“အစိုးရ က ကျမကို ဆန့်ကျင်တဲ့သူလို့ အမြဲမြင်နေတယ်”လို့ ကရင်သံ ဝဲဝဲ နဲ့ ပြောဆိုလိုက်သူကတော့ စစ်အစိုးရ လက် ထက် မှာ စနစ်ဆိုးကို တော်လှန်သူရယ်လို့ သတ်မှတ်ခံရပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ လယ်သမား အရေး၊ အလုပ်သမား၊ အမျိုးသမီးအရေးစတဲ့ လူ့အခွင့်အရေး ဆိုင်ရာကိစ္စတွေမှာ တက်ကြွလှုပ်ရှား ပါဝင်သူအဖြစ် အသိ အမှတ် ပြု ခံထားရတဲ့ အမျိုးသမီးကြီး ဒေါ်နော်အုန်းလှပဲ ဖြစ်ပါတယ်။
အသက် ၅၀ ကျော်အရွယ် ရှိပြီး အမြဲပြုံးနေတဲ့မျက်နှာထားပိုင်ရှင် ဒေါ်နော်အုန်းလှ ဟာ ၁၉၈၈ ခုနှစ် ကျောင်းသား အရေး တော် ပုံကာလမှာ အစိုးရရဲ့ မတရားဖိနှိပ်မှုတွေကို ကြားသိခဲ့၊ မျက်မြင်တွေ့ခဲ့ပြီးချိန်ကစလို့ နိုင်ငံရေး ဆိုတဲ့ အကြောင်း အရာ ကို စိတ်ဝင်စားလာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဆန္ဒထုတ်ဖော်မှုတချို့ကို တွေ့မြင်ပြီး မတရားမှု ဆိုတာတွေကို မြင်လာ ခဲ့ရာမှ နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်လာခဲ့သူပါ။
သူဟာ ၁၉၈၈ ခုနှစ် ကာလတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ အဖွဲ့ဝင်တယောက်ဖြစ်လာတယ်။ ရန်ကုန် မြို့ ပေါ် ရပ်ကွက်တခုရဲ့ ရပ်/ကျေး အတွင်းရေးမှူးရွေးချယ်ခံရတယ်။ ၁၉၉၆ ခုနှစ်မှာ အဖွဲ့ချုပ် ရဲ့ ဗဟို အမျိုး သမီး အဖွဲ့ ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရွေးချယ်ပြီး ခန့်အပ်တာဝန်ပေးခြင်းခံရတယ်။
၁၉၉၇ ခုနှစ်မှာ ရန်ကုန်တိုင်း အမျိုးသမီး အဖွဲ့ဝင်ဖြစ်လာတယ်။ ၂၀၀၃ ခုနှစ်ဒီပဲယင်းအရေးခင်းကာလမှာ အဖွဲ့ချုပ်က ညွှန်ကြား တာတွေ လုပ်ခဲ့ပေမယ့် ဒီပဲယင်းအရေးခင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံခဲ့ရပြီးနောက်ပိုင်း မိမိ ယုံကြည်ချက်နဲ့ ဒေါ်အောင်ဆန်း စုကြည်လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင် ခဲ့ပါတယ်။ နိုင်ငံတဝန်း NLD ရုံးတွေ ကို အစိုးရဘက်က ပိတ်ပစ်ခဲ့တာမို့ သူကိုယ်ပိုင်ရပ်တည်ချက်နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ရင်း ၁၉၉၈ ခုနှစ်မှာတော့ သူ့ကို အာဏာပိုင်တွေက ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ အဲဒီဖမ်းဆီးခံရမှုက ပထမဆုံး ဖမ်းဆီး ခံရမှုပဲဖြစ်ပါတယ်။
