အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အစိုးရကိုယ်စားလှယ်များနှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များ နေပြည်တော်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ရန်ကုန်သို့ ချီတက်နေသော ကျောင်းသား သပိတ်မှောက်စစ်ကြောင်း ခေတ္တရပ်ဆိုင်းရေး ကျောင်းသားများအကြား သဘောထားကွဲလွဲနေကြောင်း သိရှိရသည်။
နေပြည်တော်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့ အစိုးရကိုယ်စားလှယ်များနှင့် သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ် များ ပူးတွဲ ထုတ်ပြန်သော ကြေညာချက်တွင် ကျောင်းသားများ တောင်းဆိုထားသော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင်တွေ့ဆုံရေး ဖေဖော်ဝါရီလ ၁ ရက်နေ့ စတင်ရန် ၊ တွေ့ဆုံဆွေးနွေးစဉ်ကာလအတွင်း ကျောင်းသားသပိတ် ရပ်ဆိုင်း ထားရေး ဆိုသော အချက်ပါဝင်ကြောင်း၊ သို့ရာတွင် ကျောင်းသားသပိတ် ရပ်ဆိုင်းရေး နှင့်ပတ်သက်၍ ကျောင်း သား များအကြား သဘောထားကွဲလွဲနေကြောင်း သိရသည်။
“ကျနော်သိရသလောက် လမ်းကြောင်း၂ ခု ဖြစ်နေတယ်။ ညှိနှိုင်းရေးအဖွဲ့ နဲ့ တိုက်ပွဲဝင်မယ့် အဖွဲ့ရှိနေတယ်။ ကျနော် တို့ဘက်က ပြောနိုင်တာက အဲဒီ ညှိနှိုင်းရေးအဖွဲ့ နဲ့ တိုက်ပွဲအဖွဲ့တို့ အတတ်နိုင်ဆုံး ညှိနှိုင်းပြီး သွားမယ်လို့ ယုံကြည် ပါတယ်” ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က ပြောသည်။
အစိုးရ၊ လွှတ်တော် ၊ ကျောင်းသားများ၊ မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER) တို့ ပါဝင်သော ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုစတင်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် ကျောင်းသားသပိတ်ရပ်နားရေး ကိစ္စ ကျောင်းသား အဖွဲ့များအကြား သဘောထားကွဲလွဲနေပြီး ခိုင်မာသော ကတိပြု မရလျှင် သပိတ်မရပ်နားဆိုသော ကျောင်းသားအဖွဲ့များလည်းရှိနေကြောင်း သိရှိရသည်။
ယနေ့တွင် မန္တလေးမှ ရန်ကုန်ကို ချီတက်နေသည့် ပင်မ သပိတ်လမ်းကြောင်းသည် ပုပ္ပားမှ ကျောက်ပန်းတောင်းကို ရောက်ရှိ နေပြီး ကျောက်ပန်းတောင် မြို့တွင်းတွင် လှည့်လည်နေကြောင်း၊ ယင်းသပိတ်လမ်းကြောင်းကို ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းသွေးသစ်၊ ကိုနန္ဒာစစ်အောင်၊ ကိုအောင်မှိုင်းဆန်း၊ ကိုအောင်နေပိုင်၊ မဖြိုးဖြိုးအောင်တို့က ဦးဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီတွင် ကော်မတီဝင် ၁၅ ဦး ပါဝင်ပြီး ယမန်နေ့က အစိုးရနှင့် သွား ရောက် တွေ့ဆုံရာတွင် ကိုယ်စားလှယ်များအဖြစ် ကိုအောင်မှိုင်းဆန်း၊ ကိုနန္ဒာစစ်အောင်၊ မဖြိုးဖြိုးအောင်၊ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုနန်းလင်း၊ ကိုဝေမိုးနိုင်၊ ကိုပြည့်ဖြိုးကျော်၊ ကိုချစ်ဝင်းမောင်၊ ကိုသန့်ဇင်ထွန်း ၁၀ ဦးတို့က သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။