ရုံးပိတ်ရက် တရက်တွင် ထူးခြားသည့် စကားဝိုင်းလေးတခုသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့သည်။
ထူးခြားသည်ဟု ဆိုခြင်းမှာ ထိုစကားဝိုင်းတွင် ပါဝင်နေသူတို့၏ မျက်နှာပေါ်တွင် လှလှပပ ပွင့်နေသော အပြုံးပန်းများကို မြင်တွေ့ရခြင်းကြောင့် ဖြစ်သည်။ သိပ်မကြာခင် အချိန်တွင်ပင် စကားဝိုင်းလေးနှင့် တသားတည်း ဖြစ်သွားသည်။
စကားဝိုင်းတွင် ပါဝင်နေသူများသည် အသက် ၂၀ ကျော်အရွယ် လူငယ်များနှင့် အသက် ၅၀ ဝန်းကျင်ခန့် လူကြီးများ ဖြစ်သည်။ သူတို့သည် တပတ်တကြိမ် ပုံမှန် တွေ့ဆုံနေကျဟု သိရသည်။
သူတို့အဖွဲ့ကို “အနာဂတ် ကြယ်ပွင့်လေးများ ဉာဏ်ရည်မသန်စွမ်း ကိုယ့်အားကိုယ်ကိုး အဖွဲ့” ဟု အမည် ပေးထားသည်။ သူတို့ ရည်မှန်းချက်ကတော့ “သက်ရှည်ကျန်းမာ၊ ဝင်ငွေရှာရင်း၊ မှီခိုကင်းတဲ့ ဘဝလေးများ ဉာဏ်ရည် မသန်စွမ်းသူတိုင်း ရစေသား၊ ဧကန် ထိုသို့ ဖြစ်စေဖို့ ဒို့များ ဝိုင်းဝန်း ကူညီကြပါစို့” ဟူ၏။
အနာဂတ် ကြယ်ပွင့်လေးများ ဉာဏ်ရည် မသန် စွမ်းသူများ ကိုယ့်အားကိုယ်ကိုး အဖွဲ့ (Future Stars Intellectual Disabilities Self Advocacy Group) ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် လူငယ် ၄၉ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၄၉ ဦး၊ စုစုပေါင်း အဖွဲ့ဝင် ၉၈ ဦးဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံတွင် ဉာဏ်ရည် မသန်စွမ်းသူများနှင့် ပတ်သက်၍ ပထမဦးဆုံး ဖွဲ့စည်းခဲ့သည့် ကိုယ့်အားကိုယ်ကိုး အဖွဲ့ ဖြစ်ပြီး တနိုင်ငံလုံးရှိ ဘဝတူ ဉာဏ်ရည် မသန်စွမ်းသူများ အရေးကို ဆောင်ရွက်ပေး နိုင်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ယင်းအဖွဲ့ဝင်များက ပြောသည်။
ဉာဏ်ရည် မသန်စွမ်းသူတဦး၏ မိခင်ဖြစ်သူ ဒေါ်ခင်မျိုးစုက “မိဘတွေက အရမ်း အရေးကြီးတယ်။ ပစ်ထားမယ် ဆိုရင် ဒုက္ခ ပိုကြီးလာမှာ။ ကိုယ့်ကလေးကို အိမ်ထဲမှာပဲ မထားဘဲနဲ့ လူ့အသိုင်းအဝိုင်းထဲမှာ ဝင်ဆံ့နိုင်အောင် လုပ်ရမယ်။ လူသားလေး တယောက် အနေနဲ့ လူ့အခွင့်အရေး တွေကို တန်းတူ ရသင့်ပါတယ်” ဟု စိတ်အား ထက်သန်စွာ ပြောဆိုနေပုံက ယင်းစကားဝိုင်းကို ပိုမိုအသက်ဝင်စေခဲ့သည်။
လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အာရှပစိဖိတ် ဒေသဆိုင်ရာ မသန်စွမ်းမှု ဗဟိုဌာနတို့မှ ဉာဏ်ရည် မသန်စွမ်းသူများ နှင့် မိသားစုများအား မိမိအရေး မိမိဆောင်ရွက်နိုင် စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲတခုကို ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ လူမှုဝန်ထမ်း ဦးစီးဌာန၊ မသန်စွမ်း သက်ငယ် သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ယင်း ဆွေးနွေးပွဲ ကျင်းပပေးပြီးနောက် သင်တန်းကျောင်းမှ ဆရာမများ၊ မိဘများက ကူညီပံ့ပိုးသူများ အဖြစ် ပါဝင်လျက် ယူနီတီ အမည်ရှိ ကိုယ့်အားကိုယ်ကိုးအဖွဲ့ကို ဉာဏ်ရည် မသန်စွမ်း ကျောင်းသား လူငယ် ၁၅ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ရာမှ တဆင့် အနာဂတ် ကြယ်ပွင့်လေးများအဖွဲ့ ဖြစ်ပေါ်လာရ သည်ဟု အဖွဲ့ပေါ်ပေါက်လာပုံကို အဖွဲ့၏ အတွင်း ရေးမှူးအဖြစ် တာဝန်ယူထားသူ ဒေါ်ခင်မျိုးစုက အသေးစိတ်ရှင်းပြသည်။
“တခြား မသန်စွမ်းတွေဟာ သူတို့အခွင့်အရေးကို သူတို့ကိုယ်တိုင် တောင်းဆိုတတ်ပေမယ့်၊ ဉာဏ်ရည် မသန်စွမ်း ကလေးလေးတွေကတော့ မိဘက သူတို့ကိုယ်စား တောင်းဆိုပေးမှ ရတာ ဖြစ်တယ်။ သူတို့ ကိုယ်တိုင် သူတို့အရေးကို တောင်းဆို တတ်အောင်လည်း အန်တီတို့ သင်ကြားပေးနေတယ်” ဟု ၎င်းက ပြောသည်။
အနာဂတ် ကြယ်ပွင့်လေးများ စတင်ဖွဲ့စည်းချိန် ကစပြီး ဉာဏ်ရည် မသန်စွမ်းကလေးများ၏ မိဘများ အိမ်များတွင် တပတ်တကြိမ် ပုံမှန် တွေ့ဆုံဖြစ်ကြပြီး ကလေးများ၏ အနာဂတ်အရေးနှင့် ပတ်သက်၍ ဆွေးနွေး တိုင်ပင်ခြင်း၊ ကလေးများအား အတတ်ပညာများ၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများ သင်ကြားပေးခြင်း တို့ကို ပြုလုပ်ကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများကို အခြေခံ အုပ်စုကြီး ၄ စု ခွဲခြားထားပြီး၊ ကိုယ်အင်္ဂါ မသန်စွမ်း၊ အမြင်အာရုံ မသန်စွမ်း၊ အကြားအာရုံ မသန်စွမ်းနှင့် ဉာဏ်ရည် မသန်စွမ်းတို့ ဖြစ်သည်။
