၂၁ ရာစုအတွင်း ဒီမိုကရေစီ လမ်းစဉ်သို့ ကူးပြောင်းလာသော နိုင်ငံများတွင် ပိုလန်နိုင်ငံသည် အောင်မြင်မှုအရှိဆုံး နိုင်ငံတနိုင်ငံ ဖြစ်သည်။
လူဦးရေ ၃၈ သန်းကျော် ရှိသည့် ပိုလန်နိုင်ငံသည် အားကောင်းသည့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတခု ဖြစ်သကဲ့သို့ မြောက် အတ္တလန်တိတ် မဟာမိတ် စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင် နိုင်ငံလည်း ဖြစ်သည်။
ဒီမိုကရေစီလမ်းစဉ် ကူးပြောင်းရေးကို လျှောက်လှမ်းနေဆဲ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် အောင်မြင်နေသည့် ပိုလန်နိုင်ငံမှ အတွေ့အကြုံများက အထောက်အကူ ဖြစ်နိုင်ပေသည်။
သို့သော် ပိုလန်နိုင်ငံသည်လည်း မြန်မာနိုင်ငံနှင့် အလားတူစွာ အိမ်နီးချင်း အင်အားကြီး ရုရှားနိုင်ငံနှင့်ပတ်သက်ပြီး စိန်ခေါ်မှုများ ရှိနေသည်။
ထို့ကြောင့် အိမ်နီးချင်း ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုကို အစဉ်သတိထားနေရဆဲ ဖြစ်သည်ဟု ပိုလန် ခေါင်းဆောင်များက ပြောဆိုကြသည်။
ပိုလန်နိုင်ငံသည် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်သော ယူကရိန်းနိုင်ငံ အရေးတွင် ရုရှားနိုင်ငံ၏ လုပ်ရပ်ကို အပြစ်တင် ခဲ့သည်။ သို့အတွက် ပိုလန်နိုင်ငံမှ လယ်ယာထွက် ပစ္စည်းများ တင်သွင်းမှုကို ရုရှားနိုင်ငံဘက်က ကန့်သတ်၍ ဖိအားပေး လာမှုကို ရင်ဆိုင်နေခဲ့ရသည်။
ထိုကန့်သတ် ဖိအားပေးမှုတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပါဝင်သော်လည်း အဆိုပါ ပြဿနာသည် ဘာသာရေး ကိုင်းရှိုင်း သည့် ပိုလန်လူမျိုး အများစု နေထိုင်ရာ ပိုလန်နိုင်ငံတွင် ကြီးမားစွာ ခြစားမှု မရှိခဲ့ကြောင်း သိရသည်။
ပိုလန်နိုင်ငံသည် ဒီမိုကရေစီ စနစ်ကို လွတ်လပ် အောင်မြင်စွာ တည်ဆောက်နိုင်မှုတွင် ပိုလန် အလုပ်သမားထုကို အခြေခံသည့် သွေးစည်းညီညွှတ်ရေး လှုပ်ရှားမှုသည် အဓိက ဖြစ်ခဲ့သည်။
Solidarity Fund ပိုလန်၏ President ဖြစ်သူ မစ္စတာ Kryzysztof Stanowski က “ကျနော်တို့မှာ တကယ့်ကို စနစ်တကျ ပြင် ဆင်မှုတွေရှိတဲ့ အတိုက်အခံအဖွဲ့ ရှိခဲ့တယ်။ တကယ့်ကို အင်အားကောင်းပြီး ပညာတတ်တွေ အများကြီး ပါဝင်တယ်။ ရှင်းလင်းပြတ်သားတဲ့ မဟာဗျူဟာကို ချမှတ် ဆောင်ရွက်ခဲ့ကြတယ်၊ အစကတည်းက ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ သွားမယ့် မဟာဗျူဟာ ပေါ့”ဟု ဧရာဝတီကို ပြောသည်။
