ရုပ်ရှင်နယ်ပယ်အတွင်းမှာ ဆယ်စုနှစ် ၂ ခု ကျော် ကျင်လည်ခဲ့ပြီးတဲ့နောက် ဂရေ့စ်လို့လည်း ခေါ်ကြတဲ့ ရုပ်ရှင်မင်းသမီး ဒေါ်ဆွေဇင်ထိုက်ဟာ NGO လုပ်ငန်း နယ်ပယ်ထဲကို ပြောင်းလဲဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ Population Services International (PSI) မှာ Program Director အဖြစ် ၁၉၉၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အခုအခါ ပညာရေးစီမံကိန်းများကို အချိန်ပေးဆောင်ရွက်နေပြီး ရုပ်ရှင်လုပ်ငန်း မြှင့်တင်ရေးအတွက်လည်း ဆက်လက် လုပ်ကိုင် နေပါတယ်။ ဧရာဝတီသတင်းထောက် ကျော်ဆုမွန်နဲ့ တွေ့ဆုံခဲ့တဲ့အချိန်မှာ အသက် ၆၁ နှစ် ရှိပြီဖြစ်တဲ့ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ကျန်းမာ ရေးနဲ့ ပညာရေး အပါအဝင်သူ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေတဲ့ လုပ်ငန်းများနဲ့ အမျိုးသမီး ရုပ်ရှင် ဒါရိုက်တာတွေ ပိုမိုပေါ်ပေါက်လာစေဖို့ တွန်းအားပေး ဆောင်ရွက်နေတဲ့အကြောင်း တွေကိုလည်း ပြောပြခဲ့ ပါတယ်။
ဧရာဝတီ။ ။ ဘယ်အချိန်လောက်က သရုပ်ဆောင်အဖြစ် စတင်လုပ်ခဲ့ပါသလဲ။
ဒေါ်ဆွေဇင်ထိုက် ။ ။ ကျမ ရုပ်ရှင်လောကမှာ ၁၉၇၁ ကနေ ၁၉၉၃ အထိ အလုပ်လုပ်ခဲ့ပါတယ်။ ရုပ်ရှင်ကား ပေါင်း ၂၀ဝ ကျော်မှာ ပါဝင်သရုပ်ဆောင် ခဲ့ပြီးတော့ ၁၉၇၇ ခုနှစ်မှာ အကယ်ဒမီဆု ရရှိခဲ့ပါ တယ်။ အကယ်ဒမီ ဆန်ခါတင်စာရင်းထဲမှာ လေးကြိမ် ပါခဲ့ပါတယ်။
ဧရာဝတီ။ ။ ပညာအရည်အချင်း နောက်ခံက ဘယ်လိုရှိပါ သလဲ။
ဒေါ်ဆွေဇင်ထိုက် ။ ။ ကျမ စီးပွားရေး တက္ကသိုလ်ကနေ B.Com ဘွဲ့ ရခဲ့ပါတယ်။ စာရင်းကိုင်ပညာ၊ ပြင်သစ်ဘာသာနဲ့ အဘိဓမ္မာကို လေ့လာသင်ကြားခဲ့ပါတယ်။ ၂၀ဝ၂ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုက Media Fellowship လည်း ရရှိခဲ့ပါတယ်။
ဧရာဝတီ။ ။ ရုပ်ရှင်လောကထဲကနေ လှုပ်ရှားမှုရပ်နားပြီးတဲ့ နောက်မှာ ဘာတွေလုပ်ခဲ့ပါသလဲ။
ဒေါ်ဆွေဇင်ထိုက် ။ ။ ရုပ်ရှင်လောကထဲကတော့ လုံးဝထွက်သွားတာမျိုး မဟုတ်ပေမယ့် တချိန်တည်းမှာပဲ ၁၉၉၃ ခုနှစ် ကစပြီးတော့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှာ Consultant Producing Advocacy Materials တယောက်အနေနဲ့ အမှုထမ်းခဲ့ပါ တယ်။ အဲဒီနောက် ၁၉၉၉ ခုနှစ်မှာ Population Services International (PSI) ကိုပြောင်းခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လအထိ လုပ်ခဲ့တယ်။ အနားယူပြီးတဲ့ နောက်မှာတော့ ၂၀ဝ၀ ပြည့်နှစ်မှာ ထူထောင်ခဲ့တဲ့ ကျမရဲ့ ကိုယ်ပိုင်ကုမ္ပဏီဖြစ်တဲ့ Communication Services Group (CSG) ကိုပဲ အာရုံစိုက်ခဲ့ တယ်။ CSG အနေနဲ့ ကျမတို့က ဝန်ဆောင်မှု ၃ မျိုးပေးပါ တယ်။ ရုပ်မြင်သံကြား အစီအစဉ်တွေအတွက် ဘာသာပြန်ပေးတဲ့ ဝန်ဆောင်မှု၊ ရွေ့လျားပညာရေး စီမံကိန်း (မိသားစုကို အထောက်အပံ့ ပေးနိုင်ဖို့ အတွက် လက်ဖက်ရည်ဆိုင်လိုမျိုး နေရာတွေမှာ အလုပ်လုပ်နေကြတဲ့ ကလေးငယ်တွေအတွက် ရွေ့လျားစာသင်ခန်း တွေ ကတဆင့် ကျောင်းချိန်ပြင်ပ ပညာသင်ကြားပေးခြင်းအပါအဝင်) နဲ့ ထုတ်လုပ်ရေး ဝန်ဆောင်မှု (ရုပ်ရှင် ဇာတ်လမ်းတိုနဲ့ မှတ်တမ်းတင် ရုပ်ရှင်တွေအတွက်) ဖြစ်ပါတယ်။
အရင်တုန်းကဆိုရင် မြန်မာနိုင်ငံမှာ HIV/AIDS လူနာတွေ ရှိနေတယ်ဆိုတာကို အစိုးရက အသိအမှတ်မပြုခဲ့ ပါဘူး။ ကျမ ဒါကို မြင်ခဲ့ရပါတယ်။ အထူးသဖြင့် ရုပ်ရှင်နယ်ထဲမှာရှိနေတုန်းက မိန်းမလျာ အမြောက်အမြားနဲ့ အနီးကပ်နေခဲ့ရပါတယ်။ သူတို့ ထဲက အများစုဟာ သူတို့ဘာဖြစ်နေတယ် ဆိုတာကို တောင်မသိဘဲ သေဆုံး သွားကြပါတယ်။ ဘာတွေ ဖြစ်နေတယ်၊ ဘယ်လိုကာကွယ်ရမယ် ဆိုတာကို သိဖို့အတွက် သူတို့ကို ပညာပေးဖို့ လိုတယ်လို့ ကျမ ခံစားခဲ့ရပါတယ်။ ဒီကိစ္စကို ကျမတယောက်တည်း လုပ်လို့ မရဘူးဆိုတာလည်း နားလည်ခဲ့ ပါတယ်။ ကျမ အဖွဲ့အစည်းတခုနဲ့ အလုပ်လုပ်ဖို့ လိုပါတယ်။ ဒါကြောင့် အရင်းအမြစ်နဲ့ ဘဏ္ဍာငွေရှိတဲ့ PSI မှာ အလုပ်လုပ်ဖို့ ကျမ ဆုံးဖြတ်လိုက်ပါတယ်။ တလကို လစာ အမေရိကန်ဒေါ်လာ ၄၅၀ ပဲရတဲ့ Project Coordinator အနေနဲ့ စတင်ပြီး လုပ်ခဲ့ပါတယ်။ ကျမ ရုပ်ရှင်ရိုက်ရင် ဒီထက်ပိုရပါတယ်။ ဒါကြောင့် ကျမ ပိုက်ဆံရဖို့ှ PSI မှာ အလုပ်လုပ်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီမှာလုပ်တဲ့အတွက် အများကြီး လေ့လာသင်ကြားခွင့် ရခဲ့ပါတယ်။
“ခင်ဗျားက ဒီကိစ္စ (HIV/AIDS အသိပညာ ပေးရေး) မှာ ဘာဖြစ်လို့ဝင်လုပ်နေတာလဲ၊ ခင်ဗျားက ဆရာဝန် လည်း မဟုတ်ဘူး၊ ရုပ်ရှင်မင်းသမီးပဲ” လို့ အရင်အစိုးရက အရာရှိကြီးတယောက်က ကျမကို ဝေဖန်ဖူးပါတယ်။ ဒါပေမယ့် ကျမ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ပါတယ်။ ၂၀ဝ၀ ပြည့်နှစ်တုန်းက နှစ်အလိုက် Condom ရောင်းချမှု ကတနိုင်ငံလုံးမှာ ၂၀ဝဝဝ ပဲရှိပါတယ်။ ၂၀ဝ၄ ရောက် တဲ့အခါမှာတော့ တနိုင်ငံလုံးမှာ ၁ သန်းအထိရှိလာပါ တယ်။ ဒီလိုပြောင်းလဲလာတဲ့အတွက် ကျမ ဝမ်းသာ ပါတယ်။