ဥပဒေ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် မသန်စွမ်းမှု ဆိုသည်မှာ မွေးရာပါဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ကိုယ်ကာယ၊ အမြင်အကြား၊ အပြော၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည် ဉာဏ်သွေးပိုင်းနှင့် အာရုံခံစားမှုပိုင်း ဆိုင်ရာ တခု သို့မဟုတ် တခုထက် ပို၍ ချို့ယွင်း အားနည်းချက် ရှိသူများ ဖြစ်သည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့က မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူညီချက် ကို နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အခွင့်အရေး အတွက် မသန်စွမ်း အဖွဲ့အစည်းပေါင်း ၁၀ဝ ခန့်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် တခြား မသန်စွမ်း အုပ်စုများသည် တရှိန်ထိုး တိုးတက်လာ ပြီး အခွင့်အရေးများစွာ ရရှိလာပြီ ဖြစ် သော်လည်း ဉာဏ်ရည် မသန်စွမ်းသူများသည် လိုအပ်ချက်များစွာကို ကိုယ်တိုင် ပြောဆို၊ တောင်းဆို နိုင်ခြင်း မရှိသည့် အတွက် နောက်ကျကျန်ခဲ့ရသည်ဟု အနာဂတ်ကြယ်ပွင့် လေးများ အဖွဲ့က ဆိုသည်။
ဉာဏ်ရည် မသန်စွမ်းကလေးများသည် အနာဂတ် ပျောက်နေသူများ၊ လမ်းပျောက်နေသူများ ဖြစ်နေကြ ရသည်။ အလုပ်အကိုင်အခွင့်အလမ်း မဆိုထားနှင့် တခြားသော မသန်စွမ်းများနှင့် တန်းတူရင်ပေါင်တန်း နိုင်ရန်ပင် ကြိုးစားနေကြသူများ ဖြစ်သည်။
မည်သို့ပင် ဉာဏ်ရည် မသန်စွမ်းစေကာမူ အချိန်များစွာ လေ့ကျင့်ပေးလျှင် သင်ယူ တတ်မြောက်နိုင်ပြီး အပြုအမူပိုင်း ဆိုင်ရာ ပြောင်းလဲ တိုးတက်သည့် သာဓကများစွာ ရှိသည်ဟု ဒေါ်ခင်မျိုးစုက ရှင်းပြသည်။
“မြန်မာနိုင်ငံမှာ အကြမ်းဖျင်း သတ်မှတ်တဲ့ မသန်စွမ်း ၄ မျိုးထဲမှာ ကျန်တဲ့ မသန်စွမ်း ၃ မျိုးက အလုပ်အကိုင် ရရှိဖို့ အတွက် အခွင့်အလမ်းတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ဒီ ဉာဏ်ရည် မသန်စွမ်းက ဘယ်လို သွားရမှန်း ကို မသိဘူး ဖြစ်နေတယ်။ လမ်းပျောက်နေတာ ပေါ့၊ အနာဂတ်လည်း ပျောက်နေတယ်” ဟု အနာဂတ် ကြယ်ပွင့်လေးများ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွယ်နီအေးက အဖွဲ့ကိုယ်စား ပြောပြသည်။
