စေတနာ့ဝန်ထမ်း ကချင်အမျိုးသမီးငယ် နှစ်ဦး အဓမ္မကျင့် အသတ်ခံရသည့် အမှုနှင့်ပတ်သက်ပြီး မြန်မာအစိုးရက ဘက်လိုက်မှု မရှိဘဲ၊ ထိရောက်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး ပြစ်ဒဏ် ကျူးလွန်သူများအား ဖော်ထုတ် အရေးယူရန်နှင့် သေဆုံးသူတို့၏ မိသားစုများ နစ်နာဆုံးရှုံးအတွက် ဖြည့်ဆည်းပေးရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တောင်းဆို လိုက်သည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် လက်အောက်ရှိ ပဋိပက္ခများအတွင်း လိင်အကြမ်းဖက်မှုများ စုံစမ်းစစ်ဆေးရေး အထူးကိုယ်စားလှယ် Zainab Hawa Bangura က ကချင်အမျိုးသမီးငယ် နှစ်ဦး အဓမ္မကျင့် အသတ်ခံရမှုနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၂၇ ရက်နေ့က မြန်မာအစိုးရအား ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ထိုကြေညာချက်နှင့် ပတ်သတ်ပြီး ကချင်ပြည်နယ် အမျိုးသမီးကွန်ရက် အဖွဲ့ဝင် ဂျိဒ်မွန်းက “ဒီကိစ္စက အမှုမှန် ပေါ်ပေါက်အောင် လုပ်ဖို့ ကြာနေဖို့ အကြောင်းမရှိဘူးလို့ မြင်တယ်။ သူတို့ ဘယ်လို စစ်ဆေးနေတယ် ဆိုတာလည်း မကြားရဘူး။ ဘယ်လိုတွေ မေးမြန်းစစ်ဆေးတယ် နေတာကို ပြောပြခြင်း မရှိပေမယ့် ရွာသားတွေ၊ တပ်တွေကို စစ်ဆေးနေတယ်လို့ ကြားရတယ်။ ဒါက စစ်ပွဲအတွင်းမှာ အမျိုးသမီးတွေ လုံခြုံမှု မရှိဘူးဆိုတာပါပဲ” ဟု ဧရာဝတီကို ပြောသည်။
အသက် ၂၀ ဝန်းကျင် အရွယ်ရှိ လုပ်အားပေး စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦးဖြစ်သည့် ခေါန်နန်စင်နှင့် မရန်လုလာတို့သည် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ၏ ခွင့်ပြုချက်ဖြင့် မူဆယ်ခရိုင် ပန်ဆိုင်းမြို့ ကောင်းခါးကျေးရွာရှိ ဆင်းရဲသော ကလေးငယ်များကို အခမဲ့ ပညာသင်ကြား ပေးနေစဉ် ဇန်နဝါရီ ၁၉ ရက် ညပိုင်းက ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်း အတွင်းရှိ ၎င်းတို့တည်းခိုရာ နေအိမ်တွင် ညပိုင်းက အဓ္ဓမကျင့် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
ကောင်းခါးကျေးရွာ ဒေသခံ အမျိုးသမီး တဦးက ဆရာမ ၂ ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး “ဒီအမှုက ဘုရားကျောင်း ဝင်းထဲမှာတောင် ဖြစ်တာဆိုတော့ ကျမတို့လို အိမ်မှာနေတဲ့သူတွေ အတွက် လုံခြုံမှုတွေ စိတ်မချမှုတွေ ဖြစ်နေရတယ်။ အခုလို ထပ်ဖြစ်မှာလည်း အရမ်း စိုးရိမ်နေတာ။ ရွာမှာ ဒီလိုအမှု တခါမှ မဖြစ်ဖူးဘူး။ ရွာမှာလည်း မနေရဲတော့ဘူး” ဟု ဧရာဝတီကို ပြောသည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ထုတ်ပြန်ချက်တွင် လူနည်းစု တိုင်းရင်းသား ဒေသများတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခနှင့် ဆက်စပ်သော လိင်အကြမ်းဖက်မှုများအား လွတ်ငြိမ်းခွင့် ပေးနေခြင်းကို အဆုံးသတ်ပေးရန် မြန်မာအစိုးရအား တောင်းဆိုပါကြောင်းနှင့် လူမျိုးရေးကို အကြောင်းခံသည့် မတရား ပြုကျင့်မှု စွပ်စွဲချက်များကို ကုလသမဂ္ဂ အဖွဲ့က လက်ခံရရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။
အလားတူ အဆိုပါ ထုတ်ပြန်ချက်တွင် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Yanghee Lee ၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှ သြဇာရှိ ဘုန်းတော်ကြီးတပါးက ကြမ်းတမ်းစွာ ပြောကြားချက်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန် ကြောင်းနှင့် လူမျိုးဘာသာ မခွဲခြားဘဲ ပဋိပက္ခ သားကောင်များနှင့် ပဋိပက္ခမှ လွတ်မြောက်လာသူများကို အထောက် အကူပေးရာတွင် မဟာမိတ် ဖြစ်သင့်သည့် ဘာသာရေး ခေါင်းဆောင်တဦးက ယခုကဲ့သို့ အကြမ်းဖက်မှုနှင့် မုန်းတီးမှုကို လှုံ့ဆော်ဖွယ် ပြောဆိုခဲ့မှုအပေါ် လက်ခံနိုင်ဖွယ် မရှိကြောင်းလည်း ရေးသား ဖော်ပြထားသည်။
ဘာသာရေး လွတ်လပ်ခွင့်ကို လေးစားပြီး ခွဲခြားဆက်ဆံမှု မရှိသော လူ့အဖွဲ့အစည်း တည်ဆောက်ရေး အတွက် စုပေါင်းလုပ်ဆောင်ကြရန် မြန်မာအစိုးရနှင့် ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ခေါင်းဆောင်များကို တောင်းဆို ပါသည်ဟုလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။