုဒိန်းမှုတွေ ကျယ်ပြန့်လာနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဘာမှားနေလဲလို့ ကိုယ့်လိပ်ပြာကိုယ် မေးခွန်းထုတ်ပြီး ပြန်သုံးသပ်ဖို့လည်း လိုနေပါတယ်။ အကြီးအကျယ်မှားယွင်းနေတဲ့ ပြဿနာ ရှိနေတာကို သတိထားမိပါတယ်။
ဒီနေရာမှာ အဓိက ဆွေးနွေးချင်တာက နိုင်ငံရေး ကိစ္စ၊ လူမျိုးရေးကိစ္စ၊ ဘာသာရေး ကိစ္စမဟုတ်ပါဘူး။ လူမှုကျင့်ဝတ်အပိုင်း၊ တန်ဖိုးထားမှုအပိုင်းမှာ မြန်မာ့လူ့အဖွဲ့အစည်းဟာ အမျိုးသမီးတွေကို တန်ဖိုးမထား၊ စော်ကားအနိုင်ကျင့်တာကို ထမင်းစားရေသောက်၊ လုပ်ရိုးလုပ်စဉ်လို သဘောထား နေသလား လတ်တလော သတင်းတွေက စဉ်းစားစရာ ဖြစ်လာနေစေပါတယ်။
ကချင်ဆရာမလေးတွေရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်နဲ့ တပြိုင်တည်းလောက်မှာ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင် နမ္မတူမြို့နယ်မှာ တပ်မတော်သားတဦးက အသက် ၃၀ အရွယ်ရှိ ရွာသူတယောက်ကို အဓမ္မပြုကျင့်ဖို့ ကြိုးစားပုံရတဲ့ အဖြစ်အပျက်တခု ဖြစ်ခဲ့တယ်။ တပ်မ ၇၇ က ရဲဘော်တယောက်က မိန်းကလေး တယောက်တည်း အိမ်မှာရှိတုန်း အိမ်ပေါ်တက်လာပြီး လုံးထွေးထိုးကြိတ်ခဲ့တယ်။ အမျိုးသမီးက မရုန်းနိုင်တော့ဘဲ ထိုင်ခုံကြားထဲရောက်သွားတဲ့ အချိန်မှာ တရွာတည်းနေ လူနှစ်ယောက် ရောက်လာလို့ အနိုင်ကျင့်နေတဲ့ တပ်သား ထွက်ပြေးသွားတယ်။ နောက်တော့ တပ်မ ၇၇ က တပ်သားကို ပြန်ဖမ်းပြီး အရာရှိတွေက ကိုယ်စားတောင်းပန်တယ်လို့ သိရတယ်။
ပြီးခဲ့တဲ့ ခရစ်စမတ်တုန်းကလည်း ရန်ကုန်မြို့အခြေစိုက် သရပါမဂ္ဂဇင်းရဲ့ ထုတ်ဝေသူနဲ့ သရုပ်ဆောင် မင်းအုပ်စိုးက သူ့ဂျာနယ်တိုက်ရဲ့ အယ်ဒီတာ ၃၃ နှစ် အရွယ် မနုနုယဉ် (ခ) တေးနုယဉ်ကို ထိုးကြိတ်တာ လက်လွန်ပြီး သေဆုံးသွားတယ်။
ကုလသမဂ္ဂက “Sexist” လိင်ခွဲခြားရေးဝါဒီလို့ သုံးနှုန်းပြီး ကန့်ကွက်ခံရတဲ့ကိစ္စမျိုးကို ဘာသာရေးပုဂ္ဂိုလ်တွေထိ ပါဝင်လာတဲ့ သာဓက တခုလည်း ပေါ်ပေါက်ခဲ့ပါတယ်။ မန္တလေးမစိုးရိမ်တိုက်က ဦးဝီရသူက ကုလသမဂ္ဂ အထူးသံတမန် တောင်ကိုရီးယားနိုင်ငံသူ ယန်ဟီးလီကို “ဖာသည်မ” လို့ ဆဲရေး တိုင်းထွာတဲ့ ဗီဒီယိုကို လူမှုကွန်ယက် မီဒီယာမှာ တွေ့ရတော့ တော်တော်များများ မယုံနိုင်အောင် ဖြစ်ကြပါတယ်။
