မြန်မာနိုင်ငံ အနောက်ခြမ်း ချင်းပြည်နယ်ထဲက တောင်တန်းတချို့ဟာ ဒုတိယကမ္ဘာစစ် ကာလတုန်းက ဗြိတိသျှ အင်ပါယာ တပ်တွေနဲ့ ဂျပန်တပ်တွေ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတဲ့ စစ်တလင်းပြင်တွေ ဖြစ်ခဲ့ပါ တယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပေမယ့်လည်း စစ်ပွဲရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ အငွေ့အသက်တွေက အခုထိတိုင် အခိုင်အမာတည်ရှိနေဆဲပါ။
ဒုတိယ ကမ္ဘာစစ်ကာလမှာ ဗြိတိသျှ အင်ပါယာ တပ်တွေက ဝှိုက်ခံတပ် (Fort White) ဆိုတဲ့ စစ်စခန်းတခုကို တီးတိန်မြို့နယ်ထဲက ဇိုမီးချင်းတွေ အခေါ် Thangmual တောင်တန်းပေါ်မှာ အခိုင်အမာ တည်ဆောက်ခဲ့ပြီး ထင်ရှားတဲ့ အဲဒီစစ်စခန်း တည်ရှိရာ တောင်တန်းကို အစွဲပြုပြီး ဒေသခံတွေက ဖို့ဝှိုက်တောင်လို့တောင် အလွယ် တကူ ခေါ်နေကြ ပါတယ်။
Thangmual တောင်တန်းနဲ့ ထိစပ်နေတာကတော့ ချင်းပြည်နယ်က တောင်တန်းတွေထဲမှာ ပေ ၈၈၇၀ ကျော်နဲ့ အမြင့်ဆုံး စာရင်းမှာ ပါဝင်တဲ့ကနေဒီ တောင်တန်း ဖြစ်ပါတယ်။ ဗြိတိသျှတို့က ဒီတောင်တန်းနှစ်ခုလုံးပေါ်မှာ ဖို့ဝှိုက်စစ်စခန်း အပါအဝင် မဟာဗျူဟာကျကျ အထိုင်ချပြီး စစ်စခန်းတွေ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
Thangmual တောင်ပေါ်က ဖို့ဝှိုက် စစ်စခန်းဟာ ကလေး-တီးတိန် ကားလမ်းမကြီးရဲ့ဘေးကပ်လျက်မှာပါ။ ဖလမ်း-တီးတိန် ကားလမ်းခွဲဖြစ်တဲ့ သိုင်းငင်း ကျေးရွာလေးကနေ ကား၊ ဆိုင်ကယ်တို့နဲ့ သွားရင် မိနစ် ၂၀ လောက်ပဲ ကြာပါတယ်။
ဖို့ဝှိုက်စစ်စခန်းကို ၁၈၈၉ ခုနှစ်မှာ ဗြိတိသျှတပ် အထက်မြန်မာပြည် စစ်ဦးစီးချုပ် ဖီးလ်မာရှယ် ဆာဂျော့ စတူးဝပ် ဝှိုက် (Field Marshal Sir George Stuart White) က ချင်းတောင်တန်းကို သိမ်းပိုက်ဖို့ တတိယမြောက် ကြိုးပမ်းတဲ့ ကာလမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေ ဝင်ရောက်တိုက်ခိုက်တဲ့ အချိန်မှာ လက်နက်ကြီး ဒဏ်တွေကြောင့် ပျက်စီးခဲ့ရတာလို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဗြိတိသျှတို့ မြန်မာနိုင်ငံက ဆုတ်ခွာချိန်မှာ တောင်တန်း နှစ်ခုလုံးဟာ ကန္တာရသဖွယ်ဖြစ်ပြီး ကျန်ခဲ့ပေမယ့်လည်း အဆောက်အအုံ အပျက်အစီးတွေ၊ လမ်းတွေ၊ လက်နက်တွေနဲ့ စစ်ဒဏ်သင့် အငွေ့အသက်တွေကတော့ အခုချိန်အထိတောင် ဇလပ်ပင်တွေ၊ ချယ်ရီပင်တွေကြားမှာ ထင်ထင်ရှားရှား ရှိနေဆဲပါ။
