မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြည်သူဗဟိုပြု ရဲလုပ်ငန်းဖြစ်လာဖို့ ဥရောပသမဂ္ဂက ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်နဲ့ နိုင်ငံတကာက ရဲအရာရှိတွေ၊ အငြိမ်းစားရဲအရာရှိတွေကို ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နည်းပညာ၊ လေ့လာရေး ခရီးစဉ်တွေနဲ့ သင်တန်း အစရှိတဲ့ အကူအညီတွေကို ပံ့ပိုးပေးနေပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးကို ဥရောပသမဂ္ဂအစီအစဉ်နဲ့ ဘယ်လိုရှေ့ဆက်မလဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ် အနာဂတ်အမြင်နဲ့ သုံးသပ်ချက်တွေသိရှိစေဖို့ ဥရောပသမဂ္ဂရဲ့ မီဒီယာနှင့် လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများကဏ္ဍ တာဝန်ခံ Mrs. Karin Diana Deckenbach ကို ဧရာဝတီ အကြီးတန်းသတင်းထောက် မေစစ်ပိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
ဧရာဝတီ ။ ။ ဥရောပ သမဂ္ဂက မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးမှာ အကူအညီ ပေးနေတာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလက စခဲ့ပြီး စီမံကိန်းကာလ ၁ နှစ်လို့သိရတယ်။ အခု သက်တမ်း ၁ နှစ်က ပြည့်ခါနီးပြီဆိုတော့ ဘယ်လို ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်ရှိပါလဲ။
Mrs. Karin Diana Deckenbach ။ ။ စီမံကိန်းကာလကို နောက်ထပ် ၆ လလောက် ထပ်တိုးနိုင်ပါတယ်။ သက်တမ်းက လာမယ့် စက်တင်ဘာ လလယ်လောက်အထိ ဖြစ်မယ်။ အဲဒါပြီးရင် နောက်ဆက်တွဲ စီမံကိန်းတခုလုပ်ဖို့ ရှိပါတယ်။ အဲဒီ စီမံကိန်းမှာလည်း ရဲတပ်ဖွဲ့အတွက် ဦးစားပေး အစီအစဉ်တွေ ရှိပါတယ်။ လုပ်စရာတွေအများကြီး ကျန် သေးတယ်။ ဒီစီမံကိန်းမှာလည်း ရဲတပ်ဖွဲ့ရဲ့ တာဝန်ခံမှုနဲ့ ဆိုင်တဲ့ကိစ္စတွေ လုပ်နေတာရှိတယ်။ ထပ်လုပ်ရမယ့် ကိစ္စတွေက ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်၊ လူစုလူဝေးကို စီမံခန့်ခွဲမှု၊ ရဲတပ်ဖွဲ့နဲ့ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေ မီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံမှု စတာတွေကို ရဲသင်တန်းကျောင်းက သင်ရိုးညွှန်းတမ်းတွေထဲကို ပြောင်းလဲ ထည့်သွင်းဖို့ ရှိပါတယ်။
ဧရာဝတီ ။ ။ စီမံကိန်းကာလ ၁ နှစ် အတွင်းမှာ စီမံကိန်း မြို့နယ်က တမြို့နယ်တည်းဆိုတာ သိရတော့ သက်တမ်း ထပ်တိုးမယ်ဆိုရင် စီမံကိန်း မြို့နယ်တွေရော ထပ်တိုးလာဖို့ ရှိပါလား။
