ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ ရွေးချယ်ခံထားရသည့် ရွေးကောက်ခံ ကိုယ်စားလှယ်များမှာ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်များတွင် စည်ပင်အရာရှိများ အဖြစ် စတင် တာဝန်ယူချိန်မှ ယနေ့အထိ လုပ်ပိုင်ခွင့်အပြည့်အ၀ မရရှိကြောင်း သတင်း ရရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC) အဆင့်ဆင့် ရွေးကောက်ပွဲများတွင် ရွေးချယ်ခံရသည့် ကိုယ်စားလှယ် ၁၁၅ ဦးတို့သည် သက်ဆိုင်ရာ ကော်မတီ၊ ခရိုင်နှင့် မြို့နယ်များတွင် စည်ပင် အရာရှိများအဖြစ် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှ စတင် ထမ်းဆောင်ခဲ့ပြီးသက်တမ်းမှာ အစိုးရ အဖွဲ့ သက်တမ်းနှင့် အတူတူဖြစ်သောကြောင့် သက်တမ်း ၁ နှစ် ကျန်ရှိသေး သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပခဲ့ပြီး မြို့နယ် ၃၃ မြို့နယ်ရှိ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၉၃ ဦးက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
“လုပ်ပိုင်ခွင့်တွေက သူတို့တောက်လျှောက်လုပ်လာတဲ့ ကိစ္စတွေဆိုတော့ ကျနော်တို့က စည်ပင်နဲ့ ပြည်သူကြားမှာ ဆက်သွယ် ဆောင်ရွက်ပေးတဲ့ အဆင့်ပဲ ရှိသေးတယ်။ လုပ်ပိုင်ခွင့်ကတော့ တနှစ် အတွင်း လွှဲပေးမယ် မထင်ဘူး။ ဥက္ကဋ္ဌ တယောက်အနေနဲ့ လူ မှုရေးပိုင်းလောက်ပဲ ဆောင်ရွက်ခွင့် ရသေးတယ်”ဟု မြောက်ဥက္ကလာပ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးေဋ္ဌးဦးက ပြောသည်။
ထိုစည်ပင်အရာရှိများသည် မြို့နယ်အဆင့်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သော ရေးစီးရေလာ ကောင်းမွန်ရေး၊ လမ်းပြုပြင် ရေး၊ အမှိုက်သိမ်းစနစ် ကောင်းမွန်ရေး၊ ရေရရှိရေးနှင့် ခြံစည်းရိုး ခတ်ခြင်း လုပ်ငန်းများ ပြုလုပ်နေရပြီး ခရိုင်အဆင့်တွင် ပြည်သူများ၏ တင်ပြတိုင်ကြားမှုများကို လက်ခံ နားထောင်နေရကြောင်း ရွေးကောက်ခံ စည်ပင်အရာရှိများက ဧရာဝတီကို ပြောပြသည်။
“ဖွဲ့စည်းပုံအရ မြို့နယ်နဲ့ ခရိုင်မှာက လုပ်ပိုင်ခွင့် မရှိဘူး။ အဆောက်အအုံ ဆောက်တဲ့ကိစ္စ၊ လမ်းကိစ္စ၊ သန့်ရှင်းရေး ကိစ္စတွေ အားလုံး က ရုံးချုပ်ဌာနတွေက ကိုင်တွယ်တာ များတယ်။ ကျနော်တို့က တိုင်စာတွေပဲ ရှင်းနေရတာ များတယ်”ဟု အရှေ့ပိုင်းခရိုင် စည်ပင်သာယာရေး ကော်မတီဝင် ဒေါက်တာ စိုးထွန်းက ပြောသည်။
မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဆင့်တွင်လည်း မြို့နယ် ဥက္ကဋ္ဌ အဖြစ် ပြည်သူက ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူ သည် အစိုးရက ခန့်အပ်ထားသည့် မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးနှင့် တန်းတူမျှပင် လုပ်ပိုင်ခွင့် အာဏာ မရှိပေ။
မြို့နယ် စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူး(EO)မှာ မြို့နယ် စည်ပင်သာယာရေး ကော်မတီတွင် အတွင်းရေးမှူးအဆင့်သာ ဖြစ် သော် လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အမိန့်ညွှန်ကြားချက်များကို EO ထံသို့သာ တိုက်ရိုက်ပေးပို့ကြောင်း သိရသည်။
