ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့က မုဒိမ်းကျင့် သတ်ဖြတ်ခံလိုက်ရသော ကချင် တိုင်း ရင်းသူ ဆရာမ ၂ ဦးအတွက် တပ်မတော်က ကူညီသည့်အနေဖြင့် ထောက်ပံ့ငွေကျပ် သိန်း ၅၀ နီးပါးခန့် လာရောက် ပေး အပ်ခဲ့သော်လည်း မိသားစုက ငြင်းပယ်လိုက်ကြောင်း သိရှိရသည်။
ကချင်ဆရာမ ၂ ဦး အသတ်ခံရသော ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း ကြူကုတ်မြို့၊ ကောင်းခါးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းတွင် ဇန်နဝါရီလ ၂၆ ရက်နေ့က ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်နေစဉ် ခြေမြန်တပ်ရင်း (ခမရ) ၅၀၃ မှ ဗျူဟာမှူးနှင့် စစ်ကြောင်းမှူးတို့ ကိုယ်တိုင်လာရောက်၍ ကျန်ရစ်သူ မိသားစုများကို ငွေကျပ် သိန်း ၅၀ ဝန်း ကျင် လာရောက် ပေးအပ်ကြောင်း၊ သို့ရာတွင် ကျန်ရစ်သူ မိသားစုဆွေမျိုးများက တပ်မတော်၏ ထောက်ပံ့ငွေကို လက်မခံ ဘဲ ငြင်းပယ်ခဲ့ ကြောင်း ကောင်းခါး ကျေးရွာ ကချင် နှစ်ခြင်းအဖွဲ့ချုပ်( KBC) မှ သင်းအုပ်ဆရာ တူဂျာက ဧရာဝတီ သို့ ပြော သည်။
“မနေ့က ဆုတောင်းပွဲကို ဗျူဟာမှူးနဲ့ စစ်ကြောင်းမှူး ကိုယ်တိုင် လာပါတယ်။ ပြီးတော့ သေဆုံးသွားတဲ့ ဆရာမ ၂ ဦး ရဲ့ မိသားစု ကို ကူညီ ထောက်ပံ့ တဲ့အနေနဲ့ ငွေတထုပ် လာ ပေးသွားတယ်။ မိဘတွေကတော့ ငွေတွေကို လက်မခံပါဘူး။ ငွေ လက်ခံဖို့က KBC ဆုံးဖြတ်ချက်ရမှာ။ သူတို့နဲ့ မဆိုင်ဘူး။ KBC က လွှတ်တဲ့ ဆရာမတွေ မို့လို့ပါဆိုပြီး ငွေပြန်ပေး လိုက်တယ် ။ အမှုမှန် ပေါ်ပေါက် ဖို့အတွက် တပ်ကလည်း ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ပြောသွားပါတယ်” ဟု ဆရာ တူဂျာက ရှင်းပြသည်။
အသက် ၂၀ ဝန်းကျင်အရွယ်ရှိ လုပ်အားပေး ဆရာမ ၂ ဦးဖြစ်သည့် ခါန်နန်စင်နှင့် လုရာတို့သည် ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်(KBC) ၏ ခွင့်ပြုချက်ဖြင့် မူဆယ်ခရိုင် ပန်ဆိုင်းမြို့ ကောင်းခါးကျေးရွာမှ ဆင်းရဲသော ကလေးငယ် များကို အခမဲ့ ပညာသင်ကြား ပေးနေကြသူများဖြစ်ပြီး ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်း အတွင်းရှိ ၎င်းတို့ တည်းခိုရာ အိမ် တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက် ညပိုင်းက မုဒိမ်းကျင့် အသတ်ခံလိုက်ရသည်။
“ဒီနေ့ အထူးရဲတပ်ဖွဲ့ က ရွာကို ထပ်လာပြီးတော့ ရွာသား ၁၀ ယောက်ကိုထပ်မေးတာတွေလုပ်တယ်။ ရွာသား ၁၀ ယောက် က အသက်ကြီးတဲ့သူရော ငယ်တဲ့သူရောပါတယ်။ အိမ်နီးနားချင်းတွေပါ။ အခုထိတော့ စစ်ဆေးမှု က ထူးခြားမှု မရှိ သေးပါဘူး” ဟု ကောင်းခါး ကျေးရွာ မှ အုပ်ချုပ်ရေးမှူး ဦးအောင်နန်းက ဧရာဝတီ သို့ပြောသည်။
ယမန်နေ့ ကောင်းခါးကျေးရွာ ခရစ်ယန် ဘုရားကျောင်းတွင် ပြုလုပ်သော ဝတ်ပြု ဆုတောင်းပွဲသို့ ဒေသခံ ပြည်သူ ၂၀၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူ ၂ ဦးနေထိုင်သည့် အိမ်အနီးရှိ ထင်းပုံအနီးတွင် စစ်ဖိနပ်ခြေရာနှင့် တူသည့် ပွိုင့်ထူထူ ဖိနပ်ခြေရာများကြောင့် ရွာကို ရောက်နေသည့် အစိုးရ စစ်တပ် ခြေမြန် တပ်ရင်း(ခမရ) ၅၀၃ တပ်ဖွဲ့ဝင်တချို့အပေါ် ဒေသခံများက သံသယရှိနေ ကြ ပြီး ခမရ ၅၀၃ စစ်ကြောင်းသည် ကောင်းခါးရွာသို့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင်မှ ကောင်းခါးကျေးရွာသို့ရောက်ရှိကာ ကချင် ဆရာမ ၂ ဦးနေထိုင်သော နေအိမ်နှင့် ကိုက် ၁၀၀ ခန့်အကွာတွင် စခန်းချ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။