၂၀၁၁ ခုနှစ်နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ အရေးတကြီးလိုအပ်နေတာ ကျန်းမာရေးတခုတည်း မဟုတ်ဘူး ဆိုတာ ကျမ သိလာပါတယ်။ ဒါကြောင့် ပညာရေးကဏ္ဍနဲ့ ပတ်သက်လို့ ပိုလုပ်ချင်လာပြီးတော့ Myanmar Mobile Education Project (my ME) လို စီမံကိန်းကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
ဧရာဝတီ။ ။ အောင်မြင်တဲ့ ရုပ်ရှင်မင်းသမီးတယောက်ဘဝ ကနေ NGO လုပ်ငန်းခွင်ထဲကို ပြောင်းတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါသလဲ။
ဒေါ်ဆွေဇင်ထိုက် ။ ။ ရုပ်ရှင်နယ်ထဲမှာ ရှိနေကတည်းက ကျမ အတွေ့အကြုံသစ်တွေ လိုချင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အလုပ်လုပ်ရင်းနဲ့ ပညာသင်ခဲ့တာဖြစ်ပါတယ်။ ပညာရေးအတွက်ရိုက်ကူးတဲ့ ရုပ်ရှင်ကားတိုလေးတွေ ထုတ်လုပ်ရာမှာ၊ UNICEF က ကျန်းမာရေးပညာပေး အစီအစဉ်တွေအတွက် လက်ကမ်းစာစောင်တွေ ထုတ်လုပ်ရာမှာ စတင်ပါဝင်ခဲ့ပါတယ်။ NGO လုပ်ငန်းခွင်ထဲမှာလုပ်နေတဲ့ နှစ်တွေထဲမှာ တချို့ အစီအ စဉ်တွေအတွက် စိတ်ကျေနပ်မှုရခဲ့ပါတယ်။ ဒါပေမယ့် တခြား စိတ်တိုင်းမကျတာတွေလည်း ရှိခဲ့ပါတယ်။ လူအင်အား အကန့်အသတ်နဲ့ အလုပ်လုပ်ရတာ တခါတလေမှာ အခက်အခဲရှိပါတယ်။ ကျမနဲ့ စိတ် သဘောထားချင်း ကွဲပြားတဲ့သူတွေ အပါအဝင် လူအမျိုးမျိုးနဲ့ ကျမတွေ့ခဲ့ပါတယ်။ ဒါပေမယ့် တခုခု လုပ်နေတာက ဘာမှမလုပ်ဘဲနေတာထက်စာရင် ပိုကောင်းပါတယ်။
၂၀ဝ၂ ခုနှစ်မှာ ကျမ အမေရိကန်ကိုသွားတုန်း က အဲဒီမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့ပါ တယ်။ သူတို့ကို မြန်မာနိုင်ငံ ပြန်လာပြီး NGO တွေအတွက် အလုပ်လုပ်ဖို့ ကျမတောင်းဆိုခဲ့ပါတယ်။ နောက်ပိုင်း ကျတော့ တချို့ ပြန်လာခဲ့ကြပါတယ်။
ဧရာဝတီ။ ။ ရုပ်ရှင်နယ်မှာကော ဘာတွေဆက်လုပ်နေပါ သလဲ။
ဒေါ်ဆွေဇင်ထိုက် ။ ။ ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှာ နိုင်ငံတကာ ဆက်ဆံရေးဌာန ဖွဲ့စည်းပြီး ရုပ်ရှင် လုပ်ငန်းမြှင့်တင်ရေးနဲ့ တိုးတက်ရေးကို ကူညီဖို့ ကျမ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ကျမက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဖြစ်လာပါတယ်။ ဒီတာဝန်ကိုယူပြီးတဲ့နောက်မှာ ပြင်ပက လူတချို့က ကျမ ဒီတာဝန်ကို ထမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့နဲ့ ကျမက ရပ်တည်မှုမတူကြပါဘူး။ သူတို့က သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွား အတွက် လုပ်နေတာဖြစ်ပြီး တော့ ကျမက အများပြည်သူ အကျိုးအတွက် လုပ်တာဖြစ်ပါတယ်။