သိုင်းငင်းရွာလေးအနီးက မတ်စောက်လှတဲ့ ချောက်ကြီးထဲမှာတော့ ဗြိတိသျှတပ်တွေ အသုံးပြုခဲ့တဲ့ တင့်ကား ပျက်ကြီးတစီး ကျန်ရှိနေသေးတာကို ဒေသခံ နွားနောက်ကျောင်းတဲ့ သူတွေက လမ်းပြအဖြစ် လိုက်ပြပေးတဲ့ အတွက် တွေ့မြင်ခဲ့ရတယ်။ အင်္ဂါမစုံတော့တဲ့ ဗြိတိသျှတင့်ကားကြီးကို ငှက်ပျောရိုင်းပင်တွေ ချုံနွယ်ပိတ်ပေါင်း တွေကြားမှာ ပက်လက် လန်လျက်သား ကျနေတာကို တွေ့ခဲ့ရတာပါ။
သံထုထည်ထူလှတဲ့ တင့်ကားကြီး အောက်ပိုင်း တခြမ်းနဲ့ အမြောက်ပြောင်းတံတွေကို ဂက်စ်မီးနဲ့ တို့ပြီး ဖြတ်တောက်သွားတဲ့ ဒဏ်ရာတွေလည်း တွေ့မြင်ရပြီး ဖြတ်ယူလို့မလွယ်ကူလို့ အထူပိုင်းသာ ကျန်ရှိနေတာ ဖြစ်တယ်လို့ ဒေသခံ လမ်းပြတွေက ပြောပြကြပါတယ်။
“လာဖြတ်တဲ့လူတွေကို ရွာက ဥက္ကဋ္ဌက မေးတော့ စစ်မှုထမ်းဟောင်း ကတ်ပြားတွေ ထုတ်ပြတယ်။ နောက်ဂတ်စ်မီးနဲ့ အပိုင်းပိုင်းဖြတ်ပြီး သံရည်ကျိုတဲ့နေရာမှာ သွားရောင်းစားကြတယ်။ ဒီတင့်ကားက သယ်လို့မလွယ်တော့လို့ ကျန်ခဲ့တာ” လို့ လမ်းပြက ရှင်းပြပါတယ်။
တင့်ကားကြီးရဲ့ အထက်တောင်စောင်းပေါ်မှာ တော့ ဗြိတိသျှတို့ခင်းထားတဲ့ ကျောက်လမ်းရှိနေပြီး ဒုတိယ ကမ္ဘာစစ်ကာလမှာ ဂျပန်တို့က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာကနေ ချောက်ထဲကို ပြုတ်ကျခဲ့တာဖြစ်တယ်လို့ အဘိုးတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး လမ်းပြက ပြန်ရှင်းပြပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းက လက်ရှိကျန်နေ တဲ့ တင့်ကားအပျက်ကြီး အပါအဝင် ကလေးနဲ့ တီးတိန် လမ်းကြောတလျှောက်မှာ ဒုတိယ ကမ္ဘာစစ်က အသုံးပြုခဲ့တဲ့ ဗြိတိသျှတို့ရဲ့ တင့်ကား ၄ စီးနဲ့ ဂျပန် လေယာဉ်ပျက် တချို့ကို တွေ့ဖူးကြောင်း သိုင်းငင်းရွာသားတွေကပြောဆိုကြပါတယ်။ နောက်ပိုင်းမှာတော့ စစ်မှုထမ်းဟောင်းကတ်ပြားပြတဲ့လူတစုက အပိုင်းပိုင်း ဖြတ်တောက် ယူငင်သွားကြတယ်လို့ ဆိုပါတယ်။
“အရင်တုန်းက ဖို့ဝှိုက် စစ်စခန်းနားမှာပဲ တစီး ရှိနေသေးတာ၊ အဲဒီတစီးအပါအဝင် ကျန်တဲ့အစီးတွေကလည်း လမ်းဘေးမှာဆိုတော့ သယ်ယူရတာ လွယ်တော့ အကုန်ပါကုန်တယ်” လို့ ဒေသခံလမ်းပြက ဆိုပါတယ်။
