ပြုပြင်ပြောင်းလဲလာပြီလို့ ကြွေးကြော်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လက်ပံတောင်းအရေးမှာ အကြမ်းဖက်နှိမ်နင်းမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။
ပြည်သူကို ကာကွယ်စောင့်ရှောက် ရမယ်ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ ဗဟိုပြု လုပ်ငန်းတွေ ပြောင်းလဲလာပြီလို့ ပြောဆိုနေချိန်မှာပဲ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်သူတွေကို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ရဲတပ်ဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက် တွေဟာ အမှန်တကယ် အလုပ်ဖြစ်ပါ့မလားဆိုပြီးတော့လည်း ပြည်သူတွေက သံသယ ရှိနေကြပါတယ်။
ပြည်သူဗဟိုပြု လုပ်ငန်းစဉ်တွေကို ဥရောပသမဂ္ဂ(EU) အကူအညီနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေပြီလို့ မကြာခဏ ပြောနေတဲ့ ရြဲတပ်ဖွဲ့ဟာ ဆန္ဒပြသူ လူစုလူဝေးတွေနဲ့ ထိပ်တိုက် တွေ့ဆုံတဲ့ အခြေအနေတွေမှာ လူထုကို သေနတ်နဲ့ပစ်ခြင်း၊ နံပါတ်တုတ်နဲ့ ရိုက်နှက်ခြင်း၊ မျက်ရည်ယိုဗုံးတွေ သုံးခြင်း စတဲ့ အကြမ်းဖက်နည်းနဲ့ ဖြေရှင်းနေတာကြောင့် ဝေဖန်မှုတွေ အများအပြား ရှိနေခဲ့တာပါ။
ဒီလို ဆောင်ရွက်ချက်တွေကြောင့် ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ်ကို လူထုက မယုံကြည်တော့သလို ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်း သွားတယ်လို့ EU ရဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်မှ မီဒီယာနှင့် လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းများကဏ္ဍ တာဝန် ခံ Mrs. Karin Diana Deekenbach က ဧရာဝတီကို ပြောပါတယ်။
“ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ ကိစ္စမှာ အချိန်အများကြီး လိုပါတယ်။ အခုလို ပြောင်းလဲဖို့ အတွက် ခြေတလှမ်းခြင်း သွားနေတဲ့ ကာလမှာ လက်ပံတောင်း အဖြစ်အပျက်က ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာမှာ နောက်ပြန်သွားနေသလို ဖြစ်သွားတယ်” လို့ Mrs. Karin Diana Deekenbach က ပြောဆိုပါတယ်။
EU ရဲ့ စီစဉ်ပံ့ပိုးမှုနဲ့ ရဲအရာရှိတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူဗဟိုပြု ရဲလုပ်ငန်း၊ လူစုလူဝေး ထိန်းသိမ်းနည်း သင်တန်း၊ မီဒီယာ၊ လူမှု အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံခြင်း သင်တန်းတွေကို ၂၀၁၃ ခုနှစ် စက်တင်ဘာလက စတင်ပြီး ပို့ချပေးတာ ဖြစ်ပါတယ်။