ကျမ ငယ်ငယ်တုန်းက ရုပ်ရှင်လုပ်ငန်းဟာ ဘာကြောင့် စီးပွားရေး အရမ်းဆန်ရသလဲ၊ ဘာကြောင့် တယောက် အတွက်တယောက် လုပ်မပေးနိုင်ရသလဲဆိုတာ စဉ်းစားခဲ့တယ်။ ဒါပေမယ့် ရုပ်ရှင် လုပ်ငန်းဟာ ဈေးကွက်နဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ လုံးလုံးလျားလျား မှီခိုနေရတာကို သိလာရတယ်။ ပြီးခဲ့တဲ့အချိန်တွေအထိ မြန်မာ့ရုပ်ရှင် တွေက နိုင်ငံတကာဈေးကွက်ကို မထိုးဖောက်နိုင်ဘူး။ ဒီတော့ အမှီအခိုကင်းတဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေကို ကျမတို့ ဘယ်လိုအားပေးနိုင်မလဲ။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ နိုင်ငံတကာ ဆက်ဆံရေးကော်မတီအတွက် ဘတ်ဂျက် မရှိပါဘူး။ ဒါကြောင့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေ မှာ မြန်မာရုပ်ရှင်ကားတချို့ သွားရောက်ပြသနိုင်ဖို့ အတွက် ကျမ ကိုယ်ပိုင်ငွေ ကို အသုံးပြုရပါတယ်။ ကျမက ကျမရဲ့အောင်မြင်မှုကို ဒီနိုင်ငံက ရုပ်ရှင် လောကအတွက် ဘယ်လို အထောက် အကူပေးပြီးပြီလဲ ဆိုတာနဲ့ပဲ တိုင်းတာပါတယ်။ အမျိုးသမီးတွေကို ဖန်တီးမှုရှိတဲ့ ဒါရိုက်တာတွေ ဖြစ်လာဖို့၊ သူတို့တွေ အကောင်းဆုံးကြိုးစားကြဖို့ ကျမ အားပေးချင်ပါ တယ်။
ဧရာဝတီ။ ။ ခုအချိန်မှာ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ အနည်းငယ်ပဲရှိတာ ဘာကြောင့်လို့ ထင်ပါသလဲ။
ဒေါ်ဆွေဇင်ထိုက် ။ ။ အရင်တုန်းက အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ တချို့ ရှိခဲ့ပါတယ်။ ၁၉၄၀ ခုနှစ်တွေတုန်းက ဒေါ်ခင်ညွန့်၊ ပြီးတော့ ပဲရော့ ဒေါ်မြမြ၊ သူတို့နောက်မှာ တော့ ဒေါ်သင်းသင်းယုနဲ့ ဒေါ်ဝါဝါဝင်းရွှေတို့ ရှိပါ တယ်။ အမျိုးသမီး ရုပ်ရှင် ဒါရိုက်တာ အရေအတွက် နည်းနေတာက ယုံကြည်မှုမရှိလို့ ဖြစ်ပါတယ်။ ဒီနေ့ အခြေအနေမှာတောင်မှ တာဝန်ယူဖို့အတွက် ယုံ ကြည်မှုမခံရသေးပါဘူး။ ဒီလောကထဲက တချို့လူ တွေက အမျိုးသမီးတွေ အဆုံး အဖြတ်ပေးရတဲ့နေရာ ရောက်လာမှာကို မလိုချင်ကြဘူး။ ရုပ်ရှင်ဖြန့်ချိရေးနဲ့ ပတ်သက်လို့ လုပ်နေတဲ့သူအများစု ကလည်း အမျိုးသားတွေဖြစ်နေတယ်။ ဒါကြောင့် အမျိုးသား ရုပ်ရှင်ဒါရိုက်တာတွေနဲ့ ကျမတို့က ဘယ်လို ယှဉ်ပြိုင်နိုင်မှာ လဲ။ ကျမတို့ရဲ့ ရုပ်ရှင်တွေကို ဘယ်လိုဖြန့်ချိမှာလဲ။ တချို့အမျိုးသားတွေက သူတို့ရဲ့ အမျိုးသမီးပြိုင်ဘက် တွေနဲ့ ပတ်သက်လို့ ခွဲခြားတဲ့စိတ်တွေ ရှိကြတယ်လို့ ကျမထင်ပါတယ်။ ဒါပေမယ့် မြန်မာအမျိုးသမီးတွေ ဟာ ဇွဲကောင်းပြီးတော့ အလုပ်ကြိုးစားမှုနဲ့ သက် သေပြနိုင်ကြပါတယ်။
