အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား ဖက်ဒရယ်စနစ်ကို အခြေခံသော နိုင်ငံရေး မူဝါဒများ ပါဝင်သည့် သဘောတူ စာချုပ် တခုကို လာမည့်ပြည်ထောင်စုနေ့၌ လက်မှတ်ရေးထိုးလိုသည်ဟု ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က သမ္မတထံ စာပေးပို့ထားကြောင်း သိရသည်။
“ဖက်ဒရယ် ပြည်ထောင်စုကို အတူတကွ တည်ဆောက်ကြမယ်ဆိုတဲ့ နိုင်ငံရေး သဘောတူညီချက် တခုခု ရနိုင်မလား၊ စာချုပ်မှာ လက်မှတ်ရေးထိုးကြတာမျိုး၊ ဒီလိုမှ မဟုတ်ရင်လည်းဘဲ နိုင်ငံရေး ကတိကဝတ် တခုခုများ ရနိုင်မလားဆိုပြီး စာပို့ ထားပါတယ်၊ ဘယ်လိုဟာမျိုး ဆိုတာတော့ ဆွေးနွေးမှ သိရမှာပါ”ဟု UNFC ၏ ဗဟိုအဖွဲ့ဝင် ဦးခွန်ဥက္ကာက ဧရာဝတီကို ပြောသည်။
ပြည်ထောင်စုနေ့၌ ပြည်ထောင်စု အနှစ်သာရ ပြည့်ဝသော ပြည်ထောင်စုကို လိုချင်သည်ဟု UNFC ၏ ဥက္ကဋ္ဌ ကိုယ်တိုင် လက်မှတ် ရေးထိုး၍ နိုင်ငံတော် သမ္မတထံ ပြီးခဲ့သည့် သီတင်းပတ် အတွင်းက စာပေးပို့ထားသည်ဟု ၎င်းက ဆိုသည်။
ထိုသို့ စာပေးပို့ခြင်းနှင့် ပတ်သက်ပြီး သမ္မတရုံးဘက်က အကြောင်းပြန်ကြားမှု မရှိသေးကြောင်း၊ သို့သော် ပြည်ထောင်စုနေ့ အခမ်း အနားသို့ တက်ရောက်ကြရန် တိုင်းရင်းသား ခေါင်းဆောင်များ အားလုံးကို ဖိတ်ကြားမည်ဟုသာ အကြောင်းပြန်ကြားထားသည်ဟု UNFC က ပြောသည်။
သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုနေ့တွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုး လိုကြောင်း ပြော ဆို ခဲ့သော်လည်း၊ NCA လက်မှတ်ရေးထိုးရန် စာချုပ်ချုပ်ဆိုမည့် အချက်အလက်တချို့ မပြည့်စုံသေးကြောင်း၊ အလားတူ တိုင်းရင်း သား နယ်မြေတချို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၍ အဆင်သင့်မဖြစ်သေးကြောင်း နှစ်ဘက်စလုံးက ပြောဆိုထားကြ သည်။
“သမ္မတက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ရေဒီယို မိန့်ခွန်းတွေ လစဉ် ပြောနေတယ်၊ အဲဒီတော့ ရေဒီယိုမှာ ပြောနေတာကို စာရွက်ပေါ်မှာ တရားဝင် လုပ်လိုက်ရင် အားလုံးအတွက် အဆင်ပြေသွားမယ်၊ အဓိကတော့ နိုင်ငံရေး အာမခံချက် တခုခု ရသွားရေးပါ”ဟု ဦးခွန်ဥက္ကာက ဆိုသည်။
လာမည့် ပြည်ထောင်စုနေ့တွင် နိုင်ငံရေး သဘောတူညီမှု တခုခု ရရှိသွားပါက အခမ်းအနား တက်လာကြမည့် တခြား ခေါင်းဆောင်များလည်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ထောက်ခံကြမည် ဖြစ်ကြောင်း၊ ထိုသို့ ထောက်ခံမှုများ ရရှိသွားပါက ပြည်ထောင်စုမှ ခွဲထွက်ရေး၊ သီးသန့်နိုင်ငံ တည်ဆောက်ရေးဆိုသည့် ရည်ရွယ်ချက်များ ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း UNFC က ပြောဆိုသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) မှ ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးလှမောင် ရွှေက UNFC က သမ္မတထံ စာပေးပို့ထားသည်ဟု သိရကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ အစိုးရဘက်က မည်သို့ တုံ့ပြန် ဆောင်ရွက် သွားမည်ကို အတိအကျ မသိရသေးကြောင်း ဧရာဝတီကို ပြောသည်။
ဦးလှမောင်ရွှေက“ပြောရရင်တော့ ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုနိုင်မယ် ဆိုရင် ပိုကောင်းတယ်လို့ ထင်တယ်၊ အဲဒီအတွက်လည်း အားလုံးက ဆန္ဒရှိနေကြတဲ့ ကိစ္စပါ”ဟု ဆိုသည်။
UNFC အဖွဲ့ဝင်များက ပြည်ထောင်စုနေ့တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေး မူဝါဒ တရပ်ရပ်ကို အစိုးရ အဖွဲ့နှင့် ဆွေးနွေးနိုင်လိမ့်မည်ဟု ယူဆထားကြောင်း ပြောဆိုသည်။
UNFC ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ဖြင့် ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည် သစ် ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသား ကောင်စီ (ANC) စသည့်အဖွဲ့များ UNFC တွင် ပါဝင်သည်။