ဥရောပ သမဂ္ဂရဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး စီမံကိန်းအတွက် ကုန်ကျစရိတ်က ယူရို ၉ ဒသမ ၅ သန်း (ကျပ်သန်းပေါင်း ၁၃၂၀၀) ကုန်ကျတယ်လို့ သိရပါတယ်။ ဥရောပ သမဂ္ဂက ယနေ့အချိန်ထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရဲဝန်ထမ်းပေါင်း ၄၀၀၀ ကျော်ကို သင်တန်းတွေ ပို့ချပေးထားပြီး ရဲဝန်ထမ်းတွေ ကိုယ်တိုင်က ဆင့်ပွားသင်တန်းတွေ ပေးနိုင်ဖို့ ဆရာဖြစ် သင်တန်းလည်း ပို့ချပေးထား တယ်လို့ သိရပါတယ်။
EU ရဲ့ ထောက်ပံ့မှုနဲ့ အင်္ဂလန်နဲ့ ဂျာမနီ နိုင်ငံတွေက ရဲတပ်ဖွဲ့၊ လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေ အကြား ဆက်ဆံရေး၊ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်နဲ့ လူစုလူဝေး ထိန်းသိမ်းခြင်းဆိုင်ရာ လေ့လာရေး ခရီးစဉ်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းက သွားရောက် လေ့လာခွင့် ရခဲ့ပါတယ်။
အဲဒီလေ့လာရေး ခရီးစဉ်မှာ မန္တလေး၊ တနင်္သာရီနဲ့ ချင်းပြည်နယ်တို့က ရဲမှူးကြီး ၃ ဦး၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းက ၁ ဦး နဲ့ EU က တာဝန်ရှိသူတွေလည်း ပါဝင်ပါတယ်။
လေ့လာရေးခရီးစဉ်အတွင်းမှာ လန်ဒန်နဲ့ ဘာလင်မြို့မှာရှိတဲ့ အဖွဲ့အစည်းတချို့နဲ တွေ့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကျင့်ပျက် ခြစားမှုနဲ့ အနိုင်ကျင့်မှုတွေအပေါ် စစ်ဆေးစုံစမ်းတဲ့အဖွဲ့အစည်းဖြစ်တဲ့ Independent Police Complaints Commission (IPCC)၊ Metropolitan Police ရဲဌာန၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေ ဆောင်ရွက်နေတဲ့ Human Rights Watch အဖွဲ့အစည်း၊ ဘာလင် ရဲတပ်ဖွဲ့ နဲ့ တိုင်းမ် သတင်းစာတိုက် အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း၊ မီဒီယာအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။
လေ့လာရေး ခရီးစဉ် အတွင်းမှာ ဘာလင်မြို့ ရဲဌာနချုပ် အရေးပေါ် ဖုန်းနံပတ် လက်ခံရာဌာနကို လေ့လာ ခဲ့ရပါတယ်။ ရဲ ဝန်ထမ်း ဦးရေ ၂၀၀ ခန့်ဟာ ၂၄ နာရီပတ်လုံး ပြည်သူတွေဆီက ဝင်လာသမျှ ဖုန်းတွေကို တောက်လျှောက် ဖြေကြား ပေးနေတာကို တွေ့ရပါတယ်။ အဲဒီဌာနကို ကားချင်း တိုက်မိတာ၊ မီးလောင်တာ၊ လမ်းနေရာ မသိတာက အစ မေးမြန်းလို့ ရတယ်ဆိုတာ သိရပါတယ်။
