တိုင်းပြည်ရဲ့ အမျိုးသားခေါင်းဆောင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဟာ အခုလာမယ့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဆိုရင် နှစ် ၁၀ဝ ပြည့်ပြီဖြစ်ပေမယ့် သူတောင့်တခဲ့တဲ့ လွတ်လပ်မှု အစစ်အမှန်နဲ့ သူမျှော်လင့်ခဲ့တဲ့ ဒီမိုကရေစီ တိုင်းပြည်မျိုးကတော့ အခုချိန်ထိ ဖြစ်မလာသေးပါဘူးလို့ ဗိုလ်ချုပ်ကို အောက် မေ့ သတိရသူတွေက ပြောဆိုနေကြပါပြီ။
၁၉၄၈ ခုနှစ်မှာ တိုင်းပြည်လွတ်လပ်ရေး ရပြီးရင် ဒီမိုကရေစီ အခြေခိုင်အောင် ဗိုလ်ချုပ်လမ်းစဉ်နဲ့ အုတ်မြစ်ချမယ်လို့ နိုင်ငံရေး ခေါင်းဆောင်တွေ ကြွေးကြော်ခဲ့ကြပေမယ့် အမျိုးသားသွေးစည်းမှု ပြိုကွဲပြီး ပြည်တွင်းစစ်မီးတောက် ခဲ့တယ်။ နောက်ပိုင်း ၁၉၆၂ ခုနှစ်က စပြီး တက်လာခဲ့တဲ့ စစ်အာဏာရှင် အသီးသီးကြောင့် တိုင်းပြည် ချွတ်ခြုံကျခဲ့ရသည် သာမက ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည် အဖြစ်ကို ရောက်ရှိခဲ့ရပါတယ်။
ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုစိတ်ဓာတ်၊ အရှေ့တောင်အာရှ စည်းလုံးညီညွတ်ရေး စိတ်ဓာတ်၊ ဗမာပြည်သူ ပြည်သားတွေကို ကိုယ့်သိက္ခာနဲ့ကိုယ် နေနိုင်အောင်ဆိုတဲ့ စိတ်ဓာတ်၊ စစ်တပ်က နိုင်ငံရေး ဝင်မလုပ်ရဘူး ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်၊ စာနယ်ဇင်းတွေ လွတ်လပ်ခွင့် ရှိရမယ် ဆိုတဲ့ စိတ်ဓာတ်၊ ကျောင်းသားတွေနဲ့ သမဂ္ဂတွေဟာ သူ့အခွင့်အရေးနဲ့ သူ ရှိရမယ် ဆိုတဲ့ စိတ်ဓာတ်၊ တရားရေးကို အုပ်ချုပ်ရေးက ဝင်မစွက်ဖက်ရဘူး ဆိုတဲ့ စိတ်ဓာတ်မျိုး တွေကတော့ မရှိကြတော့ဘူး လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ရှေ့နေ ဦးကြီးမြင့်က ဧရာဝတီကို ပြောပါတယ်။
“အခု အခြေအနေက အဲဒီထက် ပိုဆိုးနေတယ်။ တို့နိုင်ငံက အရင်းပြုတ်နိုင်ငံရေး ဖြစ်နေတာ။ အမြတ် လုံးဝ မရှိဘူး။ ဥပမာတို့ ငယ်ငယ်တုန်းက ဆေးရုံတက်ရင် ဆေးအလကား ကုပေးတဲ့ အပြင် နံနက်စာ၊ ညစာ ကျွေးတယ်။ အဲဒီ အဆင့်ကနေ အခုဖြစ်နေတဲ့ အဆင့်ကို ကြည့်ရင် အရင်းပြုတ် မနေဘူးလား။ ပညာရေးလည်း ကြည့်လိုက်ဦး။ ဘယ်နေရာ ကြည့်ကြည့် ပိုကောင်းလာတာ ဘာရှိလဲ” လို့ ဦးကြီးမြင့်က မေးခွန်း ထုတ်ပါတယ်။
နယ်ချဲ့အုပ်ချုပ်မှု အောက်က တိုင်းပြည်လွတ်လပ်ရေး ရခဲ့ပေမယ့် ပြည်သူပြည်သားတွေ တကယ် လွတ် လပ်ပြီလား ဆိုတာနဲ့ ဒီမိုကရေစီ တကယ်ရပြီလား ဆိုတာတွေ ကတော့ ပြဿနာတွေ၊ မေးခွန်း ထုတ်စရာ တွေ ရှိနေတုန်းပဲ လို့ ဘလော့ဂါ ကိုနေဘုန်းလတ်က ပြောပါတယ်။
အဲဒါကြောင့် လူငယ်တွေအနေနဲ့ ဗိုလ်ချုပ်လို စိတ်ဓာတ်မျိုး၊ ဗိုလ်ချုပ်လို စွမ်းဆောင်ရည်မျိုး ရနိုင်အောင် ကြိုးစားဖို့ လိုပြီ။ ဗိုလ်ချုပ်က အသက် ၃၂ နှစ် ဆိုတဲ့ အရွယ်မှာ တိုင်းပြည်မှာ အရေးကြီးတဲ့ အလုပ် တော်တော်များကို လုပ်ခဲ့ပြီး သွားပြီလို့ သူက ဆိုပါတယ်။
