စာစီစာကုံးတွေကို အလွတ်ကျက်ပြီးတော့ ကလေး တော်တော်များများက စာမေးပွဲမှာ ဖြေလာခဲ့တဲ့အကြောင်းကို ကျမ ရေးခဲ့ပါတယ်။ စာစီစာကုံးတွေကို ကလေးတို့ ဘာဖြစ်လို့ အလွတ်ကျက်လာရသလဲ ဆိုရင်တော့ မတွေးတတ်လို့ ပါပဲ။ တီထွင်ဖန်တီး ရေးသားတဲ့ အတတ်၊ စိတ်ကူးယဉ် စဉ်းစားတွေးတောတဲ့ အတတ် (Imagination) ကို ကျမတို့ ကလေးတွေ တော်တော်များများ မတတ်ကြတော့ပါဘူး။ ဒီစွမ်းရည်များဟာ ကလေးတယောက် အတွက် (လူ တယောက် အတွက်) အင်မတန်မှ အရေးကြီးတဲ့ စွမ်းရည်များပဲ ဖြစ်ပါတယ်။
ကျမတို့ နိုင်ငံက ကလေးတွေ မတွေးတောချင် တော့ဘူး၊ မစဉ်းစားချင်တော့ဘူး၊ တီထွင်ဖန်တီးမှု အားနည်းလာတယ် ဆိုတဲ့ ကိစ္စရပ်ကြီးဟာ သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင်ဖြင့် နိုင်ငံအတွက်၊ အနာဂတ် လူ့အဖွဲ့အစည်း အတွက် အင်မတန်မှ အန္တရာယ်ရှိတဲ့ ကိစ္စရပ်ကြီးပါပဲ။ ကလေးအများစု ဒီလို ဘာကြောင့် ဖြစ်လာရသလဲ ဆိုတဲ့ အကြောင်းကို စဉ်းစားကြည့်မယ် ဆိုရင်တော့ အကြောင်းရင်းများစွာ ထဲက အဓိက အကြောင်းကြီးတခုဟာ ကျမတို့နိုင်ငံရဲ့ အားနည်းလွန်းတဲ့ ပညာရေးစနစ်ကြောင့် ပါပဲ။
ပညာရေးရဲ့ ရည်ရွယ်ချက် (ကျောင်းတွေမှာ ကလေးတွေကို စာသင်ခိုင်းတဲ့ ရည်ရွယ်ချက်) ထဲမှာ ကျမအမြင် အားဖြင့် အရေးကြီးဆုံး အရာကတော့ အနာဂတ် လူ့အဖွဲ့အစည်း အတွက် ဉာဏ်ရည် မြင့်မားပြီး၊ စိတ်ဓာတ်ကောင်းမွန်တဲ့ နိုင်ငံသားကောင်းတွေ ပေါ်ထွက်လာ အောင်လို့ လေ့ကျင့်ပေးခြင်းပဲ လို့ ယူဆပါတယ်။ ဒီ ဉာဏ်ရည် ဆိုတဲ့အထဲမှာ တီထွင်ဖန်တီးခြင်း ဆိုတဲ့ ဉာဏ်ရည်ဟာ သိပ်ကိုမှအရေးကြီးပါတယ်။
ကျမတို့ နိုင်ငံမှာ ကလေးတို့ဟာ ငါးနှစ်ပြည့်ပြီ ဆိုတာနဲ့တပြိုင် တည်းထဲမှာ ကျောင်းစတက်ရပါ တော့တယ်။ ငါးနှစ် ဆိုတဲ့ ကလေးအရွယ်ဟာ အင်မတန်မှ စူးစမ်းချင်တဲ့၊ ဆော့ကစားချင်တဲ့ အရွယ်လေးတွေ ပါပဲ။ ဖွံ့ဖြိုးပြီး နိုင်ငံများက ကျောင်းများမှာတော့ ဒီအရွယ်မှာ စာတွေကျက်ခိုင်းတာမျိုး၊ စာတွေ အများကြီးသင်တာ မျိုးကို မလုပ်ခိုင်းကြပါဘူး။ ကလေးတို့ကို အတန်းထဲမှာ ဆရာမက ပုံလေးတွေပြောပြတာ၊ စာအုပ်လေးတွေ ဖတ်ပြတာမျိုးတွေ လုပ်ပေးကြ ပါတယ်။