အဲဒီဌာနရဲ့ အရေးပေါ် ဖုန်းလက်ခံရာ ဌာနက တာဝန်ကျ ရဲဝန်ထမ်း တဦးက “ဖုန်းဝင်လာတယ် ဆိုတာနဲ့ ဘယ်က ဆက်နေတာလဲ၊ နာမည်ဘယ်သူလဲ အရင် မေးလိုက်တယ်။ သူပြောပြတဲ့ နေရာကို မြေပုံမှာ တခါတည်း ရှာတယ်၊ အနီးစပ်ဆုံး ကင်းလှည့်ရဲ ဒါမှမဟုတ် ရဲဌာနကို ချက်ချင်း အကြောင်းကြားပေးပြီး အရောက်သွားဖို့ ပြောရတယ်။ တခါတလေဆို ဘယ်နှနာရီ ထိုးပြီလဲ ဆိုတာက အစ မေးတာမျိုး ရှိတယ်”လို့ ပြောပြပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်မြို့က ရဲတပ်ဖွဲ့ဝင်တွေကို သေနတ် ကိုင်ဆောင်ခွင့် ပြုထားပေမယ့် ပစ်ခတ်ဖမ်းဆီးခွင့် မပြုထားဘူးလို့ သိရပါတယ်။ ဘာလင်မြို့မှာ တနှစ်ကို ဆန္ဒပြပွဲပေါင်း ၄၀၀၀ ကျော် ရှိပေမယ့် ရဲတပ်ဖွဲ့နဲ့ လူစုလူဝေးအကြား ပြဿနာဖြစ်တဲ့ ကိစ္စဆိုတာ အရမ်းနည်းပါးတယ်လို့ ဘာလင်မြို့ ရဲဌာနချုပ်ရဲ့ စုံစမ်းရေး အရာရှိက ရှင်းပြပါတယ်။
ရဲတွေက ဆန္ဒပြသူတွေရဲ့ လုံခြုံရေးကို တာဝန်ယူပေးဖို့ လိုအပ်တာကြောင့် ဆန္ဒပြမယ့် အကြောင်းအရင်းကို ရဲစခန်းကို အသိပေးဖို့ လိုအပ်ပြီး မည်သည့် ဆန္ဒပြမှုမျိုးကိုမဆို ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
“၂၀၁၄ နှစ်တုန်းက ဂိုဏ်းအဖွဲ့ တဖွဲ့က စားသောက်ဆိုင်မှာ ထိုင်နေတဲ့သူ တယောက်ကို သတ်လိုက်တယ်။ အဲဒီအမှု ဖြစ်ပြီးတော့ သေသွားတဲ့သူကို အန္တရာယ်ရှိနေတာ သိရဲ့နဲ့ ရဲတပ်ဖွဲ့က ကာကွယ်ပေးတာ မရှိဘူးဆိုပြီး ပြည်သူတွေက စိတ်ဆိုးကြတယ်။ အဲဒီကိစ္စ အတွက်နဲ့ ရဲအကြီးအကဲ အစားထိုး ခံလိုက်ရတယ်”လို့ ဘာလင် ရဲဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Mr. Thomas Neuendrof က ပြောပြပါတယ်။
လန်ဒန်မြို့နဲ့ ဘာလင်မြို့ပေါ်က မီးရထားဂိတ်၊ လမ်းနေရာ အများအပြားမှာ ရဲဝန်ထမ်းတွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ အကူ အညီ တောင်းတာတွေကို ကူညီဆောင်ရွက်ပေးနေတာ၊ လူစည်ကားတဲ့ နေရာတွေမှာ လုံခြုံရေးယာဉ်တွေ မကြာခဏ ကင်းလှည့် နေ တာ တွေ့ခဲ့ရပါတယ်။
“လူအုပ်ကို ထိန်းသိမ်းတယ် ဆိုတာက ခေါင်းဆောင်ဖြစ်တဲ့ တပ်ဖွဲ့မှူးရဲ့စိတ်ရင်းပေါ်မှာပဲ မူတည်တယ်။ အင်္ဂလန်နဲ့ ဝေးလ်မှာ ရဲတွေက သေနတ်ကို ခွင့်မပြုဘဲ သုံးခဲ့ရင် အဲဒီရဲဝန်ထမ်းရဲ့လုပ်ပိုင်ခွင့်ကို ပြန်စစ်ဆေးမှာ ဖြစ်တယ်။ ခွင့်ပြုချက်ရလည်း ပစ်လိုက်တယ် ဆိုတာ ရှားတယ်။ ရဲကြောင့် ပြည်သူတယောက် သေဆုံးသွားရင် ကြီးလေးစွာ စစ်ဆေးခံရမယ်”လို့ IPCC က ကော်မတီဝင်ဟောင်း မစ္စတာ နီကိုးလပ်စ်လောင်း က ပြောပြတယ်။
အင်္ဂလန်နဲ့ ဝေးလ် ပြည်နယ် နှစ်ခုလုံး အတွက် ရဲဌာန စုစုပေါင်း ၄၃ ခုရှိပြီး မြို့ထဲမှာ လုံခြုံရေး ကင်းလှည့်နေတဲ့ ရဲဝန်ထမ်း တချို့က လွဲလို့ အခြားရဲတွေဟာ သေနတ်ကိုင်ခွင့်၊ အသုံးပြုခွင့် လုံးဝ မရှိဘူးလို့ သိရပါတယ်။
ဆန္ဒပြနေတဲ့ လူစုလူဝေးက အကြမ်းဖက်လှုပ်ရှားလာတဲ့ အချိန်မှာလည်း အင်္ဂလန်နဲ့ ဂျာမနီ က ရဲဝန်ထမ်းတွေဟာ သေနတ်၊ ရာဘာ ကျည်ဆန်၊ ကျင်စက်၊ ရေပိုက်နဲ့ထိုးခြင်း၊ မျက်ရည်ယိုဗုံးတွေကို လူထုထိခိုက်မှာ စိုးရိမ်တာကြောင့် အသုံးပြုခွင့်ပိတ်ပင်ထားပါတယ်။