“သေချာတယ်၊ ဗိုလ်ချုပ်မျှော်လင့်တဲ့ တိုင်းပြည်မျိုး ကျနော်တို့မရောက်သေးဘူး” လို့ ကိုနေဘုန်းလတ်က ဆိုပါတယ်။
ဗိုလ်ချုပ် မျှော်လင့်ခဲ့တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ အမျိုးသားအချင်းချင်း သင့်မြတ်ကြဖို့ အရေးမှာလည်း တိုင်းပြည်မှာ ဦးဆောင်နေ ကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားမှာလည်း နိုင်ငံရေး သဘောတူညီမှု၊ နားလည်မှုမျိုး ယနေ့အချိန်အထိ မတည်ဆောက်နိုင်သေးသလို တိုင်းရင်းသား ရေးမှာလည်း သဘောထား ကွဲလွဲနေမှုတွေက ဆက်လက် တည်ရှိနေဆဲ ဖြစ်ပြီး တနိုင်ငံလုံး အပစ်ရပ် စာချုပ် ချုပ်နိုင်ဖို့လည်း အလှမ်းကွာဝေးဆဲပါ။
“အခု နိုင်ငံရေး အရ အပွင့်ဆိုင်နေကြတဲ့ သူတွေ ဗိုလ်ချုပ်ရဲ့ မျက်နှာလေးကို ထောက်ထားပြီး လုပ်ကြပါလို့ ပြောချင်တယ်။ ဗိုလ်ချုပ်သာရှိရင် ဒီလောက်မှ သောက်သုံးမကျတဲ့ သူတွေလို့ အပြောမခံရအောင် လုပ်ကြစေ ချင်တယ်” လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးဇော်မင်းက ပြောပါတယ်။
ရန်ကုန်မြို့က သတင်းစာဆရာ ဦးဇော်သက်ထွေးကလည်း “အခုတိုင်းပြည်က ဗိုလ်ချုပ်မျှော်လင့်ခဲ့တာနဲ့ တခြားစီ ဖြစ်နေတယ်။ တိုင်းပြည်မှာ အရှည်လျားဆုံး ပြည်တွင်းစစ်နဲ့ ရင်ဆိုင်နေရတယ်။ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုနိုင်ဖို့ ကလည်း အဝေးကြီးပဲ။ စီးပွားရေးအရလည်း မအောင်မြင်လို့ တိုင်းပြည်က ဆင်းရဲတွင်း နစ်နေပြီ။ နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲရေး ကလည်း ထင်သလောက် လုပ်မပေးနိုင်ခဲ့ကြဘူး” လို့ ဆိုပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ် ပြောခဲ့သလိုတိုင်းပြည် မဖြစ်သေးပေမယ့် အဲလို တိုင်းပြည်မျိုး ဖြစ်လာအောင် နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို တိုင်းပြည်ဦးဆောင် နေသူတွေမှာတော့ ပိုပြီးတာဝန်ရှိတယ် လို့ ပြည်တွင်း နိုင်ငံရေး အင်အားစုတွေက ဧရာဝတီကို ပြောပါတယ်။
“အစိုးရပိုင်းကလည်း တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတဲ့ အချိန်မျိုးမှာ နိုင်ငံသားတွေ ကြားမှာလည်း အားနည်းနေတယ်။ နှစ်ဖက်စလုံးမှာ အားနည်းချက်တွေ ရှိနေတဲ့အတွက် ဗိုလ်ချုပ် ဖြစ်စေချင်တဲ့ တိုင်းပြည်မျိုးကတော့ မဖြစ်သေးဘူးလို့ ပြောရမှာပဲ” လို့ စာရေးဆရာမ မသီတာ (စမ်းချောင်း) က ပြောပါတယ်။
အခုချိန်မှာ ခေါင်းဆောင်တွေဟာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြဘဲ ပန်းတိုင် မရောက်ခင် တက်ထောင်တာမျိုး၊ လွတ်လပ်ပြီ ဆိုပြီး လမ်းပေါ်တက် ဆေးရိုးလှန်းတာမျိုး မဖြစ်သင့်ဘူး ဆိုပေမယ့် အခွင့်အရေးကို တလွဲသုံးတာ မျိုးတွေ ရှိလာတာ အများကြီး တွေ့နေရပါပြီ။
ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီမိုကရေစီဝါဒကို အပြည့်အဝ ယုံကြည်ခဲ့ပေမယ် တိုင်းပြည်မှာ ဆိုရှယ်လစ်၊ ကွန်မြူနစ် စနစ်တို့ အပေါ် တိမ်းညွတ်ခဲ့ တာကလည်း သူရဲ့ အရာရာကို လေ့လာစူးစမ်းချင်တဲ့ စိတ်နဲ့ ဖွင့်ထားတဲ့ စိတ်ကြောင့်သာ ဖြစ်တယ်လို့ စာရေးဆရာမ မသီတာ (စမ်းချောင်း) က ပြောပါ တယ်။
“နိုင်ငံသားတွေ အနေနဲ့ကလည်း ဖွင့်ထားတဲ့ စိတ်နဲ့ လေ့လာမှု အားကိုသုံးပြီး သိအောင်လုပ်ထားရမယ်။ အဲလို လုပ်နိုင်ဖို့ဆိုရင် ပြည်သူက များများသိဖို့ လိုတယ်။ ပြည်သူလူထုက များများသိလာမှ ဖွင့်ထားတဲ့ စိတ်ဆိုတာ ဖြစ်လို့ရမှာ။ အဲလိုဖြစ်လာမှ တကယ့်လွတ်လပ်ရေးရဲ့ အရသာ အသီးအပွင့်ကို အနှစ်သာရရှိရှိနဲ့ ကျမတို့ ရအောင် ကျင့်သုံးနိုင်မယ်” လို့ သူက ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့တာ နှစ် ၁၀ဝ ပြည့်မှာ ပြည်သူတွေက ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး အမှတ်တရ ပျော်ပွဲရွှင်ပွဲ တွေကို တနိုင်ငံလုံးအနှံ့ ကျင်းပဖို့ စီစဉ်နေတာတွေ ရှိနေပါပြီ။
ဗိုလ်ချုပ် နှစ် ၁၀ဝ ပြည့်မှာ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်လမ်းတို မိနစ် ၂၀ စာလောက် ပြနိုင်အောင် ကြိုးစားနေကြ သူတွေ ရှိသလို ဖေဖော်ဝါရီလ ၈ ရက် ကနေ ၁၀ ရက်နေ့အထိ နှင်းဆီရင်ခွင် အငြိမ့်ကို ပြည်သူ့ရင်ပြင်မှာ ကပြဖို့ ပြင်ဆင် နေကြပါပြီ။
ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ အဖြစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကစပြီး ၁၄ ရက်နေ့အထိ ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်မှာ ပျော်ပွဲ၊ ရွှင်ပွဲ၊ ပြပွဲ၊ လမ်းလျှောက်ပွဲနဲ့ စာပေဟောပြောပွဲတွေကို ဆက်တိုက် ကျင်းပသွားဖို့ ရှိတယ်လို့ NLD ပါတီရဲ့ ရန်ကုန်တိုင်း တာဝန်ခံ တဦး ဖြစ်တဲ့ ဒေါက်တာ စိုးဝင်းဦးက ဧရာဝတီကို ပြောပါတယ်။
ဗိုလ်ချုပ် အမှတ်တရပွဲတွေကို ၂၀၁၅ ခုနှစ် အတွင်း လတလရဲ့ ၁၃ ရက်နေ့တိုင်းမှာ အမှတ်တရ ပွဲတွေကို တနိုင်ငံလုံးမှာ သူ့အစီစဉ်နဲ့သူ ပြုလုပ်ဖို့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက စီစဉ်နေ ပါတယ်။
ဒါပေမယ့် အာဏာပိုင် အသိုင်းအဝိုင်းကတော့ ဗိုလ်ချုပ် နှစ် ၁၀ဝ ပြည့်မွေးနေ့မှာ ဘယ်လို အစီအစဉ်တွေ လုပ်ဆောင် မယ် ဆိုတာမျိုး တရားဝင် ထုတ်ပြန်တာတော့ မရှိသေးပါဘူး။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရေးကြီးတဲ့ သမိုင်းကို နောက်တန်း ပို့ပစ်ခဲ့ပါတယ်။
နှစ်စဉ် တပ်မတော်နေ့ အခမ်းအနားတွေကိုလည်း ဖက်ဆစ်တော်လှန်ရေး အတွက် ဗိုလ်ချုပ် အောင်ဆန်း စစ်ထွက် မိန့်ခွန်း ပြောရာက ရှေးခေတ် အမည်နာမတွေ ပေးထားတဲ့ နေပြည်တော်မြို့တော်မှာ အသစ်ဆောက် လုပ်ထားတဲ့ ပဒေသရာဇ် ဘုရင်ရုပ်တုကြီး ၃ ရုပ်ရှေ့မှာသာ ကျင်းပနေပါတော့တယ်။ ။