“ဖမ်းဆီးခံရပြီး ထောင်ထဲမှာ ၁ နှစ်ခွဲလောက်ကြာသွားသေးတယ်။ ပြန်လွတ်လာပြီးနောက်ပိုင်း ၂၀၀၄ ခုနှစ်မှာ နိုင်ကျဉ်း လွတ် မြောက်ရေး ဆုတောင်းပွဲကို လုပ်တယ်။ ရန်ကုန်တိုင်းရဲ့ မြို့နယ် ၃၀ ကျော် က အမျိုးသမီးတွေ စုစည်းပြီးတော့ ရွှေတိဂုံ ပေါ်တက်မယ်ဆိုပြီး ဆုံးဖြတ်တော့ တားမြစ်တာခံရတယ်။ အဲဒီကိစ္စနဲ့ ပါတီရဲ့ စည်းကမ်းဖောက်တယ်ဆိုပြီး ပါတီ အဖွဲ့ ဝင် အဖြစ်က ၁ နှစ်ရပ်နားခံရတယ်၊ နောက်တော့ ပါတီကနေ ထုတ်လိုက်တယ်”လို့ ဒေါ်နော်အုန်းလှ က သူ ဖြတ် သန်း ခဲ့ဖူးတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင် ဘဝကို ပြန်ပြောပြတယ်။
သူဟာ အခြားအမျိုးသမီးအဖွဲ့ဝင်တွေနဲ့အတူ ရွှေတိဂုံစေတီတော်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ နိုင်ငံ ရေး အကျဉ်းသားများလွတ်မြောက်ရေးတွေ အတွက် အာဏာပိုင်တွေ တားဆီးပိတ်ပင်မှုကြားထဲက အပတ်စဉ် ဆိုသလို ဆုတောင်းပွဲတွေ လုပ်ခဲ့သူလည်း ဖြစ်တယ်။
နိုင်ငံရေးဆိုင်ရာ ဆုတောင်းပွဲတွေကြောင့်ပဲ ဒေါ်နော်အုန်းလှနဲ့ အဖွဲ့ကို စစ်အစိုးရ အာဏာ ပိုင်တွေ က ရွှေတိဂုံ စေတီတော်၊ အင်္ဂါထောင့်မှာ “ကလိမ်ခြုံ နိဗ္ဗာန်ဆော်များ” ဆိုတဲ့ စာတမ်းတွေကပ်ပြီး ရှုတ်ချခဲ့ပေ မယ့် သူတို့ကတော့ အင်္ဂါနေ့ရောက် တိုင်း ရွှေတိဂုံစေတီတော်မှာ ဆုတောင်းပွဲတွေ ဆက်လက် လုပ်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံရေးအရ ဖိနှိပ်မှုတွေ များနေတဲ့ အချိန် မှာ ဒေါ်နော်အုန်းလှတို့ရဲ့ အင်္ဂါနေ့ဆုတောင်းပွဲက အများပြည်သူတွေကို နိုင်ငံရေး စိတ်ဓာတ် တက်ကြွ နိုးကြား စေခဲ့ တဲ့ သတင်းတခု၊ လှုပ်ရှားမှု တခုဖြစ်စေခဲ့ပါတယ်။
ဆုတောင်းပွဲတွေ ဆက်တိုက်လုပ်ခဲ့ရင်း နဲ့ တကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါဝင်တဲ့ အကျႌကို ဝတ်ပြီး ရွှေတိဂုံ စေတီတော်ပေါ် တက်ဖို့ ကြိုးစားလို့ အာဏာပိုင်တွေက ခံဝန်လက်မှတ်ထိုးခိုင်းခဲ့တယ်။ လက်မှတ်ထိုးဖု့ိ ငြင်းဆန် လို့ အာဏာပိုင်တွေက ဒေါ်နော်အုန်းလှ ကို အင်းစိန်ထောင်ကို တန်းပြီးပို့လိုက်တယ်။ နောက်ပိုင်းတရားရုံးအမိန့်နဲ့ သူ နေထိုင်ရာ မှော်ဘီမြို့နယ်ကနေ ဘယ်မှမထွက်ဖို့ ခြေချုပ်ခံဝန်နဲ့ နေခဲ့ရသေးတယ်။
“ဘုရားပေါ်တက်တဲ့အခါမှာ ဆွေးနွေးရအောင်ပြောပြီး တနေ့လုံးအခန်းထဲမှာပိတ်ထားတာမျိုးရှိတယ်။ ခြိမ်းခြောက်မှု၊ ဖိနှိပ်မှု တွေလည်း ရှိခဲ့တယ်။၂၀၀၉ ခုနှစ်မှာ ၂၀၀၇ ရွေဝါရော်တော်လှန်ရေး ၂ နှစ်ပြည့် အနေနဲ့ သံဃာတော်တွေကို ကမ္မဝါစာကပ်လို့ဆိုပြီး ပုဒ် ၅၀၅ (ခ) နဲ့ ထောင် ၂ နှစ် ကျတယ်။ ၂၀၁၁ မှာ လွတ်လာပြီးတဲ့အချိန်မှာ နိုင်ငံရေး အကျဉ်း သား တွေလည်း လွတ်လာတယ်။ နိုင်ကျဉ်းလွတ်မြောက်ဖို့ ကို အများစုကလည်းလုပ်လာတော့ အခြားကိစ္စတွေမှာ မတရားမှု တွေအများကြီးရှိနေတယ်ဆိုတော့ တခြားလှုပ်ရှားမှုတွေ ဆက်လုပ်တယ်”လို့ သူက ဆိုပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန် ရဲ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာတော့ လယ်သမားအရေး၊ အလုပ်သမား၊ အမျိုးသမီးအရေး စတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကိစ္စတွေအပါအဝင် ပြည်သူတွေအပေါ် ဖိနှိပ် ချုပ်ခြယ်မှုနဲ့ မတရားမှု ကိစ္စတွေအတွက် လှုပ်ရှားမှုတွေ လုပ်နေခဲ့တာ ယနေ့အချိန်ထိ လုပ်နေဆဲဖြစ်တယ်လို့ ဒေါ်နော်အုန်းလှ က ပြောပြပါတယ်။
မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ် စတဲ့ဒေသအများအပြားက ဒေသခံ ပြည်သူ တွေရဲ့ လယ်သိမ်းခံရမှုပြဿနာ၊ ရေလုပ်ငန်းပြဿနာ၊ အိမ်ဖော်အလုပ်သမားများ အကြမ်းဖက်ခံရမှု၊ ကလေး စစ်သားကိစ္စ နဲ့ ကလေးသူငယ်တွေအပေါ် နှိပ်စက်ညှင်းပန်းမှုတွေလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ကိစ္စတွေမှာ ကူညီဖို့ နိုင်ငံရေးအကျဉ်းသားအမျိုးသမီးများကွန်ရက် ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီကွန်ရက်က တဆင့် ပြည်သူတွေဆီက အသံတွေ၊ ပြဿနာတွေကို တတ်နိုင်သလောက် ဖြေရှင်းဆောင်ရွက်ပေးတာ၊ ကူညီတာမျိုးလုပ်ခဲ့တယ်လို့ သိရပါတယ်။
“အစိုးရ ကတော့ လူ့အခွင့်အရေးကို မချိုးဖောက်တော့ပါဘူး၊ ဒီမိုကရေစီကိုဖော်ဆောင်နေပြီလို့ ပြောနေပေမယ့် တကယ် တော့ ဒီနိုင်ငံတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်ဆိုတာကို လူတိုင်းသိနေတာပဲလေ။ ဒီနှစ်ထဲမှာတင် မီဒီယာ တွေ ထောင်ချခံရတဲ့ကိစ္စ၊ လယ်သမားတွေကို ထောင်တွေချနေတဲ့ကိစ္စ၊ အမျိုးသမီးတွေ ဖိနှိပ်ခံနေရတဲ့ကိစ္စတွေက လူ့ အခွင့် အရေး ချိုးဖောက်ခံနေရတာကို ပေါ်လွင်စေတယ်။ အန်တီတို့နိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီ မရရှိသေးပါဘူး။ ငြိမ်းချမ်းရေးက အလှမ်းဝေးနေဆဲပါ။ ဆက်ကြိုးစားစရာတွေ အများကြီးရှိသေးတယ်”လို့ ဒေါ်နော်အုန်းလှ က မြန်မာ နိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးရရှိမှုအခြေအနေအပေါ် သုံးသပ်ဝေဖန်ပါတယ်။
ကုလသမဂ္ဂ အဖွဲ့အစည်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို ငြိမ်းချမ်းဆုတွေ ပေးနေတာဟာလည်း နိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတုန်း လို့ မြင်လို့ ပေးတာဖြစ်တယ်လို့ မြင်ကြောင်း သူက ပြောတယ်။