ဂျပန်ကို တိုက်တဲ့အချိန်မှာ ဗြိတိသျှ တပ်က ဖွဲ့စည်းပေးထားတဲ့ ချင်းတပ်တွေလည်း ပါဝင်ပြီး ဖို့ဝှိုက်စစ်စခန်းနဲ့ အနီးဆုံးမှာရှိတဲ့ သိုင်းငင်းနဲ့ ခေါဆပ်ရွာတွေမှာ ဗြိတိသျှ လက်အောက်ခံ ချင်း တပ်မှူးဟောင်းတွေရဲ့ မြေးတွေ ရှိနေကြဆဲ ဖြစ်ပါတယ်။ သူတို့ အဘိုးတွေကို ဗြိတိသျှတပ်က ပေးထားတဲ့ နှစ်လုံးပြူးသေနတ်နဲ့ စစ်ဝတ်စုံတွေ၊ ဂျပန်တပ်တွေ ဆီကရထားတဲ့ ဘက်နက်နဲ့ ဂေါ်ရခါး စစ်သားတွေ အသုံးပြုတဲ့ ဓားကောက်တွေ အခုချိန် အထိ အမှတ်တရ သိမ်းဆည်းထားတာ တွေ့ခဲ့ရပါတယ်။
ကနေဒီနဲ့ Thangmual တောင်တန်းတွေပေါ်မှာ ဗြိတိသျှတို့ ရိက္ခာနဲ့ စစ်သည်အင်အားတွေအတွက် အသုံးပြုဖို့ ဖောက်ခဲ့တဲ့ ကျောက်ခင်းလမ်းမကြီးတွေလည်း အခုချိန်အထိ ထင်ထင်ရှားရှား ရှိနေဆဲဖြစ်ပြီး လမ်းမကြီးရဲ့ ဘေးတလျှောက်မှာလည်း ဂျပန်တို့ လေကြောင်းကနေ တိုက်ခိုက်ထားတဲ့ ဗုံးကျင်းကြီး တွေလည်း အများအပြား ရှိနေဆဲပါ။
ဆယ်စုနှစ်တွေအလီလီ ပြောင်းလဲလာခဲ့ပြီ ဖြစ်ပေမယ့်လည်း ဗုံးကျင်းကြီးတွေက လက်ရှိအချိန် မှာတောင် လူ ၅ ယောက်လောက် ဝင်ထိုင်နေလို့ရ တဲ့ အကျယ်အဝန်းမျိုး ရှိနေပါသေးတယ်။ ဒါ့အပြင် တောင်ဇလပ်ပင်တွေနဲ့ ချယ်ရီပင်တွေအကြားမှာ ကတုတ်ကျင်းတွေ၊ ဆက်သွယ်ရေး တူးမြောင်းတွေလည်း မြက်ခြောက်ပင်တွေ ဖုံးနေ တဲ့ကြားကအထင်း သားမြင်နေရတုန်းပါ။
အလုပ်အကိုင် ရှားပါးတဲ့ ဒေသခံတွေဟာ သံတိုသံစတွေ ရောင်းစားလို့ရမှန်း သိလာပြီးတဲ့ နောက် ၂၀ဝ၅ ခုနှစ် ဝန်းကျင်ကဆိုရင် ဖို့ဝှိုက် စစ်စခန်းရှိတဲ့ Thangmual တောင်တန်းပေါ်မှာ ဒုတိယ ကမ္ဘာစစ်တုန်းက မပေါက်ကွဲ ဘဲ ကျန်ရှိနေတဲ့ ဗုံးတွေနဲ့ လက်နက်ကြီး ကျည်တွေကို ရှာဖွေတူးဖော် ပြီး ရောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
နောက်ဆုံး ပြိုပျက်နေတဲ့ ဖို့ဝှိုက် ခံတပ်ကိုတောင် အလွတ်မပေးတော့ဘဲ ထုခွဲရောင်းချခဲ့ကြတဲ့ အထိဖြစ်ပြီး ဖို့ဝှိုက် စစ်စခန်းရဲ့ မြေပြင်ပေါ်က အဆောက်အအုံတချို့ကို ဒေသခံတွေက ထုခွဲ ယူဆောင်သွားကြတဲ့အတွက် အုတ်နဲ့ တည်ဆောက်ထားတဲ့ မြေအောက်ခန်းတချို့နဲ့ အဆောက်အအုံ နေရာအင်္ဂတေ အမှတ်အသားတချို့ပဲ ကျန်ပါတော့တယ်။
အဲဒီ စစ်စခန်းကနေ ရှေ့တမိုင်လောက် သွားလိုက်ရင်တော့ ထုတ်လိုင်ရွာဘက်ကို သွားတဲ့လမ်းခွဲ လေးရှိပြီး လမ်းရဲ့ ညာဘက် အခြမ်းမှာ ဗြိတိသျှ စစ်သမီးတွေ စခန်းချခဲ့တဲ့ နေရာလေးလည်း ရှိပါတယ်။ အဆောက်အအုံတွေ မရှိတော့ပေမယ့် စခန်း တည်ဆောက်ခဲ့တဲ့ နေရာက မြေကွက်လပ်လေးတော့ ထင်ထင်မြင်မြင် ပေါ်နေပါသေးတယ်။
