တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်း မြို့နယ်၊ ပန်းဆေး ဒေသရှိ ယင်းတို့ထိန်းချုပ်ရာ ဒေသအတွင်း ဘိန်းခင်းများ သွားရောက်ဖျက်ဆီးစဉ် အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများသည် ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ဖြစ်ပွားနေကြောင်း၊ ထိုသို့ ဖြစ်ပွားရခြင်းသည် TNLA ထိန်းချုပ်ရာ ပန်းဆေးဒေသ၌ စိုက်ပျိုးထားသည့် ဘိန်းခင်းများအား ဖျက်ဆီးနေစဉ် အစိုးရ တပ်မတော်မှ ပစ်ခတ်မှုကြောင့် တိုက်ပွဲများ ဖြစ်ပွားရကြောင်း၊ အစိုးရ စစ်တပ်၏ ထိုးစစ်ကြောင့် ဘိန်းခင်းများ ဖျက်ဆီးမှုကို ခေတ္တ ဆိုင်းငံ့ထားရကြောင်း TNLA ၏ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး မိုင်းအိုက်ကျော်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒီရာသီက ဘိန်းစိုက်ရာသီ ဆိုတော့ ဘိန်းခင်းတွေ စိုက်နေကြပါပြီ၊ ပန်းဆေး ဒေသမှာ ပြည်သူ့စစ် ခေါင်းဆောင် ပန်းဆေး ဦးကျော်မြင့်ရဲ့ လူတွေက ဘိန်းတွေ စိုက်ပျိုးနေကြတယ်။ အဲဒီ ဘိန်းခင်းတွေကို ကျနော်တို့က ဖျက်ဆီးဖို့ စီစဉ်နေတော့ အစိုးရတပ်တွေက လိုက်လံ တိုက်ခိုက်တော့ ဘိန်းခင်းတွေ ဖျက်ဆီးတာ ခဏ ရပ်ထားပါတယ်” ဟု ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်၍ မေးမြန်းရန် သက်ဆိုင်ရာ ပြည်နယ် အစိုးရ အာဏာပိုင်များထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။
ပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့်၏ လက်အောက်ခံ အဖွဲ့များသည် ပန်းဆေးဒေသ၌ ဘိန်းခင်း ဧက ၁၀၀၀ ကျော် စိုက်ပျိုးထားကြောင်း၊ TNLA အနေဖြင့် ဘိန်းခင်း ဧက ၃၀၀ ကျော် အထိ ယခုလအတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ဆက်လက်၍ ဖျက်ဆီးသွားနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
ဗိုလ်ကြီး မိုင်းအိုက်ကျော်က “ကျနော်တို့ တပ်တွေက ဘိန်းခင်းတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းတော့ အစိုးရ စစ်တပ်ဘက်က စစ်ကြောင်းတွေ အများကြီးနဲ့ ထိုးစစ်ဆင်လာတော့ ခဏ ဆိုင်းငံ့ထားရတယ်။ ဒီမနက် ၈ နာရီလောက်ကစပြီး တိုက်ပွဲတွေ ဖြစ်တာ နေ့လည်အထိ ပစ်ခတ်နေကြတုန်းပဲ” ဟု ဆိုသည်။
TNLA နှင့် တိုက်ပွဲဖြစ်ပွားသည့် အစိုးရ တပ်မတော်ဘက်မှ တပ်များမှာ ကစထ (၁) နှင့် ကစထ (၁၆) လက်အောက်ခံ တပ်များနှင့် တပ်မ ၈၈ လက်အောက်ခံတို့မှ စစ်ကြောင်း ၅ ခု၊ ၆ ခု ခန့်တို့က စစ်ဆင်ရေး ပုံစံဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပြီး၊ တပ်မ ၄ ခုကိုလည်း ထပ်မံ အင်အား ဖြည့်ချထားကြောင်း သိရသည်။
နမ့်ခမ်းဒေသခံ တဦးက ပြောရာတွင် ပန်းဆေးဒေသ၌ ဘိန်းစိုက်ပျိုးမှုသည် ဦးကျော်မြင့်၏ ပြည်သူ့စစ် အဖွဲ့အပြင် တခြား အဖွဲ့ငယ်များလည်းရှိ ကြောင်း၊ သို့သော် ၎င်းတို့ အနေဖြင့် ပြည်သူ့စစ် အမည်မခံဘဲ ကုမ္ပဏီနာမည်ဖြင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေကြပြီး ဘိန်းစိုက်ပျိုးနေကြကြောင်း ဧရာဝတီကို ပြောသည်။
အဆိုပါ ဒေသခံက “ဘိန်းစိုက်တဲ့ အဖွဲ့တွေက ဦးကျော်မြင့်တို့ အဖွဲ့အပြင် အဖွဲ့နာမည် မခံတဲ့ တခြား သုံးလေးဖွဲ့ကလည်းပဲ စိုက်ပျိုးနေကြတာပါ၊ ဒေသခံ ပြည်သူတွေကို ငွေများများ ပေးပြီးတော့ အဲဒီ အဖွဲ့တွေက စိုက်ခိုင်းတာပါ” ဟု ဆိုသည်။
အစိုးရ တပ်မတော် အနေဖြင့်လည်း ၎င်းတို့နှင့် ငြိမ်းချမ်းရေး ရယူထားသည့် ပြည်သူ့စစ်အဖွဲ့များကို စီးပွားရေး လုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုထားကြောင်း၊ ထိုအဖွဲ့များသည် ဘိန်းစိုက်ပျိုးမှုကိုသာ အဓိက လုပ်ကိုင်ကြကြောင်း၊ ပြည်သူ့စစ်အဖွဲ့များ၏ ဘိန်းစိုက်ခင်းများကို တားဆီးမှု မရှိကြောင်း ဒေသခံ တချို့က ပြောသည်။ နမ့်ခမ်းဒေသသည် ဘိန်းစိုက်ပျိုးမှု အများဆုံး ဒေသတခုဖြစ်ကြောင်းလည်း သိရသည်။
ပြည်သူ့ စစ်ခေါင်းဆောင် ဦးကျော်မြင့်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) နမ့်ခမ်းမြို့နယ် ကိုယ်စားပြု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသ တချို့၌ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ တပ်တို့အကြားလည်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ KIA အဖွဲ့၏ ပြောခွင့်ရသူ ဦးလာနန်က “မနေ့က ညနေ ၃ နာရီလောက်မှာ တိုက်ပွဲငယ် တချို့ ဖြစ်ပေမယ့် ထိခိုက် ဒဏ်ရာရမှုတော့ မရှိပါဘူး၊ ဒီနေ့တော့ တိုက်ပွဲ ဖြစ်မှုမရှိပါဘူး” ဟု ပြောသည်။