ဥရောပသမဂ္ဂ (EU)က မြန်မာနိုင်ငံသို့ အကူအညီအဖြစ် ယူရိုငွေ သန်း ၉၀၀ ကျော် ပေးသွားရန် စီစဉ်ထားကြောင်း EU ကုန်သွယ် ရေးနှင့် စီးပွားရေးဌာန အကြီးအကဲ Mr.Antonio Berenguer က ပြောသည်။
ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်၌ ဇန်နဝါရီ ၂၃ ရက်က ပြုလုပ်သော ကုန်သွယ်ရေး မူဝါဒပိုင်း ဆိုင်ရာများ ပြန်လည် သုံးသပ်ချက် ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
Mr.Antonio Bereguer က “EU က မြန်မာပြည်ကို ပံ့ပိုးဖို့ရာ ၁ ဘီလီယံအထိတော့ မဟုတ်ဘူး။ သန်း၉၀၀ ကျော်ပေါ့။ ဒါကလည်း တခါတည်းပေးမှာ မဟုတ်ဘူး။ နှစ် အပိုင်းအခြားလိုက် ပေးသွားမှာပါ။ ဒီငွေကို သုံးစွဲဖို့မှာ အဓိကက ပညာရေးနဲ့ ကျန်းမာရေးမှာ အဓိကဦးစားပေး သွားပါမယ်”ဟု ပြောသည်။
အဆိုပါ အကူအညီပေးမည့် ယူရိုသန်း ၉၀၀ ကျော်ကို ၂နှစ်နှင့် ၅နှစ်အတွင်း စီမံချက်အလိုက် ထုတ်သုံးသွားမည်ဖြစ်ကြောင်း သိရ သည်။
EU အနေဖြင့် လက်ရှိအချိန်တွင် ကုန်သွယ်ရေးဆိုင်ရာ ဘက်တွင် ယူရို ၁၀ သန်းခန့် ပံ့ပိုးပေးနေပြီး မြန်မာ ငြိမ်းချမ်းရေး စင်တာသို့လည်း ပံပိုးမှုများရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှု တာဝန်သိတတ်မှု(CSR) နှင့်ပတ်သက်သော ကိစ္စရပ်များတွင်လည်း ပံ့ပိုးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
လတ်တလောတွင် EU က စီမံချက်များဖြင့် ပံ့ပိုးသည့် အခြေအနေမရှိသေးသော်လည်း ငွေကြေးစတင်သုံးစွဲနေခြင်းနှင့် ပတ်သက်ပြီး Mr.Antonio Bereguer က“လောလောဆယ်တော့ ပိုက်ဆံက အဆင်သင့်ဖြစ်နေတယ်။ အခုလောလောဆယ်တော့ အစည်းအဝေးတွေ အများကြီးလုပ်နေတော့ ပိုက်ဆံတွေက စသုံးနေပြီပေါ့။ ဒါပေမယ့် လာမယ့်နှစ်တွေမှာတော့ စပြီး အကောင်အထည်ဖော်ပြီး စီမံချက်တွေမှာ သုံးဖို့ အဆင်သင့်ပါပဲ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး လုပ်နေသည်ဟုဆိုသော အချိန်မှ စ၍ နိုင်ငံတကာမှ အကူအညီများ အများအပြား ရရှိလာခဲ့ သည်။ သို့သော် ထိုအကူအညီများသည် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ်တွင် တကယ်အကျိုးရှိစေမည့် အကူအညီများဖြစ်ရန် လိုကြောင်း Myanmar Development Resource Institute (MDRI)မှ အကြီးတန်း သုတေသီ ဦးတင်မောင်သန်းက ပြောသည်။
၎င်းက “ဘယ်နေရာမှာ အကျိုးရှိမရှိဆိုတာ ဆုံးဖြတ်တာကတော့ မြန်မာအစိုးရပဲ ဖြစ်မှာပေါ့။ ပြင်ပကနေပြီးမှ ဘာလုပ်ပါလို့ ပြောတာ မျိုးကတော့ မဖြစ်သင့်ဘူး ထင်တယ်။ တတိယကမ္ဘာနိုင်ငံတွေမှာ များသောအားဖြင့် ကူညီငွေတွေကို အသုံးပြုသွားတာတွေက ကူညီ သူတွေအလိုကျ လုပ်သွားကြတာများတယ်။ အဲ့ဒါမျိုး မဖြစ်ဖို့ အရေးကြီးတယ်ပေါ့။ အဲ့ဒီလို မဖြစ်ဖို့ ဆိုရင် ကူညီကြတဲ့သူတွေကိုယ်တိုင်က ဒီမှာ ဖြစ်နေတဲ့ ပကတိအခြေအနေကို လက်ခံပြီးတော့ ဖြစ်တဲ့နေရာက စလုပ်လိုက်ရင် ကောင်းတယ်လို့ စလုပ်သင့် တယ်။ တခါတလေ သူတို့လာတာတွေက သိပ်မြင့်နေတတ်တယ်”ဟုလည်း ပြောဆိုသည်။
ထို့အပြင် ယနေ့အချိန်တွင် မြန်မာနိုင်ငံ အခြေအနေသည် ပညာရှင်များပြောကြားချက်နှင့် လက်တွေ့ဖြစ်နေသည့် အခြေအနေကြား တွင် ကွာဟမှုများစွာရှိနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ဦးတင်မောင်သန်းက “လောလောဆယ်မှာ ကြုံတွေနေရတာ အစိုးရ အုပ်ချုပ်ပုံ ပြုပြင်ပြောင်းလဲရေးမှာ ဆိုရင် အလှူရှင်နိုင်ငံတွေက ငှားထားတဲ့ ပညာရှင်တွေက မစ်ရှင်ကဘာလဲ။ ဘာလုပ်ချင်တာလဲလို့ ပြောကြတယ်။ အဲဒီတော့ အစိုးရတရပ် မော်ဒယ်လ် ဘယ်လို သွားတယ် ဆိုတာတောင် ဝေဝေဝါးဝါး ဖြစ်နေတဲ့အချိန်မှာ အဲ့ဒါတွေကို ပြောနေတာက အဓိပ္ပာယ်ကော ရှိရဲ့လားဆိုတဲ့ မေးခွန်း မေး ရ မလိုတောင် ဖြစ်နေပြီ။ သူတို့က အဲ့ဒါမရှိရင်လည်း အကူအညီမစချင်ပြန်ဘူး”ဟု ပြောဆိုသည်။