၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွက် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများ အသုံးစရိတ် ဘတ်ဂျက်ကို လွှတ်တော် ကိုယ်စားလှယ် များက ယခင်နှစ်ထက် တိုးမြှင့် တောင်းခံထားကြောင်း သိရသည်။
အစိုးရ ဝန်ကြီးဌာများ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ငွေ တောင်းခံ တင်ပြကြရာတွင် ပညာရေး အတွက် ကျပ် ဘီလီယံ ၁၄၀၀ ဝန်းကျင် တောင်းခံထားပြီး ကျန်းမာရေး အတွက် ကျပ် ဘီလီယံ ၇၅၇ ကို တောင်းခံထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ပြည်ထောင်စု လွှတ်တော်၏ လက်ရှိကျင်းပနေဆဲ ၁၂ ကြိမ်မြောက် အစည်းအဝေး၌ အစိုးရ ဝန်ကြီးဌာနများက သက်ဆိုင်ရာ ဌာန အလိုက် ဘဏ္ဍာငွေ သုံးစွဲမှု တင်ပြကြရာတွင် တိုးမြှင့် တောင်းခံထားခြင်း ဖြစ်ကြောင်း သိရသည်။
ပညာရေး ဝန်ကြီးဌာနသည် ယခင် ဘဏ္ဍာရေးနှစ်တွင် ကျပ် ဘီလီယံ ၁၁၅၈ ကျော် သုံးစွဲခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်တွင် ကျပ် ဘီလီယံ ၁၄၀၀ ဝန်းကျင် သုံးစွဲရန် တောင်းခံထားကြောင်း၊ ထို့အတူ ကျန်းမာရေး ဝန်ကြီးဌာနသည် ယခင်နှစ်က ၇၀၈ ဘီလီယံ တောင်းခံခဲ့ပြီး ယခု ဘဏ္ဍာနှစ်တွင် ၇၅၇ ဘီလီယံ တောင်းခံထားကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဧရာဝတီကို ပြောသည်။
ထို့အတူ သမ္မတ ဦးသိန်းစိန်က ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍ၌ ယခင်နှစ်များထက် တိုးမြှင့် သုံးစွဲသွားမည်ဟု ဇန်နဝါရီလဆန်းတွင် ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့၏ ဘဏ္ဍာရေး ကော်မရှင် ရှင်းတမ်း (၁/၂၀၁၅) အစည်းအဝေး၌ ပြောဆိုထားသည်။
နိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍသည် တိုင်းပြည် ဖွံဖြိုးရေးအတွက် အရေးပါသည့် ကဏ္ဍဖြစ်၍ ထိုဘတ်ဂျက်ငွေသည် လုံလောက်မှု မရှိသေးကြောင်း၊ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်အတွက် တိုးမြှင့်သုံးစွဲမည်ဟု ဘတ်ဂျက်တိုး တောင်းခံ သည့်အတွက် ကိန်းဂဏန်းသာ တိုးတက်လာသော်လည်း လက်တွေ့နယ်ပယ်တွင် ထိရောက်မှု မရှိသေးကြောင်း ဝေဖန်မှုများ လည်း ရှိနေသည်။
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)မှ ဒေါက်တာ သိန်းလွင်က“နိုင်ငံတခုရဲ့ ပညာရေးစနစ် တိုးတက်ဖို့ ဘတ်ဂျက်ငွေ လုံလုံလောက် ထောက်ပံ့ဖို့ လိုတယ်၊ အခမဲ့ ပညာရေးစနစ် ဖြစ်ဖို့ လိုအပ်သလို ကျောင်းနေအရွယ် ကလေးအားလုံး မသင်မနေရ ပညာရေးစနစ် အတွက် ဥပဒေတရပ် ပြဌာန်းထားဖို့လည်း လိုအပ်ပါတယ်”ဟု ဧရာဝတီကို ပြော သည်။
မြန်မာနိုင်ငံ၌ မသင်မနေရ ပညာရေးစနစ် အစား အခမဲ့ဟုသာ လုပ်ဆောင်နေကြောင်း၊ အခမဲ့စနစ်သည် လက်တွေ့တွင် ထိရောက် မှု မရှိကြောင်း၊ ကျောင်းတွင် ကျောင်းလခ မပေးဆောင်ရသော်လည်း ပြင်ပ၌ ကျူရှင်လခများ ပေးဆောင်သင်ယူနေရကြောင်း လည်း ဒေါက်တာ သိန်းလွင်က ဆက်ပြောသည်။
