အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ရန် ကန့်ကွက်ဆန္ဒပြနေသည့် သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ် အဖွဲ့ နှင့် သမ္မတ ရုံး ဝန်ကြီး ဦးအောင်မင်း ပါဝင်မည့် အစိုးရကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၈ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ ညှိနှိုင်းမည် ဖြစ် ကြောင်း သိရသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားကိုယ်စားလှယ် ကိုအောင်မှိုင်းဆန်း၊ ကိုနန္ဒစစ်အောင် နှင့် မဖြိုးဖြိုးအောင်၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂ မှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုနန်းလင်းနှင့် ကိုဝေမိုးနိုင် အပါအဝင် မြေလတ်ဒေသ ကျောင်းသားများသမဂ္ဂ မှ ကျောင်းသားကိုယ်စားလှယ်များလည်း ပါဝင်မည်ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုဦးဆောင်ရေး ကော် မတီ ဝင် ကိုပိုင်ရဲသူ က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က ဝန်ကြီးဦးအောင်မင်းနဲ့ တွေ့မှာ မဟုတ်ဘူး။ သူက အဓိက ဆွေးနွေးသူအနေနဲ့လည်း ပါမှာမဟုတ်ဘူး။ ပညာရေးဝန်ကြီး ဌာန က တာဝန်ရှိသူတွေနဲ့ တွေ့ပြီး ဆွေးနွေးမှာ။ ကျနော်တို့ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ပေါ် မူတည်ပြီး ဆွေးနွေးမှာဖြစ်ပြီး ဒီတခါက ပထမအကြိမ် ဖြစ်လိမ့်မယ်။ နောက်ထပ်တွေ့ဖို့တွေလည်း ရှိလာလိမ့်မယ်”ဟုလည်း ၎င်းက ရှင်းပြသည်။
အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ ညှိနှိုင်းမည်ဖြစ်သော်လည်း လက်ရှိအချိန်ထိ မည်သည့်နေရာတွင် တွေ့ဆုံကြမည်ကို အစိုးရ ပိုင်း က ထုတ်ဖော် ပြောဆိုခြင်း မရှိသေးဟုလည်း ၎င်းက ပြောသည်။
သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ်များက ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန်၊ ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် သမဂ္ဂများ တည်ရှိမှု အပေါ် တရားဝင်အသိအမှတ်ပြုရေး၊ လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များ ပြင်ဆင်ရန် စသည့် အချက် ၁၁ ချက်ကို တောင်းဆိုထားခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်သင် အပါအဝင် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်အဆင့် ပုဂ္ဂိုလ်များက နေပြည်တော်တွင် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရန်ဟုဆိုပြီး တောင်သာမြို့သို့ လမ်းလျှောက် ချီတက်လာသည့် သပိတ်မှောက် ကျောင်းသားများနှင့် ယနေ့ ညနေပိုင်းတွင် လာရောက်ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြင်းခြံမြို့မှ တောင်သာမြို့သို့ လမ်းလျှောက် ချီတက်လာသည့် သပိတ်မှောက် ကျောင်းသားအဖွဲ့ကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် အမိန့်နှင့်ဟုဆိုပြီး ရဲတပ်ဖွဲ့ဝင်များက တောင်သာမြို့အဝင် နန်းမြင့်တောင် အနီးတွင် အင်အား ၁၅၀ ကျော်သုံး၍ ပိတ်ဆို့ တားဆီးမှု ပြုလုပ်ခဲ့သည်။