“ဒီလိုဆုတွေပေးတာဟာ ဒီနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့နိုင်ငံဖြစ်တယ်ဆိုတာ အသိအမှတ် ပြုတယ် လို့မြင်တယ်”လို့ ဒေါ်နော်အုန်းလှက ရှင်းပြတယ်။
လယ်မြေယာသိမ်း ကိစ္စတွေနဲ့ ပတ်သက်လို့ တောင်သူလယ်သမားတွေအနေနဲ့ မိမိအခွင့်အရေး ကို သိလာအောင်၊ ဥပဒေ ပိုင်းဆိုင်းရာအသိပညာတွေရှိလာအောင်လည်း ဟောပြောဆွေးနွေးပွဲမှုတွေ မရပ်မနားလုပ်ဆောင်ခဲ့ပြီး အမျိုး သမီး အခွင့်အရေး နဲ့ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးမှုတွေလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ ဒေါ်နော်အုန်းလှရဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆန့်ကျင်ရေး ဦးဆောင် လှုပ်ရှားမှုက မြန်မာ့ နိုင်ငံရေးအပေါ် အလွန်ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိစေခဲ့ပါတယ်။ မတရားမြေသိမ်းခံရတဲ့ တောင်သူတွေဘက်က မကြောက်မရွံ့ရဲရဲတင်းတင်း ရပ်တည် ဆန့်ကျင်ခဲ့တဲ့အတွက် သူ့ကို အစိုးရ က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါသေးတယ်။
“အရင် အစိုးရ က စစ်အုပ်ချုပ်ရေးဖြစ်တယ်။ အဲဒီတုန်းက လူတွေက မပြောရဲကြဘူး။ ကိုယ့်အခွင့်အရေးကို ကိုယ်မသိ ကြတာလည်း ပါမှာပေါ့။ အခုတော့ ဒီမိုကရေစီဆိုတာသိလာတယ်။ ဒါပေမယ့် ဥပဒေတွေက လူထုကို ဖိနှိပ်တယ်။ အကျိုး ပြု ကာကွယ်တာသိပ်မရှိဘူး။ အခြေခံဥပဒေတွေထုတ်ပြန်ထားပြီးမှ နည်းဥပဒေတွေနဲ့ပြန်ပြီးတော့ ထိန်းချုပ် တယ်လို့ မြင် တယ်။ အဲဒါကို လူထုကလည်း သေချာမသိတော့ အစိုးရက လုပ်သမှျှ က အောင်မြင်တယ်လို့ ပြောရမှာပေါ့”လို့ သူက မြန်မာ နိုင်ငံရဲ့ ဥပဒေ နဲ့ တရားဥပဒေစိုးမိုးရေးအပေါ် သုံးသပ်ပါတယ်။
ဒေါ်နော်အုန်းလှဟာ ၂၀၁၀ မတိုင်ခင် ကာလ မှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက် ရေး ကိစ္စတွေကြောင့် အာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးထောင်ချခြင်းတွေ ခံခဲ့ရသလို ဒီမိုကရေစီ အပြောင်း အလဲ စတင်နေပြီလို့ ဆိုလာတဲ့ ၂၀၁၀ နောက်ပိုင်းကာလတွေမှာလည်း လယ်သမား၊ အလုပ်သမား၊ လယ်သိမ်း မြေသိမ်း စတဲ့ ကိစ္စတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ကူညီခဲ့တာကြောင့်လည်း ဖမ်းဆီးထိန်းသိမ်းမှုတွေခံခဲ့ရပါတယ်။
ဒေါ်နော်အုန်းလှကို အာဏာပိုင်တွေက ၁၇ ကြိမ်တိုင်တိုင် ဖမ်းဆီးခဲ့ပြီး ၂၀၀၉ ခုနှစ် မှာ ထောင်တကြိမ်ကျပြီး ၂၀၁၃ ခုနှစ် မှာ လည်း လက်ပံတောင်းအရေးလှုပ်ရှားမှုနဲ့ ထပ်မံ ထောင်ကျခဲ့သူပါ။ ကျန်တဲ့ ၁၁ ကြိ်မ်မှာတော့ ခံဝန်၊ ခြေချုပ်အပြင် ပြစ်ဒဏ် ကျခံရတာမျိုးမဟုတ်ဘဲ ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာမျိုးတွေလည်း ရှိပါတယ်။