ရဲတွေ အနေနဲ့ လူအုပ်ရဲ့ အကြမ်းဖက်မှု အရှိန်မြင့်လာချိန်မှာ သေနတ်ကို မဖြစ်မနေသုံးဖို့ လိုအပ်မယ်ဆိုရင် ရေဒီယိုစက်နဲ့ သက် ဆိုင် ရာ အကြီးအကဲကို ခွင့်ပြုချက် တောင်းရတယ်လို့ သိရပါတယ်။
အင်္ဂလန် ဘုရင်မကြီးကိုယ်တိုင် ဖွဲ့စည်းပေးထားတဲ့ လန်ဒန်မြို့ အခြေစိုက် IPCC ဆိုတဲ့ အဖွဲ့အစည်းက ရဲဌာနတွေက ရဲဝန်ထမ်းတွေရဲ့ အကျင့်ပျက် ခြစားတာ၊ လူထုအပေါ် အကြမ်းဖက် ဖြေရှင်းတာ၊ ရဲကြောင့် တရားခံ သေဆုံးတာ စတဲ့ ပြဿနာတွေကို တိုင်ကြား ရာမှာ ကိုင်တွယ် စုံစမ်းလေ့ရှိတဲ့ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း တခုဖြစ်ပြီး ၎င်းတို့ စုံစမ်းစစ်ဆေးမှု အပေါ် မည်သူကမှ ဖိအား ပေး လို့ မရဘူးလို့ ဆိုပါတယ်။
သူတို့အဖွဲ့အစည်းကို တိုင်ကြားလာသမျှ အမှုတွေထဲက စိစစ်ပြီး အမှန်တကယ် အရေးကြီးတဲ့ ကိစ္စတွေကို စုံစမ်းရာမှာ တနှစ်ကို စုံစမ်းမှု ၉ မှုခန့်သာ ပြုလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ စုံစမ်းမှုတွေ အတွက် တနှစ်ကို ပေါင် ၆၂ သန်း (ကျပ် ၉၉၂၀၀ သန်းပေါင်း) ကုန်ကျတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လူစုလူဝေးနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ပဋိပက္ခ အများစုမှာ ပြဿနာ အနည်းနဲ့အများ မကြာခဏ ဆိုသလို ဖြစ် နေတဲ့ အပေါ် နိုင်ငံတကာရော၊ ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းကပါ ဝေဖန်ကြပါတယ်။
လူစုလူဝေးနဲ့ ထိပ်တိုက်တွေ့တိုင်း အင်အားသုံး၊ လက်နက်သုံးပြီး ဖြေရှင်းတာ၊ ရဲတွေကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရကြတာ၊ သေဆုံးတာတွေ ဖြစ်ခဲ့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရေငုံနှုတ်ပိတ်နေပြီး ပြည်သူလူထုရဲ့ အခွင့်အရေးကို ချိုးဖောက်နေ တယ်လို့လည်း ပြောဆိုကြပါတယ်။
အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး EU ရဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်က Mrs. Karin Diana Deckenbach က “လက်ပံတောင်း ကိစ္စမှာ ရဲတပ်ဖွဲ့က ပစ်လိုက်တဲ့ အတွက် ဒေသခံ အမျိုးသမီး သေဆုံးတာဟာ အရမ်းကို ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စ ဖြစ်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ရဲတွေရဲ့လုပ်ကိုင်ပုံတွေ ပြောင်းလဲဖို့ သင်တန်းတွေ ပိုပြီး လိုအပ်နေတယ်။ EUက ပေးတဲ့ လူစုလူဝေး ထိန်းသိမ်းနည်း သင်တန်းဟာ အကြမ်းဖက်တဲ့ လူစုနဲ့တွေ့ရင်တောင် လက်နက်မသုံးဘဲ ဖြေရှင်းနည်း ဖြစ်တယ်”လို့ ပြော ဆိုပါတယ်။