၂၀၁၄ နှစ်ကုန်ပိုင်းကမူ ယင်းအဖွဲ့ကလေးဆီသို့ အနာဂတ်အလင်းတန်း တခု မမျှော်လင့်ဘဲ ရောက်ရှိလာ သဖြင့် အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်း အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေသည့် မသန်စွမ်းသူများ လုပ်ငန်းခွင် ဝင်ရောက်နိုင်ရေး နည်းပြသင်တန်း (JCCM) ကို စတင် အကောင်အထည် ဖော်ခြင်းနှင့်အတူ စီးပွားရေး လုပ်ငန်းရှင်တချို့မှ မသန်စွမ်းသူများအား အလုပ်ခန့်ထားရေး အတွက် ဆက်သွယ်လာခြင်း ဖြစ်သည်။
တနိုင်ငံလုံးရှိ မသန်စွမ်း အဖွဲ့အစည်းများသို့ အလုပ်လျှောက်လွှာ ဖောင်များ ပို့သည်။ ရွှေမင်းသား ဖောင်ဒေးရှင်း ရုံးခန်းတွင် သင့်လျော်မည့် လုပ်ငန်းခွင် နေရာအတွက် ပဏာမ အင်တာဗျူး လာရောက် ဖြေဆိုကြသည်။ မသန်သော်လည်း အမှန်တကယ် အလုပ် လုပ်ချင်သူများ၊ မိဘကို လုပ်ကျွေးချင်သူများ၊ ဘဝ တိုးတက် မြင့်မားရေး အတွက် စိတ်အားထက်သန် နေသူများ ပါဝင်ကြသည်။
ကံကောင်း ထောက်မစွာဖြင့် အနာဂတ် ကြယ်ပွင့်လေးများ ဉာဏ်ရည် မသန်စွမ်းသူများ ကိုယ့်အား ကိုယ်ကိုး အဖွဲ့မှ နှစ်ယောက် အင်တာဗျူးအောင်သည်။ အနာဂတ် ကြယ်ပွင့်လေးများ အဖွဲ့ဝင် မိဘများအားလုံး မျက်ရည် လည်သည် အထိ ဝမ်းသာ ကြည်နူး ဖြစ်ကြရသည်။
“အတိုင်းမသိ ဝမ်းသာတယ်။ ဒီကလေးတွေ အတွက် အလင်းတန်းလေးတခု ရလာပြီ ဆိုပြီးတော့ ပြောမပြတတ် လောက်အောင် ဝမ်းသာတယ်” ဟု ဒေါ်မြင့်မြင့်သန်းက ဆိုသည်။
ဒေါ်မြင့်မြင့်သန်းသည် အသက် ၅၀ ဝန်းကျင် ခန့်ရှိပြီ ဖြစ်ပြီး သားသမီး ၃ ဦး၏ မိခင်၊ မုဆိုးမတဦး ဖြစ်သည်။ သူ၏ သားသမီး သုံးယောက် အနက် အငယ်ဆုံးသား ကောင်းထက်နိုင်မှာ ဉာဏ်ရည် မသန်စွမ်းသူတယောက် ဖြစ်သည်။ ထိုသားကလေး အတွက် စိတ်ပူရလွန်းသဖြင့် အိပ်မရခဲ့သည့် ညများ၊ ဒူးနှင့် မျက်ရည်သုတ်ခဲ့ရသည့် ညများ ကုန်ဆုံးသွား ပြီဟု သူက ပြောပြသည်။
ဉာဏ်ရည်မသန်စွမ်း အဖြစ် မွေးဖွားလာသည့် ကလေးများ၏ မိဘများသည် မိမိတို့၏ သားသမီး များကို ကြည့်ပြီး နေ့နေ့ ညည စားမဝင် အိပ်မပျော် ဖြစ်ခဲ့ရသည်။ သူ့တို့ဘဝ နောင်ရေးအတွက် ရတက် မအေး ဖြစ်ခဲ့ကြရသည်။ မိမိတို့ ကွယ်လွန်သွားပါက အသေပင် ဖြောင့်မည် မဟုတ်ဟု ဉာဏ်ရည်မသန်စွမ်း သူတို့၏ မိဘများ အားလုံးက တညီတညွတ်တည်း ပြောပြကြသည်။
ဒေါ်မြင့်မြင့်သန်းက “အရပ်စကားနဲ့ ပြောရရင် အခု အန်တီသေမယ် ဆိုရင်လည်း သေပျော်ပြီပေါ့ နော်။ အန်တီ မရှိလည်း သားလေး အတွက် နောက်ကြောင်း အေးသွားပြီ၊ စိတ်ချသွားပြီ” ဟု သူ၏ ရင်တွင်း ခံစားချက်များကို ဖွင့်ဟပြောသည်။