“မသင်မနေရဆိုရင် ဘာငွေကြေးမှ မကုန်တော့ဘူး၊ အခုမြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က မကောင်းတဲ့အတွက် အပြင်မှာ ကျူရှင် တက်ရတော့ အခမဲ့လို့ ပြောလို့ မရတော့ဘူး၊ အဲဒီတော့ အခမဲ့ရော မသင်မနေရ စနစ်ပါ ဖြစ်အောင် လုပ်ပေးဖို့လိုတယ်၊ ဒီအတွက် ဘတ်ဂျက်ကို နိုင်ငံတကာ စံနှုန်းအတိုင်း သတ်မှတ်ပေးဖို့ လိုတယ်၊ မြန်မာနိုင်ငံရဲ့ လက်ရှိဘတ်ဂျက်က အရမ်းနည်းနေပါသေး တယ်”ဟု ၎င်းက ပြောဆိုသည်။
နိုင်ငံတကာ၏ ပညာရေး အသုံးစရိတ် စံနှုန်းသည် နိုင်ငံတော် ဘတ်ဂျက်၏ အနည်းဆုံး ၁၅ ရာခိုင်နှုန်း ရှိရမည်ဟု သတ်မှတ် ထားကြောင်း၊ ထို့အတူ ပြင်ပအဖွဲ့များ၏ ပညာရေး အသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ ပညာရေး ဘတ်ဂျက်မှာ နိုင်ငံတော် ဘတ်ဂျက်၏ ၄ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိကြောင်း သိရသည်။
အစိုးရ ဝန်ကြီးဌာနများ၏ ၂၀၁၅-၂၀၁၆ အတွက် ဘတ်ဂျက်ငွေ တောင်းခံမှုများနှင့် ပတ်သက်ပြီး လာမည့်သီတင်းပတ် အနည်းငယ် တွင် လွှတ်တော်၌ ဆွေးနွေး၍ ဖြတ်တောက်ခြင်း၊ ဖြည့်စွက်ခြင်း၊ အကြံပြုခြင်း စသည်တို့ လုပ်ဆောင်၍ ပြည်ထောင်စု လွှတ်တော် က ဆုံးဖြတ် အတည်ပြုပေးမည် ဖြစ်သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက် တိုးမြှင့်တောင်းခံထားသည့် ပညာရေး အသုံးစရိတ် ငွေများကို အထက်တန်း အဆင့် အခမဲ့ ပညာရေး စနစ်အဖြစ် အကောင်အထည် ဖော်ရန်အတွက် ဖြစ်ကြောင်း အစိုးရက ပြောဆိုထားသည်။
ယခင် ဘဏ္ဍနှစ်များက မူလတန်းနှင့် အလယ်တန်းတို့ကို အခမဲ့ ပညာရေး စနစ်အဖြစ် ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော် ပေးခဲ့ကြောင်းလည်း သမ္မတက ပြောဆိုထားသည်။ ထို့အပြင် ပညာသင်ဆုများ ထောက်ပံ့ပေးခြင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသို့ ထောက်ပံ့ခြင်းတို့ကို တိုးမြှင့်ပေးသွားမည်ဟုလည်း အစိုးရက ပြောဆိုခဲ့သည်။
ထို့အတူ ကျန်းမာရေးအတွက် ဆေးရုံများကို အဆင့်မြှင့်တင်ခြင်း၊ အသစ် ဆောက်လုပ်ခြင်း၊ ပြည်သူ့ ကျန်းမာရေး၊ ဝန်ထမ်းများ ခန့်အပ်ရေး စသည်တို့ကို ဆောင်ရွက်သွားမည်ဟု သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ အသုံးစရိတ်ကို ကျပ် ဘီလီယံပေါင်း ၂၀၈၀၀ သုံးစွဲရန် လျာထားရာ၌ ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ကျပ် ဘီလီယံ ၄၁၄၄ ဘီလီလံ တောင်းခံထားပြီး အများဆုံး တောင်းခံထားသည့် ဌာနလည်း ဖြစ်သည်။
ထို့အတူ စွမ်းအင်ဝန်ကြီးဌာနသည် ကျပ် ဘီလီယံ ၃၂၆၀ ဘီလီယံ ဖြင့် ဒုတိယ အများဆုံး တောင်းခံထားသည်။
ကာကွယ်ရေး ဝန်ကြီးဌာနသည် ကျပ် ဘီလီယံ ၂၇၅၀ ဘီလီယံ ဖြင့် တတိယ အများဆုံး တောင်းခံထားပြီး လျှစ်စစ်ဝန်ကြီး ဌာန သည် ကျပ် ဘီလီယံ ၂၄၆၅ သုံးစွဲမည်ဟု တင်ပြ တောင်းခံထားကြောင်း သိရသည်။
ထိုသို့ ဘတ်ဂျက်ငွေ တိုးမြှင့်တောင်းခံမှုသည် အမှန်တကယ် လိုအပ်သည့် နေရာများ၌ သုံးစွဲရန် မဟုတ်ဘဲ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ အဆောင်အယောင်၊ အဆောက်အအုံများ အတွက်သာ သုံးစွဲမည်ဆိုပါက ပညာရေး စနစ်နှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများအတွက် ထိရောက်မှုရှိမည် မဟုတ်ကြောင်း ဝေဖန် ပြောဆိုမှုများ ရှိနေသည်။