ရဲ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ ထိပ်တိုက်တွေ့ဆုံတဲ့ အချိန်တိုင်း ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူး။ တကယ်တမ်း တာဝန်ရှိသူ၊ တာဝန်ခံရမယ့် သူတွေက ဖြစ်ရပ်ရဲ့ နောက်ကွယ်က အမိန့်ပေးတဲ့ သူတွေက ပုန်းဖို့ အခွင့်အရေး ရသွားတယ်လို့လည်း သူက ဆက်လက် ပြောဆိုပါတယ်။
“တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်တဲ့ နေရာမှာ အရေးကြီးဆုံးက ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးပဲ ဖြစ်တယ်။ ရဲစခန်း အတွင်းမှာ ရဲသားတွေဟာ ဥပဒေအတိုင်း နေထိုင်ပြုမူခြင်းက တရားဥပဒေ စိုးမိုးရေးလို့ ခေါ်တယ်။ ရဲတပ်ဖွဲ့ တခုတည်းလည်း ပြောင်းလဲလို့ မရ ဘူး။ လွှတ်တော်၊ တရားစီရင်ရေးတွေက အစ ပြောင်းလဲဖို့ လိုလိမ့်မယ်”လို့ လန်ဒန် အခြေစိုက် Matrix ရှေ့နေများ အဖွဲ့အစည်းက တာဝန်ရှိသူ တဦးက ပြောပါတယ်။
လေ့လာရေး ခရီးစဉ်အတွင်းမှာ တွေ့ရှိခဲ့ရတာက လန်ဒန်မြို့နဲ့ ဘာလင်မြို့မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ မီဒီယာ သမားတွေနဲ့ နီးစပ်မှုများလာရင် စုံစမ်းလေ့ ရှိကြောင်း၊ မီဒီယာသမား တချို့က ရဲတပ်ဖွဲ့ရဲ့အတွင်း သတင်းတွေ၊ ထူးခြားတဲ့ သတင်းတွေကို လိုချင်တာကြောင့် ရဲဝန်ထမ်းတွေကို လာဘ်ပေးစနစ် လုပ်ခဲ့တဲ့အတွက် အရေးယူခဲ့ရတာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
သူတို့နိုင်ငံတွေမှာ ရဲနဲ့ မီဒီယာဟာ နီးကပ်လွန်းတယ်လို့ ယူဆတဲ့အတွက်ကြောင့် အဲဒီ၂ ခုကြားက ဆက်ဆံရေးကို အမြဲစောင့်ကြည့် နေကြတယ်လို့ ဆိုကြပါတယ်။
လန်ဒန်မြို့ တိုင်းမ် မဂ္ဂဇင်းရဲ့ မှုခင်းသတင်းထောက် Sean O’Neil က “ရဲသတင်း တပ်ဖွဲ့က ၂၄ နာရီ အလုပ်လုပ်တယ်။ သတင်းကိစ္စအတွက် သူတို့ဆီကို တရက်တည်းမှာတင် အကြိမ်ကြိမ် ဆက်သွယ်ရတာ ရှိတယ်။ သတင်းနဲ့ ပတ်သက်တဲ့ အရာရှိတွေကို သီးသန့် ခွဲထားပေးတယ်။ သတင်းပြန်ကြားရေး ဌာနရှိတယ်။ တချို့ နယ်မြေခံ ရဲဌာနတွေက သူတို့ရဲ့ သတင်းတွေကို ရွေးချယ်ထားတဲ့ သတင်းစာကိုပဲ ပြောတယ်။ ဒီမှာတော့ ရဲနဲ့ သတင်းထောက်က ခပ်တန်းတန်း နေရတယ်”လို့ ပြောပြပါတယ်။