ကိုကောင်းထက်နိုင်နှင့် အတူ အလုပ်ရသူမှာ ကိုသူရိန်ဝင်းဖြစ်သည်။ သူတို့ နှစ်ဦးစလုံး၏ အသက် မှာ ၂၂ နှစ် ရှိပြီ ဖြစ်သည်။ ဉာဏ်ရည် မသန်စွမ်း သူများသည် ယင်းတို့၏ အသက် ထက်ဝက်ခန့်သာ အသိဉာဏ် ရှိသော ကြောင့် သူတို့ကို ကလေးများဟုသာ သုံးနှုန်း ပြောဆိုကြကြောင်း သိရသည်။ နှစ် ယောက်စလုံး အားကစားတွင် ထူးချွန်ပြီး လက်ရွေးစင် ဘောလုံးသမားများ ဖြစ်ကြကာ အဖွဲ့တွင်လည်း အတော်ဆုံး ကလေးများ ဖြစ်ကြသည် ဟု ဒေါ်ခင်မျိုးစုက ရှင်းပြသည်။
ယင်းတို့ နှစ်ဦးစလုံးသည် ရန်ကုန်မြို့၊ ပြည် လမ်းမပေါ်ရှိ စိုက်ပျိုးရေးမှတ်တိုင် အနီးတွင် မကြာခင် ဖွင့်လှစ်တော့ မည့် NOVOTEL အဆင့်မြင့် ဟိုတယ်ကြီး၏ Kitchen (မီးဖိုချောင်) တွင် အလုပ်ဝင်ရန် ပဏာမ အင်တာဗျူး အောင်မြင်သွားပြီ ဖြစ်သည်။ မကြာခင် အချိန်အတွင်းတွင် ဟိုတယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ အင်တာဗျူး ပြီး လုပ်ငန်းခွင် ဝင်ရတော့မည် ဖြစ်သည်။
အသက်အရွယ် ကြီးလာသည်နှင့် အမျှ မိသားစု အတွင်းတွင်သော် လည်းကောင်း၊ ပတ်ဝန်းကျင်တွင်သော် လည်းကောင်း၊ နိုင်ငံတော်တွင်သော် လည်းကောင်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ မှီခိုမှု နည်းနိုင် သမျှ နည်းပြီး သက်ရှည်ကျန်းမာ ဝင်ငွေရှာနိုင်သည့် သားကောင်း၊ သမီးမွန်များ ဖြစ်အောင် လေ့ကျင့် ပျိုးထောင်ပေးမှုများ၏ အသီးအပွင့်များကို စတင် ခံစား ကြရပြီဟု အနာဂတ် ကြယ်ပွင့်လေးများ၏ မိဘများ အားလုံး ယုံကြည်နေကြ သည်။
“ဒီကလေး နှစ်ဦးကနေ စတင်ပြီး အလုပ်လုပ် ခွင့်ရပြီ၊ ပြီးရင် အလုပ်ရှင်တွေ အနေနဲ့ ကျေနပ် နှစ်သက်မှု ရမယ် ဆိုရင် နောက်ထပ် ဉာဏ်ရည်မသန် စွမ်းတွေအတွက်လည်း အလုပ်ကိုင် အခွင့်အလမ်းတွေ အဆင်ပြေလာ နိုင်တယ် ဆိုတဲ့ မျှော်မှန်းချက် လေးတခု ရလိုက်သလိုပဲ။ သူတို့လေးတွေလည်း ကြိုးစားရင် တနေ့ ဒီလို ဖြစ်လာ နိုင်လာတယ် ဆိုတဲ့ ရည်မှန်းချက်လေးတွေ ရလာတာပေါ့” ဟု အနာဂတ် ကြယ်ပွင့်လေးများကို ကြည့်ရင်း ဒေါ်နွယ်နီအေးက စိတ်အားတက်ကြွနေသည်။