ဧရာဝတီ။ ။ အနာဂတ်မှာ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာတွေ ပိုပြီး ပေါ်ထွက်လာရေး အထောက်အကူပေးဖို့အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဘာတွေလုပ်ပေး နေပါသလဲ။
ဒေါ်ဆွေဇင်ထိုက် ။ ။ ရုပ်ရှင်အစည်းအရုံးက လတ်တလော ဖွင့်လှစ်ခဲ့တဲ့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာသင်တန်းတွေ တက် ရောက်ကြဖို့ အမျိုးသမီးတွေကို ကျမ အားပေးနေပါ တယ်။ အောင်မြင်တဲ့ ရုပ်ရှင်ဒါရိုက်တာတွေ ဖြစ်လာဖို့အတွက် သေသေချာချာ လေ့လာကြဖို့လည်း တိုက်တွန်းနေပါတယ်။ ရုပ်ရှင်မင်းသမီး အများစုကို လိင်ဆွဲဆောင်မှုရှိတဲ့ သင်္ကေတအဖြစ် သတ်မှတ်ကြ တယ်။ ငယ်လေ ပိုကောင်းလေပဲ။ ဒါပေမယ့် တကယ်လို့ ကင်မရာနောက်ကွယ် က အမျိုးသမီးတွေ ရဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုပေးနိုင်ပြီး မြှင့်တင်ပေးနိုင်ခဲ့မယ်ဆိုရင် အယူအဆတွေ နားလည်မှုတွေ ကို ကျမတို့ ပြောင်းလဲပစ်နိုင်မယ်။ ကျမတို့ အပြန် အလှန်နားလည်ဖို့ လိုပါတယ်။ လူတွေက ကျမတို့ကို စမ်းသပ်ဖို့ အကဲဖြတ်ဖို့ ကြိုးစားမယ်ဆိုရင်တောင် ကျမတို့က ကျမတို့ရဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ လိုပါတယ်။
ဧရာဝတီ။ ။ ရုပ်ရှင်မင်းသမီး အများစုဟာ သူတို့ရဲ့ သရုပ် ဆောင်ကြေးနဲ့ ပတ်သက်လို့ ခွဲခြားခံထားရတယ်လို့ ထင်ပါသလား။ ဥပမာပြောရရင် မင်းသမီးက ခေါင်းဆောင်ရတဲ့ အနေအထားမှာ ရှိနေတဲ့အချိန်မှာ တောင် မင်းသားတွေက သရုပ်ဆောင်ကြေး ပိုရ လေ့ရှိကြတယ်။
ဒေါ်ဆွေဇင်ထိုက် ။ ။ ၁၉၅၀ နှစ်တွေမှာတုန်းက မင်းသမီးတချို့ဟာ သူတို့ရဲ့ သရုပ်ဆောင်ဖက် မင်းသားတွေထက်ပိုပြီး သရုပ်ဆောင် ကြေး အမှန်တကယ် ပိုရခဲ့တာတွေရှိပါ တယ်။ ဥပမာ ဒေါ်ကြည်ကြည်ဌေးပါ။ နောက်ပိုင်းမှာတော့ ဒေါ်ဝါဝါ ဝင်းရွှေတို့ မို့မို့မြင့်အောင်တို့ ရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြောစရာ ၂ ချက်ရှိပါတယ်။ မင်းသမီးတွေကို သူတို့ရဲ့ အရည်အချင်းအလိုက် ပေးသင့်ပါတယ်။ သူတို့ကလည်း နည်းပါးတဲ့ သရုပ်ဆောင်ကြေးကို လက်မခံသင့်ပါဘူး။ တကယ်လို့ အမျိုးသမီးတွေက သူတို့ ကိုယ်ပိုင်ပိုက်ဆံနဲ့ ရုပ်ရှင်တွေ ထုတ်လုပ်နိုင်လာပြီဆိုရင် အမျိုးသမီးသရုပ်ဆောင်တွေက ဦးဆောင်တာတွေ ပိုရှိလာပါလိမ့်မယ်။