ပြည်သူလူထု ရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ ပြဿနာတွေကို ဝင်ရောက်ကူညီလေ့ရှိတဲ့ တက်ကြွ လှုပ်ရှားသူ အများစုကို အစိုးရအာဏာပိုင်တွေက သဘောကျလေ့မရှိပါဘူး။ ဒေါ်နော်အုန်းလှက သူဟာ အစိုးရကို အမြဲ ဆန့်ကျင် နေသူမဟုတ်ဘဲ နိုင်ငံတိုးတက်ဖို့အတွက် အစိုးရ မှားတာတွေကို ဝေဖန်ထောက်ပြနေတာလို့ ဆိုပါတယ်။
“တကယ်တော့ အစိုးရကို ဆန့်ကျင်နေတာမဟုတ်ဘူး။ အစိုးရ မှားနေလို့ ပြောနေတာ။ အမှားအမှန်ကို ပြည်သူတွေလည်း ပြောစေချင်တယ်။ ဒါက မမှားဘူး၊ မှားတယ်။ မတရားဘူး၊ တရားတယ်။ ပြောနိုင်မှ ကျမတို့ နိုင်ငံတိုးတက်မှာလို့ ခံစားမိတယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်သိပြီး အစိုးရကို တုံ့ပြန်နိုင်ဖို့လိုတယ်”လို့ ဒေါ်နော်အုန်းလှ က ပြောပြတယ်။
လယ်သမား၊ အလုပ်သမား၊ အမျိုးသမီး စတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ကိစ္စတွေရဲ့ ပြဿနာပေါင်းစုံကို ကူညီ ပေးနေတဲ့သူ့ကို ခေါင်းစဉ် တမျိုးပဲ သီးသန့်လုပ်ပါလို့ အကြံပေးသူတွေလည်း ရှိတယ်။ ဒါပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေက နေရာတိုင်းမှာ ဖြစ်ပေါ်နေတာမို့ ခေါင်းစဉ် တခုတည်းကိုပဲ မလုပ်နိုင်ဘူးလို့ သူက ပြောပါတယ်။
အခုနောက်ဆုံး ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းအကြမ်းဖက်မှုကြောင့် သေဆုံးသွားရတဲ့ ဒေါ်ခင်ဝင်း အရေးကိစ္စမှာ တရုတ်သံရုံးရှေ့ သွားရောက် ဆန္ဒပြရင်း ဒေါ်နော်အုန်းလှ အဖမ်းခံရထားရပါတယ်။
“ဝမ်ပေါင် ကုမ္ပဏီ ထွက်သွား” ဆိုတဲ့ ကြွေးကြော်သံကို ရဲရဲဝင့်ဝင့် အော်ဟစ် ဆန္ဒပြ ခဲ့တဲ့ ဒေါ်နော်အုန်းလှဟာ အခု အချိန်မှာ နိုင်ငံတော်အကြည်ညို ပျက်စေမှု ၊ တရားမဝင် စီတန်းလှည့်လည်မှု စတဲ့ ပုဒ်မပေါင်းများစွာနဲ့ တရားစွဲဆိုခံရပြီး သံတိုင်တွေနောက်ကို တတိယအကြိမ်မြောက် ထပ်မံ ရောက်ရှိနေပါပြီ။ သူနဲ့အတူ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်၊ ဒေါ်စိန်သန်း တို့ပါ အဖမ်းခံထားရရင်း အမှုရင်ဆိုင်နေရပါတယ်။
ရုံးချိန်းတိုင်း အချုပ်ကားပေါ်ကနေ အပြုံးမပျက်ဆင်းလာတဲ့ ဒေါ်နော်အုန်းလှရဲ့ မျက်နှာအသွင်အပြင်ပေါ်မှာ အနာဂတ် မြန်မာ နိုင်ငံအတွက် ဒီမိုကရေစီထွန်းကားရေး နောက်မဆုတ်တမ်း ဆက်လက် လှုပ်ရှားတိုက်ပွဲဝင်သွားမယ်ဆိုတဲ့ ယုံကြည် ချက်တွေ အထင်းသား ပေါ်လွင်နေပါတယ်။