မြို့နယ်အဆင့် စည်ပင်သာယာရေးရုံး အမည်နာမမှာလည်း မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးဟု အမည်ပေးထားသဖြင့် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ရုံးဟု ပြောင်းလဲ ခေါ်ဆိုသင့်ကြောင်း၊ မြို့နယ်အဆင့် လုပ်ပိုင်ခွင့် ရရှိရန် စည်ပင်သာယာ ဆိုင်းဘုတ်ပါ ပြောင်းရန် လိုအပ်ကြောင်း မြောက်ဒဂုံမြို့နယ်မှ စည်ပင်အရာရှိတဦးက အကြံပြုပြောကြားသည်။
မြောက်ဒဂုံ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဇော်က“အခုက ဌာနတွေက လုပ်ပိုင်ခွင့် အပြည့်ယူထားတယ်။ စည်ပင်ကိစ္စ တော်တော်များများက မြို့တော် ခန်းမကြီးကို သွားနေရတယ်။ ကျနော်တို့ မြို့နယ်အဆင့်မှာလည်း လုပ်ဆောင်လို့ ရတာတွေ အများကြီးပဲ။ အဲဒီလို ဖြေလျှော့ပေးလိုက်ရင် မြို့တော်ခန်းမကြီးကို သွားရတဲ့သူတွေ သက်သာ သွားမယ်။ အခုအချိန်မှာ တချို့စနစ်တွေက ဖြေလျှော့ပေးဖို့ လိုနေပြီ”ဟု ပြောဆိုသည်။
မြို့နယ် စည်ပင်အရာရှိများတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်အထိ တရားဝင် စည်းတံဆိပ်၊ လက်မှတ် တံဆိပ်များ မရှိကြသေး ဟုလည်း ဆိုသည်။
“ရုံးပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်မရှိဘူး။ လိုင်စင်ကိစ္စ၊ အခွန်နဲ့ သန့်ရှင်းရေး လုပ်ငန်းတွေ အားလုံးကို အပေါ်က ကိုင်တယ်။ မြို့နယ်မှာ ပန်းပင်တွေ စိုက်ချင်လို့ ပန်းပင်တောင်းတာလည်း မရဘူး။ အခုချိန်မှာတော့ ပူးပေါင်း ဆောင်ရွက်လို့ရတဲ့ အနေအထားမျိုးပဲ ရှိသေး တယ်”ဟု မြောက်ဥက္ကလပမြို့နယ် စည်ပင်အရာရှိ ဦးေဋ္ဌးဦးက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ရွေးကောက်ခံ စည်ပင်အရာရှိများ၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ မေးမြန်းရာ ကော်မတီဝင် ဦးဌေးအောင်က ၎င်းတို့အနေဖြင့် မီဒီယာကို ဖြေကြားခွင့် မရှိကြောင်း၊ စည်ပင် ပြန်ကြားရေး ဌာနသို့သာ ဆက်သွယ် မေးမြန်းသင့်ကြောင်း ပြန်လည် ပြောဆိုသည်။
သို့သော် စည်ပင်သာယာရေး ကော်မတီမှာ ရွေးကောက်ခံ ကိုယ်စားလှယ်များ ပါဝင်လာသည့်အတွက် ပြည်သူထူထုနှင့် ပိုမိုထိတွေမှု ရှိလာကြောင်း၊ စည်ပင်၏ လုပ်ငန်း သဘောသဘာဝများကို ပြည်သူများအား ရှင်းလင်းလျက်ရှိကြောင်း ခရိုင်စည်ပင် အရာရှိ ဒေါက်တာ စိုးထွန်းက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် အဖွဲ့ဝင် ၉ ဦးပါဝင်ပြီး ၄ ဦးသည် ပြည်သူထူထုက ရွေးကောက်တင်မြှောက်ခြင်း ခံရသူများ ဖြစ်သည်။ ကျန် ၅ ဦးကို အစိုးရက ခန့်အပ်ပြီး ရန်ကုန် မြို့တော်ဝန်(စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ)ကို သမ္မတ ဦးသိန်းစိန်က တိုက်ရိုက်ခန့်အပ်ခြင်း ဖြစ်သည်။ သို့သော် ကော်မတီက သမ္မတကို တာဝန်ခံစရာ မလိုဘဲ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုသာ တာဝန်ခံရကြောင်း သိရသည်။