သံဃာတပါးရဲ့ နှုတ်ကနေ ဒီလောက်အထိ ကြမ်းတမ်းတဲ့ အဆဲအဆိုတွေကို ကြားရတော့ အံ့သြကြပါတယ်။ ဒီထက်ဆိုးတာက ဒါကို ထောက်ခံနေတဲ့လူအုပ်ကြီးပါပဲ။ အမျိုးသမီးတယောက်ကို ရဟန်းတပါးက ဆဲဆိုတယ်။ ဒါကို လူအုပ်ကြီးက ထောက်ခံတယ်။ ဒီလို အခြေခံကျပြီး ရိုးရှင်းတဲ့ လူဆန်ဆန်အမြင်ကိုတောင် မတွေးနိုင်ဘဲ မောဟအမှောင်ဖုန်းနေတာ တကယ့်ပြဿနာကြီးပါပဲ။
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက ဒီလို အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာမျိုးကို လက်မခံပါဘူး။ တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်းက သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓအဆုံးအမမှာလည်း အမျိုးသမီးတွေကို အနိုင်ကျင့်တာကို တိုင်းပြည် ဆုတ်ယုတ်ပျက်စီးရခြင်း အကြောင်းတရပ်အဖြစ် သွန်သင်ပါတယ်။ အင်္ဂုတ္တိုရ် ပါဠိတော် တိကနိပါတ်ပလောကသုတ်မှာ “အဓမ္မရာဂ”ဟာ အမျိုးသမီးတွေကို အနိုင်မကျင့်ဖို့ အဆုံးအမဖြစ်ပါတယ်။ တိုင်းပြည်ပျက်စေတဲ့ တခြား အကြောင်းနှစ်ရပ်ကတော့ “ဝိသမလောဘ” “မိစ္ဆာဓမ္မ” တို့ ဖြစ်တယ်လို့ ဗုဒ္ဓက ဆုံးမခဲ့ပါတယ်။
“ ဤတရားသုံးပါး လောက၌ ပွားများသည် ရှိသော် လူတို့သည် တဦးကို တဦး နှိပ်စက်၊ ဖျက်ဆီး၊ တိုက်ခိုက်၊ လုယက်၊ … ထိုးခုတ်သတ်ဖြတ်သောကြောင့် … မြို့ရွာတို့သည် ပျက်စီးပြီးလျှင် တောဖြစ်ကုန်၏ …” လို့ ရာဇဓမ္မသင်္ဂဟကျမ်းမှာ လေ့လာမှတ်သားရပါတယ်။
မြန်မာ့ရိုးရာ ဒီမိုကရေစီ တရားလို့ ဆိုရမယ့် ဘုရားဟော အပရိဟာနိယ တရား (၇) ပါးမှာလည်း “အမျိုးသမီးအား မနှိပ်စက်ခြင်း” ဆိုတာ တချက်အနေနဲ့ ပါဝင်သလို၊ ပြည့်အင်္ဂါ ကိုးပါးမှာလည်း အမျိုးသမီးတွေကို “ပြည့်မျက်နှာ” အဖြစ် တင်စားထားပါတယ်။
ဒါကြောင့် မြန်မာ့လူ့အဖွဲ့အစည်းက တန်ဘိုးထားတဲ့ ဗုဒ္ဓဝါဒဟာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံ အနိုင်ကျင့်ဖို့ နေနေ သာသာ၊ ကာကွယ်ပေးတဲ့ တန်ဖိုးတဲ့ သဘောတရားတွေကို တွေ့နိိုင်ပါတယ်။ ဒီနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေအနေတွေဟာ မြန်မာတွေရဲ့ မူလတန်ဖိုးတွေ ပျက်စီးနေတဲ့ သဘောဖြစ်ပါတယ်။ ဒီလို ဖျက်ဆီးသူတွေထဲမှာ မရိုးဖြောင့်တဲ့ လူပုဂ္ဂိုလ်တွေသာမက၊ ဘာသာရေး ခေါင်းဆောင်တွေလည်း ပါဝင်လာတာဟာ တိုင်းပြည် ပျက်သုဉ်းဖို့ အကြောင်း ဖြစ်ပါတယ်။
တိုင်းပြည်ပျက်စေတဲ့ အကြောင်းသုံးပါးထဲက “အဓမ္မရာဂ” လို့ ခေါ်တဲ့ အမျိုးသမီးတွေကို အနိုင်ကျင့်တဲ့ ကိစ္စဖြစ်ဖြစ်၊ “ဝိသမလောဘ” လို့ ခေါ်တဲ့ သူတပါး ဥစ္စာကို အနိုင်ကျင့် သိမ်းပိုက်မှုဖြစ်ဖြစ်၊ “မိစ္ဆာဓမ္မ” လို့ ခေါ်တဲ့ မှားယွင်းတဲ့ လူ့ကျင်ဝတ်တွေ ကျင့်သုံးမှုဖြစ်ဖြစ် နောက်ဆုံး အရေးကြီးတာက အပြစ်ပေး အယူယူမှု ဖြစ်ပါတယ်။