ယနေ့ ညနေ ၅ နာရီခန့်တွင် ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ အဆင်ပြေသည်ဟုဆိုပြီး ပိတ်ဆို့မှုကို ဖယ်ရှားပေးခဲ့သည်ဟု သိရသည်။
လက်ရှိတွင် လမ်းလျှောက်ချီတက်လာသည့် သပိတ်မှောက်ကျောင်းသားများကို တောင်သာမြို့လမ်းတလျှောက်မှ ဒေသခံများက ကြိုဆိုကြကြောင်း၊ ကျောင်းသားထုကို ဝန်းရံလိုက်ပါလာသူ လူဦးရေ ၄၀၀၀ မှ ၅၀၀၀ ခန့််ရှိကြောင်း၊ သပိတ်မှောက်ကျောင်းသားများသည် မြို့ပေါ်ဘုန်းကြီးကျောင်း တကျောင်းတွင် ညအိပ်မည်ဖြစ်ကြောင်း သပိတ်မှောက် ကျောင်းသားများနှင့်အတူ လိုက်ပါ ရောက်ရှိနေသည့် ဧရာဝတီ သတင်းထောက် က ပြောပြသည်။
တောင်သာမြို့ သပိတ်လမ်းကြောင်းသို့ ပါဝင်လာသော ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ရေး ကော်မတီဝင် ကိုအောင်နေပိုင် က“ကျနော်တို့ဘက်က ဝန်ကြီးဦးအောင်မင်းတို့နဲ့တွေ့တာလည်း တွေ့မယ်၊ လမ်းလျှောက် ချီတက်တာကိုလည်း ဆက်လုပ်မယ်”ဟု ပြောဆိုသည်။
လာမည့် ဇန်နဝါရီ ၃၀ ရက်တွင်လည်း အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ် ကျောင်း သားများ စုပေါင်း၍ ဧရာဝတီ ဒီမိုကရေစီ ပညာရေး သပိတ်လမ်းကြောင်းအဖြစ် ရန်ကုန်မြို့သို့ ချီတက်သွားမည်ဟု သိရ သည်။
“ကျနော်တို့ ၃၀ ရက်နေ့ကို ပုသိမ်ကနေ စထွက်ဖို့ ပြင်ဆင်နေပါတယ်။ ရန်ကုန်အထိ ချီတက်မယ်။ ခြေလျင်ပဲသွားကြမှာပါ။ လူ အင် အား ကတော့ အလံကိုင်တပ်ဖွဲ့ ၁၀၅ ဦးနဲ့ ကျောင်းသားတွေရော၊ ဝန်းရံတဲ့လူတွေရောဆိုရင် လူ ၃၀၀၀ လောက်တော့ရှိမယ်လို့ မှန်း ထားတယ်”ဟု ဧရာဝတီ သပိတ်လမ်းကြောင်း ပေါ်ပေါက်ရေးဦးဆောင်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗဟို) အဖွဲ့ဝင်ဟောင်း ကိုအောင်အောင်ကျော်က ပြောသည်။
လက်ရှိတွင် စစ်ကြောင်းချီတက်ရန်အတွက် ပုသိမ်။ ဟင်္သာတ၊ မအူပင် တက္ကသိုလ်တို့တွင် တက်ရောက်နေကြသည့် ဧရာဝတီတိုင်း အနှံ့အပြားမှ တက္ကသိုလ်ကျောင်းသားများကို စုစည်းနေပြီး သပိတ်လမ်းကြောင်းကိုလည်း ကျောင်းသားများထဲမှ သပိတ်ဦးဆောင် ကော်မတီ ဖွဲ့စည်း၍ ချီတက်သွားရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။
ဧရာဝတီ သပိတ်လမ်းကြောင်းတွင် ပုသိမ်၊ မအူပင်၊ ဟင်္သာတဟူ၍ စစ်ကြောင်း ၃ ကြောင်း ပါဝင်မည်ဖြစ်ပြီး ပုသိမ်စစ်ကြောင်း၌ ပုသိမ်၊ ကန်ကြီးထောင့်၊ မြောင်းမြ၊ လပွတ္တာ၊ ကျုံပျော်၊ ရေကြည်မြို့နယ် များမှ တက္ကသိုလ်ကျောင်းသားများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ သတင်းထောက် ဆလိုင်းသန့်စင် ပူးပေါင်း ရေးသားသည်။