သူတို့ဆီမှာ မီဒီယာတွေကို သတင်းထုတ်ပြန်ပေးတဲ့ ရဲတပ်ဖွဲ့ကိုလည်း သီးခြားဖွဲ့စည်း ပေးထားပါတယ်။ ဒါ့အပြင် လူမှုကွန်ရက် မီဒီယာတွေ ဖြစ်တဲ့ ဖေ့စ်ဘုတ်၊ တွစ်တာ၊ ဖလစ်ကာနဲ့ ယူကျုတွေမှာ နေ့စဉ်ရရှိသမျှ မှုခင်းတွေ၊ တရားခံပြေး ဓာတ်ပုံတွေ၊ ဗဟုသုတ နဲ့ ပညာပေးခြင်း အစီအစဉ်တွေကို အချိန်နဲ့ တပြေးညီ တင်ပေးတယ်လို့ သိရပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အိမ်ရာ ဆောက် လုပ်သူတွေနဲ့ အိမ်ပိုင်ရှင် အများစုကလည်း သူတို့နေအိမ် လုံခြုံရေးအတွက် အိမ်ရာတွေ စတင် ဆောက်လုပ်ကတည်းက ရဲအရာရှိတွေနဲ့ တွေ့ဆုံပြီး အကြံဉာဏ်တွေ တောင်းကြတယ်လို့ လန်ဒန် Metropolitan Police Service က အကြီးအကဲ တဦးဖြစ်တဲ့ Ed Stearns က ရှင်းပြ ပြောဆိုပါတယ်။
လန်ဒန်နဲ့ ဘာလင်မြို့မှာ လူငယ်အများစုက ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ချင်ကြတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေက ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆန္ဒမရှိကြဘူး ဆိုတာကိုတော့ သူတို့တွေက အံ့သြကြပါတယ်။
“ဘာလင်က လူငယ်အများစုရဲ့ အိပ်မက်က ရဲ တယောက် ဖြစ်ဖို့လေ။ ရဲတယောက် ဖြစ်လာရင် ပြည်သူတွေကို အပြုံးနဲ့ ဝန်ဆောင်မှု ပေးဖို့၊ ကူညီဖို့ သူတို့ စိတ်ဝင်စားကြတယ်။ မြန်မာနိုင်ငံက လူငယ်တွေ ဘာကြောင့် ရဲတပ်ဖွဲ့ထဲ မဝင်ချင်ကြတာလဲ ဆိုတာ အံ့သြမိ တယ်”လို့ ဘာလင်မြို့ ရဲဌာနချုပ်ရဲ့ အရေးပေါ် ဖုန်းဖြေဆိုမှု ဌာနက ရဲဝန်ထမ်း တဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ ရဲစခန်းတချို့မှာ သတင်းကိစ္စ အတွက် မီဒီယာတွေက ဖုန်းဆက် မေးမြန်းတာ ဖြစ်ဖြစ်၊ လူကိုယ်တိုင် မေးမြန်းတာ ဖြစ်ဖြစ် ဖြေကြားပေးတာတွေ ရှိလာတာကြောင့် အရင် နှစ်တွေထက်စာရင် မီဒီယာတွေနဲ့ ဆက်ဆံရေးက အနည်းငယ် တိုးတက်မှု ရှိလာတာကို တွေ့ရပါတယ်။
“ရဲတပ်ဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေး အတွက် EU က သင်တန်းတွေ ပို့ချနေရုံနဲ့ မလုံလောက်သေးဘူး။ ရဲတွေရဲ့အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ လစာ၊ အသုံးစရိတ်၊ ခရီးစရိတ်တွေ၊ ရဲအင်အားတွေက လိုအပ်နေပါသေးတယ်။ ရဲတပ်ဖွဲ့ အင်အားတွေ ဖြည့်တင်းဖို့ လုပ်နေ ပေမယ့်လည်း လူအများစုက ရဲတယောက်ဖြစ်ဖို့ စိတ်ဝင်စားမှု နည်းတယ်”လို့ ချင်းပြည်နယ် ရဲမှူးကြီး မြင့်လွင်က ဧရာဝတီကို ပြောပါတယ်။
EUရဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး စီမံကိန်း ဧရိယာတွေဖြစ်တဲ့ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ သန်လျင်နဲ့ လှိုှုင်သာယာ မြို့နယ် တွေက ပြည်သူတွေ လုံခြုံမှုအတွက် ဆိုပြီး ရဲတပ်ဖွဲ့မှူးတွေ ကိုယ်တိုင် စက်ဘီးနဲ့ ကင်းလှည့်နေပြီလို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရပါတယ်။