ယနေ့ မြင်တွေ့နေရသည့် အောင်မြင်စွာဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ဒီမိုကရေစီ အသွင်ကူးပြောင်းလာသည့် ပိုလန်နိုင်ငံ အဖြစ်သို့ ရောက်ရှိလာသည့် ဒုတိယ အကြောင်းရင်း တခုမှာ ၁၉၇၈ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး အဖြစ်သို့ ပိုလန်နိုင်ငံသား Cardinal Karol Wojtyla ခေါ် ဂျွန်ပေါလ် ၂ ( John Paul II) ဖြစ်လာခြင်းပင် ဖြစ်သည်။
၁၉၇၉ ခုနှစ်က ပိုလန်နိုင်ငံသို့ ပုပ်ရဟန်းမင်း ဘဝဖြင့် အလည်အပတ် လာရောက်ခဲ့သူ ပိုလန်လူမျိုး ဂျွန်ပေါလ် ၂ က ပြောကြားခဲ့သော မကြောက်တရား စကားသည် ပိုလန်သွေးစည်း ညီညွှတ်ရေး လှုပ်ရှားမှုကြီးကို ခွန်အား ဖြစ်စေခဲ့သည်။
ပိုလန် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် ရိုမန်ကက်သလစ် ဘာသာအပေါ် လေးစား ကိုင်းရှိုင်းကြသူများ ဖြစ်သည်။ “မကြောက်ကြ ပါနဲ့” ဟု ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်က ပိုလန်နိုင်ငံသားများကို မကြောက်တရားဆေး ပေးနိုင်ခဲ့သည်။
သို့သော် ဘာသာမတူ ကွဲပြားမှုအပေါ် အမုန်းတရား ဟောကြားမှု လုံးဝမရှိကြောင်း လက်ရှိ ပိုလန် ခေါင်းဆောင်များက ရှင်းပြ သည်။
ပိုလန်နိုင်ငံ၏ သမိုင်းနောက်ခံအရ တိုင်းတပါး အုပ်ချုပ်မှုအောက် နှစ်ပေါင်းများစွာ နေခဲ့ရကာ လွတ်လပ်သည့် ပိုလန်နိုင်ငံ ပြန် လည် ပေါ်ထွန်းရေး ကြိုးပမ်းမှုသည် အစဉ်တစိုက်ရှိခဲ့ပြီး တချိန်က အခြားနိုင်ငံများ၏ အကူအညီများ ရယူနေခဲ့ရသည့် ပိုလန်နိုင်ငံသည် ယခုအခါ အခြားနိုင်ငံများအား ကူညီမှုပေးနေသည့် နိုင်ငံ အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းရောက်ရှိလာနေပြီ ဖြစ်ကြောင်း အာရှ ပစိဖိတ် ဒေသနှင့် အရှေ့တောင် အာရှဆိုင်ရာ ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးအကဲ မစ္စတာ Miroslaw Zasada က ပြောသည်။
၁၉၄၅ ခုနှစ်၌ ကမ္ဘာ့မြေပုံပေါ်တွင် ပိုလန်နိုင်ငံ ပြန်လည် ပေါ်ထွန်းလာခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြီးအပြီး ဆိုဗီယက် ပြည် ထောင်စု ၏ အုပ်ချုပ်မှုအောက်သို့ ရောက်ခဲ့ရသည်။
ပိုလန်နိုင်ငံတွင် ၁၉၈၁ ခုနှစ် ဒီဇင်ဘာလ၌ ကွန်မြူနစ် အစိုးရ၏ မာရှယ်လော (စစ်ဥပဒေ) ကြေညာအပြီး တိုင်းပြည် စီးပွားရေး သည် အဘက်ဘက်က ယိုယွင်းပျက်စီးခဲ့သည်။
၁၉၈၀ ပြည့်၊ ၁၉၉၀ ပြည့်နှစ်များသည် ပိုလန်နိုင်ငံရေးတွင် လှိုင်းထန်ခဲ့သည်။ ဆိုဗီယက် ပြည်ထောင်စု အုပ်ချုပ်မှုအောက်က ရုန်း ထွက်ရန် ပိုလန်ပြည်သူများ သွေးစည်းညီညွတ်ရေး လှုပ်ရှားမှုတွင် ပေါင်းစည်းခဲ့ကြသည်။
