လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အမျိုးသမီးများအား အတင်းအဓမ္မ ပြုကျင့်မှုများအပြင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ကျူးလွန်သူများကို အစိုးရအနေဖြင့် ချက်ချင်း အရေးယူပြီး ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးရန် တအာင်း အမျိုးသမီး အဖွဲ့အစည်းက တိုက်တွန်း ပြောဆိုလိုက်သည်။
အမျိုးသမီး အခွင့်အရေးများ အပြည့်အ၀ ရရှိရန် တောင်းဆိုထားမှု အပါအဝင် အချက် ၇ ချက်ကို တအာင်း အမျိုးသမီး အဖွဲ့အစည်း၏ ဒုတိယအကြိမ်မြောက် ညီလာခံအပြီး ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။
တအာင်းအမျိုးသမီး အဖွဲ့အစည်း၏ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) ဒီဒီမိုးခမ်းက “ကျမတို့ ဒေသမှာဆိုရင် အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ပွဲတွေဖြစ်တဲ့ အချိန်တွေမှာ ပိုများလာတာ ရှိတယ်။ အရင်တုန်းကထက် ယှဉ်ရင် ပိုများလာတယ်။ အမှုမမြောက်ရင်တောင်မှ ကျမတို့ အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိတဲ့ အပိုင်းတွေ အများကြီး ကြုံတွေ့ရတာတွေ များလာတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အပြင် မူးယစ်ဆေးဝါးပြဿနာနှင့် ပတ်သက်၍လည်း မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုများ၊ ရောင်းဝယ် ဖောက်ကားမှုများတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ထိထိ ရောက်ရောက် အရေးယူပေးရန်ဟူသည့် အချက်ကိုလည်း ထည့်သွင်း တိုက်တွန်းထားသည်။
တအာင်း တိုင်းရင်းသား အများစု နေထိုင်သည့် ရှမ်းပြည်နယ် နမ့်ဆန်၊ ကွတ်ခိုင်၊ နမ့်မတူ၊ နမ့်ခန်း၊ ကျောက်မဲ မြို့နယ်များရှိ တချို့သော ကျေးရွာများတွင် ဘိန်းစားသူ ၉၀ ရာခိုင်နှုန်းကျော်ခန့် ရှိကြောင်း၊ ယင်း ပြဿနာသည် တအာင်း လူထုတရပ်လုံးကို ဆိုးကျိုးများ သက်ရောက်စေသည့်အပြင် အမျိုးသမီးများက ပိုမိုခံစားနေရသည့်အတွက် ထည့်သွင်းတိုက်တွန်းရခြင်း ဖြစ်ကြောင်း သိရသည်။
“တရွာလုံးနီးပါးပဲ၊ ဘိန်းမစားတဲ့သူကို လက်ချိုးရေလို့ရတယ်။ ဒီမူးယစ်ဆေးရဲ့ နောက်ဆက်တွဲ ပြဿနာကတော့ အမျိုးသမီးတွေ နှိပ်စက်ခံရတယ်၊ အကြမ်းဖက်မှုတွေ ဖြစ်တယ်၊ တချို့ဆိုရင် ကိုယ့်သားသမီးတောင် ရောင်းစားတဲ့ အထိတောင် ဖြစ်တယ်။ ဒီပြဿနာကြီးက တအာင်းလူထု တခုလုံးကို ဆိုးကျိုးတွေ သက်ရောက်နေတဲ့အပြင်ကို ကျမတို့ အမျိုးသမီးတွေက ပိုပြီးခံစားရတယ်” ဟု တအာင်း အမျိုးသမီးအဖွဲ့ဝင် တဦးက ပြောသည်။