ဒါကို ဗုဒ္ဓက ဟောကြားထားပြီးဖြစ်ပါတယ်။ “လောကပါလတရား” လို့ ခေါ်တဲ့ လောကကို စောင့်ရှောက်တဲ့ တရားနှစ်ရပ်မှာ ရှက်ခြင်း (ဟိရိ)၊ ကြောက်ခြင်း (သြတ္တပ္ပ) တို့မှာ ဟိရိက လူတယောက်ရဲ့ ပညာ၊ သီလနဲ့ ပိုဆိုင်ပြီး သြတ္တပ္ပက ဥပဒေအရ အပြစ်ဒဏ်ပေးခြင်းနဲ့ ဆိုင်ပါတယ်။ အပြစ်ဒဏ်ပေးတဲ့ နေရာမှာလည်း အဂတိလေးပါး (ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိ) တို့ ကင်းဖို့ လိုတယ်လို့ ဗုဒ္ဓက ဆုံးမလမ်းညွန်ခဲ့ပါတယ်။
မြန်မာပြည်မှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ အပြစ်ကျူးလွန်ပေမယ့် အရေးယူမခံရတဲ့ ဓလေ့ဟာ မကောင်းမှုကို လုပ်ရမှာကို မရှက်တဲ့ လူတွေနဲ့ မကောင်းမှု လုပ်လည်း အပြစ်ပေးမခံရမှန်း သိနေလို့ မကြောက်တဲ့ လူတန်းစားတရပ်ကို နေရာစုံမှာ မွေးထုတ်ပေးထားတယ်။ တိုင်းပြည်ဟာလည်း အရှက်အကြောက်ကင်းမဲ့တဲ့ နိုင်ငံတော် အဖြစ် ပြောင်းလဲသွားခဲ့တယ်။ မြန်မာ့လူ့အဖွဲ့အစည်းတခုလုံး ယဉ်ကျေးမှုတခုလုံး ပျက်စီးကိန်းဆိုက်ခဲ့ရတယ်။
ဒါကြောင့် ဒီနေ့ ဖြစ်နေတဲ့ ပြဿနာ အရပ်ရပ်ရဲ့ အဓိက အကြောင်းရင်းကို ရှာတဲ့အခါ အပြစ်ကျူးလွန်ပေမယ့် အရေးယူမခံရတဲ့ ဓလေ့ကို တွေ့ရပါတယ်။
အရင်ရက်တွေက ပြင်သစ်လူမျိုးတွေ တန်ဖိုးထားတဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့် တိုက်ခိုက်ခံရတဲ့အခါ ပြင်သစ်တပြည်လုံး အုံကြွခဲ့ကြတယ်။ မြန်မာပြည်မှာလည်း “ငါတို့ အားလုံး မရန်လုလာတွေ”၊ “ငါတို့ အားလုံး တန်ဘောင် ခေါန်နန်ဆင်တွေ”၊ “ ငါတို့အားလုံးဟာ ဒေါ်ခင်ဝင်းတွေ” ဖြစ်ဖို့ လိုပါတယ်။ ရှမ်းပြည်ကျေးလက်မှာ မိန်းကလေးတယောက် အကြမ်းဖက် ခံရတာဖြစ်ဖြစ်၊ မြန်မာပြည် အလယ်ပိုင်းမှာ လယ်သူမတယောက် သေနတ်ပစ်ခံရတာဖြစ်ဖြစ် အားလုံးနဲ့ ဆိုင်ပါတယ်။
အပြစ်ကျူးလွန်သူတွေကို အပြစ်ပေးဖို့ တပြည်လုံး ညီညီညွတ်ညွတ် တောင်းဆိုဖို့ လိုပါတယ်။ မတရားမှုတွေကို ပြည်သူတွေက မကန့်ကွက်ရင် တိုင်းပြည်ကို အရှက်အကြောက် ကင်းမဲ့တဲ့ နိုင်ငံတော်အဖြစ် တွန်းပို့ခဲ့တဲ့ အခွင့်ထူးခံတွေဟာ အပြောင်းအလဲကို ဆက်ပြီး ငြင်းဆန်နေပါလိမ့်မယ်။
(ညီစောလွင်သည် မြန်မာ့ရေးရာနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)