Mrs. Karin Diana Deckenbach ။ ။ ဥရောပ သမဂ္ဂက မင်္ဂလာတောင်ညွှန့် မြို့နယ်မှာ စပြီး သင်တန်းပေးခဲ့တာ၊ အခုဆိုရင် လှိုင်သာယာ၊ သန်လျင်၊ မင်္ဂလာတောင်ညွန့်နဲ့ စမ်းချောင်း မြို့နယ်တွေမှာ ပြည်သူဗဟိုပြု ရဲလုပ်ငန်း သင်တန်း တွေ ပေးထားပါတယ်။ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်မှာ ဆရာဖြစ်သင်တန်း ဆိုတာလည်း ရှိတယ်။ တက်ခဲ့သူတွေက ပြန်ပြီးသင်တန်းပေးနိုင်အောင် သင်တန်းပေးခဲ့တာပါ။
လက်ရှိ ဆရာဖြစ်သင်တန်းမှာ တက်ခဲ့တဲ့ ရဲ တပ်ဖွဲ့ဝင်တွေက တခြားရဲတပ်ဖွဲ့ဝင်တွေကို သင်တန်း တွေ ဆက်လက် ပို့ချပေးတာကို လက်ရှိ ၂၅ မြို့နယ် မှာ လုပ်နေတယ်။ ဒါကို EU က သွားကြည့်ပေးတယ်။ နောက်ဆက်တွဲ စီမံကိန်းမှာလည်း ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်နဲ့ လူစုလူဝေး ထိန်းသိမ်းနည်း ဆက် လက်ပြီး ပါလာလိမ့်မယ်။
ဧရာဝတီ ။ ။ လူစုလူဝေး ထိန်းသိမ်းနည်း သင်တန်းတွေ လည်း ပေးတယ်ဆိုတာ ဟုတ်ပါလား။
Mrs. Karin Diana Deckenbach ။ ။ လူစုလူဝေး ထိန်းသိမ်းနည်း သင်တန်းက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ လုပ်ပြီးပြီ။ တောင်ကြီးမှာလည်း သင်တန်း ထပ်ပေးဖို့ အစီအစဉ် ရှိတယ်။ အရင်က လုံထိန်းလို့ ခေါ်ပြီး အခုတော့ လုံခြုံရေးတပ်ခွဲလို့ ခေါ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးနေတာ ဖြစ်ပြီး တနိုင်ငံလုံးမှာရှိတဲ့ လုံခြုံရေးတပ်ခွဲက ရဲတွေလည်း ပါတယ်။ ရခိုင်ကလည်း ရဲတွေလည်း ပါတယ်။ သင်တန်းတခုမှာ ရဲတပ်ဖွဲ့ဝင် ၂၄၀ ဦးကို သင်တန်းပေးပါတယ်။
ဧရာဝတီ ။ ။ ရဲတပ်ဖွဲ့ဝင်တွေကို အဲဒီလိုသင်တန်းတွေပေးပေမယ့် တချို့ဒေသတွေမှာ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြမှုတခုခုဖြစ်လာရင် ဖြေရှင်းမှုက နည်းလမ်းတကျ လုပ်ဆောင်တာ မတွေ့ရဘူး။ အနီးစပ်ဆုံး လက်ပံတောင်း အကြမ်းဖက်ဖြိုခွဲမှု ကိစ္စပေါ့။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါလဲ။
ဥရောပ သမဂ္ဂကနေ လူစုလူဝေး ထိန်းသိမ်းနည်း သင်တန်းပေးတဲ့အခါမှာ ရဲတပ်ဖွဲ့ အနေနဲ့ အကြမ်းဖက်လာတဲ့ လူစုကို ရင်ဆိုင်ရတဲ့အခါမှာ လက်နက် မသုံးဘဲနဲ့ ဖြေရှင်းတဲ့နည်းကို သင်ပေးနေတာ ဖြစ်တယ်။ လက်ပံတောင်းတောင် အဖြစ်အပျက်ကို ကြည့်လိုက်မယ်ဆိုရင် ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်လိုက်တဲ့ကိစ္စမှာ သူတို့ရဲ့ဂုဏ်သိက္ခာ ကျဆင်းသွားတာကို တွေ့ရလိမ့်မယ်။
လူတွေရဲ့ ယုံကြည်မှု မရှိတော့ဘဲ နာမည်ပျက်သွားတယ်။ အဲဒီက ပြဿနာ စတာပဲ။ အလားတူပဲ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းတွေကလည်း သူတို့အနေနဲ့ အကြမ်းဖက်လာလို့ရှိရင် သူတို့အပေါ်မှာ လူတွေရဲ့နားလည်မှုတွေ ကျဆင်းလာ လိမ့်မယ်။
ဧရာဝတီ ။ ။ အဲဒီကိစ္စမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ကိုရော ဘယ်လိုမြင်ပါလဲ။