ဆိုဗီယက် ပြည်ထောင်စု ခေါင်းဆောင်ဟောင်း မီခေးလ် ဂေါ်ဘာချော့ဗ်၏ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ Glasnost (Openness) နှင့် Perestroika (Restructuring) သည် ပိုလန်နိုင်ငံအတွက် အပြောင်းအလဲများကို အစပျိုးခဲ့ခြင်း ဖြစ် သည်။
သို့သော် ဆိုဗီယက် ကွန်မြူနစ် အုပ်စုက ပိုလန်နိုင်ငံကို လွတ်လပ်မှု အနည်းငယ် စတင်ပေးခဲ့သော်လည်း လက်လွှတ် ဆုံးရှုံးရန် မလိုလားခဲ့သေးပေ။
မြန်မာနိုင်ငံတွင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည့် အချိန်နှင့် တပြိုင်တည်း ၁၉၈၈ ခုနှစ်တွင် ယခင် ပိုလန် အစိုးရသည် အတိုက်အခံ အင်အားစုနှင့် စားပွဲဝိုင်း စတင်ဆွေးနွေးနိုင်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေး လမ်းပြမြေပုံ ရေးဆွဲနိုင် ခဲ့သည်။
၁၉၈၉ ခုနှစ်က သွေးစည်းညီညွတ်ရေး လှုပ်ရှားမှု အတိုက်အခံ ခေါင်းဆောင်များသည် ပိုလန်အစိုးရက ကျင်းပပေးခဲ့သော ၁၁ ကြိမ်မြောက် ရွေးကောက်ပွဲတွင် ဝင်ရောက် ပါဝင်ယှဉ်ပြိုင် ခဲ့သည်။ ပိုလန် အောက်လွှတ်တော်တွင် အမတ်ဦးရေ ၄၆၀ ရှိခဲ့ပြီး အထက်လွှတ်တော်တွင် အမတ် ၁၀၀ အထိ ရှိလာခဲ့ပါသည်။
၁၉၈၉ ခုနှစ် ပိုလန်ရွေးကောက်ပွဲတွင် မစ္စတာ Wojciech Jaruzelski ဦးဆောင်သည့် မာ့ခ်စ်၊ လီနင် ကွန်မြူနစ်ဝါဒ ကိုင်ဆွဲသည့် အာဏာရ ပိုလန် အလုပ်သမားပါတီ Polish United Workers Party-PZPR က ၃၇.၆ ရာခိုင်နှုန်း၊ မစ္စတာ Lech Wałęsa ဦးဆောင်သည့် သွေးစည်း ညီညွတ်ရေး Solidarity အတိုက်အခံ ပါတီက ၃၅ ရာခိုင်နှုန်းနှင့် Roman Malinowski ဦးဆောင် သည့် United People’s Party က ၁၆.၅ ရာခိုင်နှုန်း မဲအသီးသီး ရခဲ့သည်။
အတိုက်အခံ သွေးစည်းညီညွတ်ရေး Solidarity က နှစ်ပေါင်း ၂၅ နှစ်ကျော် ကာလတွင် အာဏာရပါတီ ဖြစ်လာပြီး ယင်းကာလ အတွင်း ပိုလန်နိုင်ငံ၏ စီးပွားရေးလည်း တိုးတက် ဖွံ့ဖြိုးလာသည်နှင့် အတူ နိုင်ငံရေးသည်လည်း တည်ငြိမ်မှု ရရှိလာခဲ့သည်။
သို့သော် ပိုလန်နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် နိုင်ငံတိုင်း ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ပိုလန်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ Jan Lityn’ski က ပြောသည်။
ထိုစိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် လက်ရှိ ပိုလန်အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေး အင်အားစု၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် ပိုလန်ပြည်သူများက စည်းလုံးညီညွတ်မှု ရှိရှိ စနစ်တကျ ဖြတ်ကျော်နေသည်မှာ အားရစရာ ကောင်းသည်ကို တွေ့ရ ပါသည်။ ။