မြန်မာနိုင်ငံရှိ ဉာဏ်ရည် မသန်စွမ်းသူများထဲမှ ပထမဦးဆုံး အနေဖြင့် အလုပ်အကိုင် ရရှိသွားသည့် ကိုကောင်းထက်နိုင်နှင့် ကိုသူရိန်ဝင်းတို့ ကလည်း အတော်ဆုံးနှင့် အကောင်းဆုံး၊ အလိမ္မာဆုံး ဝန်ထမ်း ကောင်း ကလေးများ ဖြစ်ဖို့ မိဘများကို ကတိပေး ထားကြသည်ဟု သိရသည်။
“သားတို့ အကောင်းဆုံး လုပ်မှာပါ။ ကြိုးစားပြီး လုပ်မယ်။ လုပ်ငန်းခွင်မှာ သားတို့ကို စနောက်တဲ့သူ ရှိရင်လည်း သည်းခံပြီး အကြီးအကဲတွေကို ပြန်ပြော ပြပါ့မယ်” ဟု ကိုကောင်းထက်နိုင်နှင့် ကိုသူရိန်ဝင်း တို့က ပြောကြသည်။
သူတို့၏ ပျော်ရွှင်ကြည်နူးမှုများ က အနာဂတ် ကြယ်ပွင့်လေးများသို့ ကူးစက်သွား သည်။ အနာဂတ် ကြယ်ပွင့်လေးများအဖွဲ့သည် ဘဝတူ မိသားစုများဖြင့် ဖွဲ့စည်းထားသည့် အတွက် ဆွေမျိုး အရင်းအချာများ သကဲ့သို့ ဖြစ်နေကြသည်။ တယောက်နှင့် တယောက် ရင်းနှီးပွင့်လင်းစွာ တိုင်ပင် ဆွေးနွေးကြသည်၊ ညှိနှိုင်းဆောင်ရွက်ကြသည်။ သူတို့အားလုံးအတွက် နားခိုရာ အေးရိပ်သာလေးတခု ဖြစ်နေသည်။ သူတို့၏ ရင်တွင်း ခံစားချက်များကို စိတ်သက်သာရာ ရရာရကြောင်း အပြန်အလှန် ရင်ဖွင့်ကြသည်၊ အားပေးကြသည်။
“ဒီ အသိုင်းအဝိုင်းလေးဟာ ကျနော်တို့ရဲ့ ဆွေမျိုးအရင်းအချာ ပဲ။ ကျနော့် တဦးတည်းသော သမီးလေး ဒီလို ဉာဏ်ရည် မသန်စွမ်း ဖြစ်တာကို ဆွေမျိုးရင်းချာတွေ ကတောင် ပစ်ပယ်ထားကြ တယ်။ ကျနော့်ရဲ့ မိသားစု၊ ဆွေမျိုးတွေထက် ဒီအသိုင်း အဝိုင်းလေးကို ပိုခင်တွယ်တယ်” ဟု ဉာဏ်ရည် မသန်စွမ်းသူ မအေးမြတ်မြတ်နှင်း ၏ ဖခင်ဖြစ်သူ ဦးစိုးပိုင်က ရင်ဖွင့်သည်။
ဉာဏ်ရည် မသန်စွမ်းကလေးများကို မွေးစ ကတည်းက ပိုးမွေးသလို မွေးလာကြရသည်။ သူတို့ လေးတွေ အတွက် အမြဲတမ်း ပူပန်နေကြရသည်။ သူတို့သည် တခြား သာမန်ကလေးများ ကဲ့သို့ အဆင့်မြင့် ပညာများကို သင်ယူနိုင်စွမ်း မရှိပေ။
“မြို့သူမြို့သားလည်း မဟုတ်ဘူး၊ တောင်ပေါ်က လာတဲ့ တိုင်းရင်းသားဆိုတော့ အမျိုးမျိုး အနှိမ်ခံရတယ်။ အမြဲတမ်း ငိုနေရတယ်။ ဒူးနဲ့ မျက်ရည် သုတ်နေရတယ်။ ကျောင်းမှာဆိုလည်း ဆရာမကို အောက်ကျို့ခံပြီး အမျိုးမျိုး ပြောရတယ်။ ရပ်ကွက်ထဲမှာ ဆိုလည်း အရူးလေးလို့ အပြောခံရတယ်။ သူ့အတွက် ဘာလုပ်ပေးရ မှန်းကို မသိခဲ့ဘူး” ဟု ရှမ်း-တရုတ်စပ် တိုင်းရင်းသူ ဒေါ်ဆွေက သူ၏ သားလေးအား ပြုစုပျိုးထောင်ခဲ့ရပုံကို ပြန်လည်ပြောပြ ရင်း ရှိုက်ကြီးတငင် ငိုနေသည်။