တအာင်းအမျိုးသမီး အဖွဲ့အစည်း အနေဖြင့် စတင်ဖွဲ့စည်းခဲ့သည့် အချိန်ကစပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အမျိုးသမီးများ လူကုန်ကူးခံရမှု၊ အိမ်တွင်းအကြမ်းဖက်ခံရမှု၊ အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ်များကို လက်လှမ်းမီသလောက် စစ်တမ်းကောက်ယူမှုများ ပြုလုပ်ထားသော်လည်း ကာယကံရှင် အမျိုးသမီးများ၏ လုံခြုံရေးအတွက် သတင်းထုတ်ပြန်မည် မဟုတ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ပြီးခဲ့သည့် အပတ်အတွင်းက အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် ကချင်တိုင်းရင်းသူ စေတနာ့ ဝန်ထမ်း ကျောင်းဆရာမ ၂ ဦးအမှုဖြစ်စဉ်နှင့် ပတ်သက်၍လည်း လူမဆန်သည့် လုပ်ရပ်များဖြစ်ပြီး ယင်းလုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်းက ပြောသည်။
တအာင်းအမျိုးသမီးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး လိုည်းပိုးညိူဝ်းက “ဒါဟာ အဓမ္မအကြမ်းဖက်မှုအပြင် လူသားမဆန်တဲ့ သတ်ဖြတ်မှုအဆင့်အထိ ရောက်သွားတယ်။ ဒါဟာ လုံးဝမဖြစ်သင့်တဲ့အရာပဲ။ ဒီလိုဖြစ်ရပ်တွေကို ဆန့်ကျင်တယ်” ဟု ပြောသည်။
တအာင်းအမျိုးသမီး အဖွဲ့အစည်း၏ ဒုတိယအကြိမ်မြောက် ညီလာခံကို မြို့နယ်အသီးသီးမှ တအာင်းအမျိုးသမီး အဖွဲ့ဝင် ကိုယ်စားလှယ်များ ၈၆ ဦးနှင့် လေ့လာသူ ၁၁ ဦး၊ စုစုပေါင်း ၉၇ ဦး တက်ရောက်ခဲ့ပြီး ညီလာခံအတွင်းတွင် တအာင်း အအမျိုးသမီး အဖွဲ့အစည်းအား ဦးဆောင်သွားမည့် အလုပ်အမှုဆောင် ကော်မတီဝင် ၉ ဦးနှင့် အတွင်းရေးမှူးအဖွဲ့ဝင် ၃ ဦးတို့ကိုလည်း ဒီမိုကရေစီနည်းကျ လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
တအာင်းအမျိုးသမီး အဖွဲ့အစည်းသည် ၂၀၁၃ ခုနှစ်လောက်က စတင်၍ တရားဝင် လှုပ်ရှားဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းတခုဖြစ်ပြီး တအာင်း အမျိုးသမီးများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်ခံရမှုများ ရပ်တန့်စေရေးနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် တအာင်းအမျိုးသမီးများ တန်းတူ ပါဝင်နိုင်ရေးတို့အတွက် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းတခု ဖြစ်သည်။
တအာင်းအမျိုးသမီး အဖွဲ့အစည်း၏ တောင်းဆိုချက်များတွင် ပြည်တွင်းစစ် ရပ်စဲရေး အစိုးရစစ်တပ်မှ ထိုးစစ်များ ရပ်ဆိုင်းရန်၊ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေးနှင့် ဒီမိုကရေစီရရှိရေးအပြင် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာစေရေးအတွက် ဆောင်ရွက်ပေးရန်၊ ၂၀၁၅ ရွေးကောက်ပွဲအား လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ဆောင်ရွက်ပေးရန်၊ ပြည်သူလူထုများ၏ ဘဝနှင့် အခြေခံ အခွင့်အရေးများအား အာမခံချက်ပေးမှု မရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန်၊ ဖိနှိပ်မှုဥပဒေများ ရုပ်သိမ်းပြီး မတရားသော ဥပဒေသစ်များ ပြဌာန်းခြင်းမှ ရပ်တန့်ပေးရန်ဟူသည့် အချက်များ ပါဝင်သည်။