“ရဲတပ်ဖွဲ့မှူးတွေ ကိုယ်တိုင် စက်ဘီးနဲ့ ကင်းလှည့် ကြတာကို ပြည်သူလူထုကလည်း စိတ်ဝင်စားသလို သူတို့နဲ့လည်း ရင်းနှီးမှု အခွင့် အလမ်း တွေ ပိုရလာတယ်၊ ပြည်သူတွေဆီက သတင်းပေးတာတွေ ရလာတဲ့အတွက် မှုခင်းဖော်ထုတ်ရာမှာလည်း အဲဒီသတင်း အပေါ် အခြေခံပြီး စုံစမ်း ဖော်ထုတ်တာမျိုး လုပ်လာကြတယ်။ ကျနော်တို့ဘက်က တိုးတက်မှုတွေ ရှိလာတယ်လို့ မြင်တယ်”လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဒုရဲမှူး ပြည့်စုံက ဧရာဝတီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရဲဝန်ထမ်းတဦးက ပြည်သူ ၂၈၅၀ ရဲ့ လုံခြုံရေးကို တာဝန်ယူထားရတဲ့ အနေအထားမှာ ရှိနေသေးတာကြောင့် လုံလောက်တဲ့ ကူညီမှု မပေးနိုင်ဘူး။ ပြည်သူတွေနဲ့ နီးစပ်မှုမရှိသလို လုံခြုံရေးပိုင်းမှာ အားနည်း နေရတယ်လို့ သိရပါတယ်။
ရဲဝန်ထမ်းတွေရဲ့ လစာ၊ ရပိုင်ခွင့်တွေ နည်းပါးလွန်းသလို တရားခံ ဖမ်းဆီးရာမှာ ကုန်ကျတဲ့ စရိတ်တွေလည်း တာဝန်ခံရဲက စိုက် ထုတ်ထားရပြီး တရားခံကို တရားရုံးတင်ပြီး အဆင့်မှသာ စိုက်ထားတဲ့ငွေကို ပြန်ရတာကြောင့် ရဲဝန်ထမ်းတွေရဲ့ လုပ်ငန်းတွေမှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ ရဲအရာရှိ တချို့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရဲဝန်ထမ်းဦးရေ ၇၂၀၀၀ ကျော် ရှိပြီး ပြည်သူလူထုကို ထိရောက်တဲ့ လုံခြုံမှုနဲ့ ဝန်ဆောင်မှု ပေးဖို့ဆိုရင် ရဲဝန်ထမ်း အင်အား ၇၀၀၀၀ ကျော် ထပ်မံ ဖြည့်တင်းဖို့ လိုအပ်တယ်လို့ ချင်းပြည်နယ် ရဲမှူးကြီး မြင့်လွင်က ရှင်းပြပါတယ်။
ရဲအရာရှိကြီးတွေက ရဲလုပ်ငန်း ပြုပြင်ပြောင်းလဲရေးတွေ အမှန်တကယ် လုပ်နေပြီလို့ ပြောကြပါတယ်။ တရားခံကို အမှုစစ်မယ် ဆို ရင် သက်ဆိုင်ရာ မိသားစုက စီစီတီဗွီက တဆင့် ကြည့်ခွင့် ရှိလာသလို လာဘ်ပေးလာဘ်ယူ မလုပ်ဖို့ ရဲစခန်းတွေမှာ ဆိုင်းဘုတ်တွေ ချိတ်ထားတယ်လို့ ပြောဆိုပါတယ်။
ထို့အပြင် ရဲဝန်ထမ်းတွေထဲမှာ တိုင်းရင်းသားလူမျိုး ပါဝင်နှုန်းကလည်း ယခင်နှစ်တွေထက် ၂၀၁၄ ခုနှစ်မှာ ၁၅ ရာခိုင်နှုန်း အထိ တိုး တက် လာတယ်လို့ ဆိုကြပါတယ်။
နှစ်ပေါင်းများစွာ မပြောင်းလဲခဲ့တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ဥရောပ သမဂ္ဂက ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ သင်တန်းတွေ ပေးနေ ပေ မယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ လစာ၊ ခရီးစရိတ်၊ ရပိုင်ခွင့်နဲ့ ရဲဝန်ထမ်း အင်အားတွေဟာ လိုအပ်မှုတွေ များပြား နေသေးတာကြောင့် ပြုပြင်ပြောင်းလဲဖို့ နောက်ထပ် ဆယ်စုနှစ် တခုလောက် အချိန်ထပ်ယူရမယ်လို့ ရဲအရာရှိကြီးတွေက ပြော ဆို နေကြပါတယ်။ ။