ဒီစခန်းကနေ ရှေ့ကို မိုင်ဝက်လောက် ဆက် သွားလိုက်ရင် တောင်ဇလပ်ပင်တွေ ဝန်းရံပေါက်နေတဲ့ အလယ်မှာ အခိုင်အမာ တည်ရှိနေဆဲဖြစ်တဲ့ ဗြိတိသျှ စစ်သချႋုင်းကြီး တခုကိုလည်း တွေ့ရပါတယ်။ ဒေသခံ ချင်းတိုင်းရင်း သားတွေက ဒါကို သချႋုင်းဖြူလို့လည်း ခေါ်ကြပါတယ်။
ဗြိတိသျှတို့ဟာ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီး ၁၈၈၇ ခုနှစ်မှာ တောင်တန်းဒေသကို သိမ်းပိုက်ဖို့ အလုံး အရင်းနဲ့ ဝင်လာချိန် ချင်းမျိုးချစ် တပ်တွေက ခုခံတိုက်ခိုက်ရာမှာ ကျဆုံးခဲ့ကြတဲ့ ဗြိတိသျှ စစ်ဗိုလ်၊ စစ်သား တွေကို ဒီသချႋုင်းဖြူမှာ မြှုပ်နှံတယ်လို့ အဲဒီဒေသမှာ စိုက်ထူထားတဲ့ ချင်း ကျောက်စာတိုင်တွေမှာ တွေ့ရပါ တယ်။ အုတ်ဂူတွေထဲမှာ ဗြိတိသျှတပ်ရဲ့ အရာရှိတွေဖြစ်တဲ့ ဗိုလ်မှူး ဂေါ်ဒွန် ကန်းနင်းနဲ့ ဗိုလ်မှူး စတီဗင်တို့ ပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။
လေးပေ၊ နှစ်ပေလောက်သာ ကျန်တော့တဲ့ ပြိုပျက်နေတဲ့ ဗြိတိသျှ စစ်သချႋုင်း အုတ်တံတိုင်း စည်းရိုးရဲ့ အလယ်မှာ ရေညှိတွေအထပ်ထပ် တင်နေ ပြီး အညိုအမည်းစွဲနေတဲ့ အုတ်ဂူတွေအနည်းဆုံး သုံးဆယ်လောက် ရှိပါတယ်။ သချႋုင်း ပတ်လည်မှာ ဝန်းရံပြီး ပွင့်နေကြတဲ့ တောင်ဇလပ်ပန်းတွေကတော့ ရဲရဲတောက်နေပါတယ်။
ဒီတောင်တန်းတွေပေါ်မှာ ဒုတိယ ကမ္ဘာစစ်က ဗြိတိသျှ စစ်သားကြီးတွေနည်းတူ ဂျပန် စစ်သားကြီးတွေ ကျဆုံးခဲ့ကြတာမို့ သူတို့ရဲ့ ဆွေမျိုးတချို့ကတော့ ရံဖန်ရံခါ လာရောက် ငိုေြွကးမှုတွေ ရှိပါတယ်။
ကနေဒီနဲ့ Thangmual တောင်တန်းတွေပေါ်မှာ အထင်အရှားရှိနေသေးတဲ့ ဒုတိယ ကမ္ဘာစစ်ရဲ့ အငွေ့ အသက်တွေကို ထိန်းသိမ်း ပေးထားမယ် ဆိုရင်တော့ ချင်းပြည်နယ်ကို လာရောက်လည်ပတ်လိုတဲ့ ကမ္ဘာလှည့် ခရီးသည်တွေအတွက် စိတ်ဝင်စား စရာ နေရာတခုဖြစ်လာနိုင်မယ့် အလားအလာရှိပါ တယ်။
ချင်းပြည်နယ်ရဲ့ အလှတရားထဲမှာ တောင် ဇလပ်ပန်း တွေလည်း ပါဝင်တာမို့ ခရစ္စမတ်ကာလ တောင်ဇလပ် ပန်းတွေ ပွင့်ချိန်ဆိုရင် ကနေဒီနဲ့ Thangmual တောင်တန်းတွေပေါ်မှာ ကလေး တက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသားတွေ လေ့လာရေး ခရီးစဉ်အဖြစ် လာရောက် လည်ပတ်နေကြ ပါတယ်။