အနာဂတ် ကြယ်ပွင့်လေးများ အဖွဲ့ရပ်တည်ရေး အတွက် အဖွဲ့ဝင် မိဘများနှင့် ကလေးများက တလလျှင် တထောင်ကျပ်စီ ထည့်ဝင်ကြသည်။ ဉာဏ်ရည် မသန်စွမ်းကလေးများ ကိုယ်တိုင် ဆပ်ပြာမွှေပြီး ဆပ်ပြာရည်ဘူး ရောင်းကြသည်။ အိမ်တွင်းမှု လက်လုပ်ပစ္စည်းလေးများ ပြုလုပ်ပြီး ဝင်ငွေရှာကြသည်။
အချက်အပြုတ်၊ အချုပ်အလုပ်၊ ပန်းချီဆွဲခြင်း၊ မုန့်လုပ်ခြင်းတို့ လုပ်တတ်ကြသည် ဟု သူ့ထက်ငါ အပြိုင် လုပြော နေကြသည်။ ဈေးလည်း ရောင်းတတ်သည်ဟု ပြောနေသံကို ကြားမိသည်။ သူတို့ အချင်းချင်းလည်း ချစ်ခင်ရင်းနှီးစွာ တဦးနှင့်တဦး မောင်နှမ အရင်းများကဲ့သို့ပင် သံယောဇဉ် တွယ်နေကြသည်ကို တွေ့မြင်ရသည်။
အနာဂတ် ကြယ်ပွင့်လေးများအဖွဲ့မှ မိဘများ အားလုံးသည် သူတို့၏ သားသမီးများ အတွက် နောင်ရေး စိတ်အေးရအောင် လုပ်တတ်သလောက်၊ လုပ်နိုင်သလောက် အစွမ်းရှိသလောက် ကြိုးစား လုပ်ကိုင်နေကြခြင်း ဖြစ်ပြီး တခြားသော ဘဝတူ မိဘများကိုလည်း မိမိတို့ သားသမီးများ၏ မသန်စွမ်း မှုကို ရှက်ကြောက်မနေဘဲ ပြင်ပ ကမ္ဘာနှင့် ထိတွေ့ ဆက်ဆံနိုင်အောင် ယင်းတို့အဖွဲ့နှင့် ဆက်သွယ်ပါ ဟု ဦးစိုးပိုင်က တိုက်တွန်းသည်။
အဖွဲ့အနေဖြင့် သတင်းမီဒီယာများ၊ ရေဒီယို များ၊ လက်ကမ်း စာစောင်များမှ တဆင့် ပညာပေး လုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်သွားမည် ဟုလည်း သိရသည်။
ကံကြမ္မာ၏ ပြဋ္ဌာန်းချက်ကြောင့် ထိုလူငယ် လေးများမှာ ဉာဏ်ရည် မသန်စွမ်းသူများ ဘဝသို့ ရောက်ခဲ့ရသည်။ ထိုဘဝသည် သူတို့အား လူနှင့် လူ့အဖွဲ့အစည်း၏ နောက်နားဆီသို့ မသိမသာ တွန်းပို့ခြင်း ခံရပြန်သည်။ အခုတော့ အနာဂတ် ကြယ်ပွင့်လေးများအဖွဲ့၏ ထောက်ပံ့ ကူညီမှုဖြင့် သူတို့နှင့် အတန်ငယ်မျှ အလှမ်းကွာ နေသော လူ့အဖွဲ့အစည်းဆီသို့ ပြန်လည်ချဉ်းကပ်နိုင်တော့မည် ဖြစ်သည်။
တကယ်ဆိုလျှင် သူတို့သည် ဉာဏ်ရည် မသန်စွမ်းသူ ကလေးများ ဖြစ်ကြသော်လည်း လူ့အဖွဲ့အစည်း ရင်ခွင် အတွင်း သူတို့ တတ်နိုင်သမျှ အစွမ်းဖြင့် လိုက်ပါဝင်ဆံ့နိုင်ကြောင်း မကြာမီတွေ့ မြင်ရတော့ပေမည်။ ။