ကလေးဆွဲ ချင်တာကို လွတ်လွတ်လပ်လပ်ဆွဲဖို့ အတွက် စာအုပ်တွေ၊ ရောင်စုံခဲတံတွေလည်း အတန်းထဲမှာထားပေး ထားကြပါသေးတယ်။ ဒါဟာ တကယ်တော့ တီထွင် ဖန်တီးမှု အားကောင်းအောင်၊ စိတ်ကူးစိတ်သန်း ကွန့်မြူး တတ်အောင် လေ့ကျင့်ပေးတာပါပဲ။ ဒီလို အတန်းငယ်လေးတွေမှာ စာမေးပွဲလည်း မရှိသေး တာမို့လို့ ကလေးတို့ဟာ စာမေးပွဲ ဖိအားလည်း မရှိကြတော့ပါဘူး။
ကျမတို့ နိုင်ငံရဲ့ အစိုးရကျောင်းတွေကို ပြန်လေ့လာကြည့်မယ် ဆိုရင်ဖြင့် သူငယ်တန်းမှာ ကလေးတို့ဟာ အတန်းထဲမှာ ငြိမ်ငြိမ်ထိုင်ပြီးတော့ စာတွေကို လိုက်ဆိုရ၊ လိုက်ရွတ်ရ၊ ရေးရပါတယ်။ သူငယ်တန်း ဆရာ တော်တော်များများဟာ ကလေးတို့ကို ပုံပြောပြတာ၊ စာအုပ်ဖတ်ပြတာ မျိုးတွေလည်း မလုပ်ကြတော့ပါဘူး။
ကလေးတို့ဟာလည်း သူငယ်တန်းမှာ စာမေးပွဲဝင်ဖြေဖို့ အတွက် စာတွေကို ကျက်ရပါတယ်။ အတန်းထဲမှာ ပထမရဖို့ အတွက် ကျောင်းကဆင်းတာနဲ့ ကျူရှင်ကို ပြေးကြရပါတယ်။ အတန်းထဲမှာ စာအုပ်ထဲက စာတွေကို ငြိမ်ငြိမ်ထိုင်ကူး၊ ငြိမ်ငြိမ်ထိုင်ဖတ်ရ သလို ကျုရှင်ရောက်တော့လည်း ကျောင်းက သင်လိုက်တဲ့ စာတွေကို ငြိမ်ငြိမ်ထိုင်ကျက်၊ ထိုင်ကူး၊ ထိုင်ဖတ် လုပ်ရပြန်ပါရော။
ကျမတို့ နိုင်ငံက အစိုးရကျောင်းများမှာ မူလတန်း အရွယ်ကလေးများကို စာအုပ်ဖတ်ပြတဲ့ အလေ့အကျင့်၊ ပုံပြောပြတဲ့ အလေ့အကျင့် မရှိသလောက်ကိုပဲ ရှားပါတယ်။ ကလေးတို့ကို အတန်းထဲမှာ စုထိုင်ခိုင်းပြီးတော့ စိတ်ကူးတည့်ရာ ပုံပြင်လေးတွေကို တယောက်တလှည့်စီ ပြောခိုင်းတဲ့ အလေ့လည်း မရှိပါဘူး။ ကလေးတို့ဟာ ဖတ်စာ (၁) က စာတွေ၊ ဖတ်စာ (၂) က စာတွေကို စာမေးပွဲမှာ အလွတ်ပြန်ရေးနိုင်ဖို့ အတွက် စာတွေကို အလွတ်ကျက်နေရတာနဲ့ပဲ စာဖတ်ချိန်၊ ပုံပြောချိန်၊ ပုံပြင်နားထောင်ချိန်၊ ပုံဆွဲချိန်တွေ မရှိကြရှာတော့ပါဘူး။
တီထွင်ဖန်တီးမှု စွမ်းရည်၊ စိတ်ကူးစိတ်သန်း ကွန့်မြူးတတ်တဲ့ စွမ်းရည်လေးတွေကို ရရှိစေဖို့ အတွက် လေ့ကျင့်ပေးတဲ့ အခါမှာ ကလေးတို့ကို မူလတန်း အရွယ်လောက်မှာကတည်းက စတင်လေ့ကျင့်ပေးဖို့ လိုပါတယ်။ တိုက်ဆောက်တဲ့ အချိန်မှာ အောက်ခြေက မြေကြီးကို တူးပြီးတော့ အခြေခံခိုင်အောင်လို့ အုတ်မြစ် သေသေချာချာ ချရသလိုပဲ အဆင့်မြင့် ပညာရပ်ကြီးတွေကို ကြီးပြင်းလာချိန်မှာ ကလေးတို့ သင်ကြားနိုင်ဖို့ အတွက် ကလေးအရွယ် (မူလတန်း အရွယ်) မှာကတည်းက ပညာရေး အတွက် လိုအပ်တဲ့ အခြေခံစွမ်းရည်တွေကို အုတ်မြစ်ချပေးဖို့လိုပါတယ်။