Mrs. Karin Diana Deckenbach ။ ။ ဒီမှာဖြစ်တဲ့ကိစ္စမှာ ရဲကတော့ အရင်ကအတိုင်းပဲ ဖြစ်ပြန်ပြီ။ သေနတ်နဲ့ပစ်တယ်။ လူတယောက် သေတယ်။ နိုင်ငံတကာကလည်း မြန်မာရဲတွေသည် အရင်ကပုံစံ အတိုင်းပဲ ဆက်လုပ်နေတယ်ဆိုတဲ့ အမြင်တွေ ဖြစ်သွားတယ်။ ရဲတပ်ဖွဲ့က သေနတ်ပစ် လိုက်တဲ့အတွက် ဒေသခံအမျိုးသမီး သေဆုံးတာဟာ အရမ်းကို ဝမ်းနည်းစရာကောင်းတဲ့ကိစ္စဖြစ်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရဲတပ်ဖွဲ့အတွက် သင်တန်းတွေ ပိုပြီးလိုအပ်နေတာကို တွေ့ရပါလိမ့်မယ်။
ရဲတွေရဲ့ လုပ်ပုံကိုင်ပုံတွေ ပြောင်းလဲဖို့အတွက်ကို သင်တန်းတွေ ပိုပြီးပေးဖို့လိုနေတယ်။ လက်ပံတောင်းကိစ္စမှာ ရဲနဲ့ ပြည်သူတွေကြားက အကြမ်းဖက်မှု ကိစ္စလို့ လူအများစုက ပြောနေကြတယ်။ ခြံစည်းရိုးခတ်တဲ့ကိစ္စလို့ ဘယ်သူမှမပြောဘူး။ ကုမ္ပဏီတခု ကောင်းစားရေး အတွက် အများပြည်သူတွေ နေထိုင်တဲ့ နေရာမှာ ခြံခတ်တဲ့ ကိစ္စတွေကို ဘာမှမပြောကြဘူး။ ဒီဟာတွေကို ဆုံးဖြတ်တဲ့ အထက်က တာဝန်ရှိသူတွေ အကြောင်း ဘယ်သူမှ ဘာမှ မပြောကြဘူး။ အားလုံးပြောနေကြတာက ရဲပစ်တဲ့ အကြောင်းပဲ ဖြစ်နေတာကို တွေ့ရတယ်။
ဧရာဝတီ ။ ။ ရဲ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံ ပြည်သူ တွေအကြားမှာ တခုခုဆိုတာနဲ့ ပြဿနာ ဖြစ်တတ်တဲ့ ကိစ္စအပေါ်ကိုရော သုံးသပ်ပေးပါ။
Mrs. Karin Diana Deckenbach ။ ။ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက် ရင်ဆိုင်ပြီး တော့မှ အကြမ်းဖက်မှုတွေ ဖြစ်နေတာတွေက နိုင်ငံ ရေး ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ကြလို့။ ဘယ် နိုင်ငံရေးနဲ့ ဆိုင်တဲ့ကိစ္စပဲဖြစ်ဖြစ် ရဲတွေက ဆုံးဖြတ် လုပ်ခဲ့ကြတာ မဟုတ်ဘူး။ ပြောနိုင်တာက ရဲတပ်ဖွဲ့နဲ့ လူမှုအခြေပြု အဖွဲ့တွေ ဒါမှမဟုတ် ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာ တကယ်တမ်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ၊ တာဝန်ခံရမယ့် သူတွေက အဲဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ပုန်းလို့ရတဲ့ အခွင့်အရေး ရနေတယ်။
ရဲတပ်ဖွဲ့တွေက ဖြိုခွဲရိုက်နှက်ရတယ်။ တဖက်နဲ့တဖက် ပစ်ခတ်လာကြတယ်ပေါ့။ တာဝန်ရှိသူတွေက ပုန်းဖို့ အခွင့်အရေး ရနေတယ်။ ဒါနဲ့ပတ်သက်ပြီး အမိန့်ပေးတဲ့သူတွေက ပြဿနာရဲ့နောက်ကွယ်မှာ ပုန်းနေခွင့် ရနေကြတယ်။ ရဲတွေနဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေ ထိတွေ့ဆက်ဆံကြဖို့ စနစ်ရှိရင် ပိုကောင်းမယ်။ ဒါမှနိုင်ငံရေးအရ ဖြေရှင်းဖို့အတွက် ပိုပြီးအာရုံစိုက်နိုင်မယ်။ ဒါမှ ပိုအဓိပ္ပာယ်ရှိမယ်လို့ ယူဆပါတယ်။