ဒီလို အုတ်မြစ်ချပေးဖို့ အတွက်ဆိုရင် မူလတန်း အရွယ်ကာလမှာ ကလေးတို့ကို စာတွေ အများကြီး မသင်သင့်ပါဘူး။ ကလေးတို့ဟာ သူတို့ ပြောချင်တာကို လွတ်လွတ်လပ်လပ် ပြောဖို့၊ သူတွေးချင်တာကို လွတ်လွတ်လပ်လပ် တွေးဖို့၊ စိတ်ကူးယဉ် စဉ်းစားဖို့ အချိန် ရှိရပါမယ်။ သူငယ်ချင်းများနဲ့ ဆရာဝန်လုပ်တမ်း ကစားတာ၊ နပ်စ်မ လုပ်တမ်း ကစားတာ၊ အာကာသယာဉ်မှူးလုပ်တမ်း ကစားတာ စတဲ့ ကလေးအရွယ်မှာ အရေးကြီးတဲ့ ကစားနည်း တခုဖြစ်တဲ့ အတုယူ ဟန်ဆောင်တမ်း ကစားနည်းကို ကျောင်းမှာ၊ အိမ်မှာ သူငယ်ချင်းများနဲ့ အတူတူကစားဖို့ အချိန်ရှိရ ပါမယ်။
ကလေးတို့ဟာ သူငယ်တန်းမှာ ဝလုံးတွေ ကကြီး ခခွေးတွေကို လေးငါးမျက်နှာလောက် ထိုင်ပြီး အရေးမကျင့်ရ ပါဘူး။ လက်ရေးလှဖို့ အတွက် လေးကြောင်းမျဉ်းထဲမှာ စာတွေကို ထိုင်ကူးလေ့ကျင့် မနေရပါဘူး။ သူတို့ ဆွဲချင်တဲ့ ပုံလေးတွေကို လွတ်လပ်စွာနဲ့ ဗလာစာအုပ်ထဲမှာ ဆွဲချင်သလို ဆွဲခွင့်ရဖို့ လိုပါတယ်။ ဒီလိုဆွဲရင်းနဲ့ပဲ မျဉ်းကွေး၊ မျဉ်းဖြောင့်၊ မျဉ်းကောက်တွေကို သူတို့ဘာသာသူတို့ နားလည်သိရှိ သွားပြီးတော့ လက်ရေးလေးတွေလည်း လှလာပါ လိမ့်မယ်။
တီထွင်ဖန်တီးတဲ့ စွမ်းရည်လေး ရရှိဖို့ အတွက် ကလေးတို့ဟာ ကဗျာလေးတွေ၊ သီချင်းလေးတွေကို နားထောင်ဖို့၊ ရွတ်ဆိုဖို့ အချိန်ရှိရ ပါမယ်။ မူလတန်း အရွယ်မှာကတည်းက တီထွင်ဖန်တီးမှု စွမ်းရည် ဖွံ့ဖြိုးတိုးတက်လာတဲ့ ကလေးများဟာ အလယ်တန်း၊ အထက်တန်းကို ရောက်လာပြီ ဆိုတဲ့ အချိန်မှာတော့ တီထွင်ဖန်တီးမှု စွမ်းရည် သာမက၊ ယုတ္တိကျကျ တွေးတောစဉ်စား ဝေဖန်သုံးသပ်တတ်တဲ့ စွမ်းရည် (Critical Thinking) ပါ ရရှိလာစေဖို့ အတွက် စာသင်ခန်းများက လေ့ကျင့်ပေးရဦးမှာပါ။
ယုတ္တိကျကျ တွေးတောစဉ်းစား ဝေဖန်သုံးသပ် တတ်တဲ့ စွမ်းရည် (Critical Thinking) ရရှိစေဖို့ အတွက် ကျောင်းတွေမှာ ဘယ်လိုလေ့ကျင့်ပေးရမယ် ဆိုတဲ့ အကြောင်းကို ဆက်လက် တင်ပြဆွေးနွေး ပါဦးမယ်။ ။