မြန်မာတနိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး စီမံချက်အတွက် အမေရိကန်ဒေါ်လာ သန်း ၆ ထောင် နီးပါး လိုအပ်မည်ဖြစ်ကြောင်း ယင်း စီမံချက်တွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးနေသော ကမ္ဘာ့ဘဏ်က ထုတ်ပြန် ပြောဆိုသည်။
တနိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး စီမံချက်(NEP) အရ ကုန်ကျစရိတ် ခန့်မှန်းထားမှုမှာ အိမ်ထောင်စုပေါင်း ၇.၂ သန်း အတွက် ဒေါ်လာ ၅.၈ ဘီလီယံ (သန်း ၅၈၀၀) ကုန်ကျမည် ဖြစ်သည်ဟု ဆိုသည်။
ယင်းစီမံချက်၏ တနိုင်ငံလုံး လျှပ်စစ်မီး အပြည့်အစုံ ရရှိမည့် ကာလမှာ ၂၀၃၀ ပြည့်နှစ်အထိ ကြာမြင့်မည် ဖြစ်ပြီး စီမံကိန်း စ တင် သည့် ပထမ ၅ နှစ် အတွင်း ကုန်ကျမည့် ငွေကြေးမှာ ဒေါ်လာသန်း ၇၀၀ ဖြစ်ကြောင်း၊ အဆိုပါ ဒေါ်လာသန်း ၇၀၀ တွင် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၃၀၀ ထည့်ဝင်ကူညီမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်မှ ထိုစီမံကိန်းနှင့်ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ် Ms Xiaoping Wang က“တနိုင်ငံလုံး မီးပေးဖို့ဆိုရင် အခြေခံ အဆောက် အအုံတွေ အပါအဝင် ဒေါ်လာသန်း ၆ ထောင်လောက် ကုန်မှာပါ။ လာမယ့် ၅ နှစ်အတွက်က ဒေါ်လာသန်း ၇၀၀ ပေါ့။ အဲဒီအထဲမှာ ကမ္ဘာ့ဘဏ်က သန်း ၃၀၀ ထည့်ဝင်ဖို့ စဉ်းစားထားပါတယ်။ ဒေါ်လာ သန်း ၄၀၀ လည်း ဖြစ်သွားနိုင်ပါတယ်”ဟု ပြောသည်။
အဆိုပါ ငွေကြေး အကူအညီများကို ဖြန့်ကျက်ပေးသွားရန် စီစဉ်ထားပြီး ဓာတ်အားလိုင်း သွယ်တန်းမှုအတွက် ဒေါ်လာသန်း ၂၀၀၊ အဝေးလိုင်း အကြိုလျှစ်စစ်မီး ပေးရေးအတွက် ဒေါ်လာသန်း ၈၀ နှင့် စွမ်းဆောင်ရည် တည်ဆောက်ခြင်းနှင့် နည်းပညာ အကူအညီ တို့ အတွက် ဒေါ်လာ သန်း ၂၀ ကို အဆိုပြုထားသည်ဟုလည်း ကမ္ဘာ့ဘဏ်က ဆိုသည်။
NEP စီမံချက်အရ ပထမ အစီအစဉ်များ၌ လူနေထူထပ်သော ဧရိယာများတွင် တိုတောင်းသည့် ဓာတ်အား ဖြန့်ဖြူးရေးလိုင်းများနှင့် ကုန်ကျစရိတ် သက်သာသည့် ဆက်သွယ်မှုများဖြင့် ဦးစွာဆက်သွယ်သွားရန် ပါရှိပြီး ဝေးလံသောဒေသများသည် ရှည်လျားသော ဓာတ်အားလိုင်းနှင့် ကုန်ကျစရိတ် မြင့်မားမည် ဖြစ်ကြောင်း သိရသည်။
ကုန်ကျစရိတ် မြင့်မားပြီး နောက်ဆုံးမှ လျှပ်စစ်မီးများ ဆက်သွယ်သွားမည့် ဒေသများတွင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည် နယ်နှင့် ကယားပြည်နယ်များ ပါဝင်ကြောင်း သိရသည်။
သို့သော် အဆိုပါ ဓာတ်အားလိုင်း သွယ်တန်းမှု နောက်ဆုံးအဆင့်တွင် ပါရှိသည့် ကျေးရွာများမှ ရာနှုန်းအနည်းငယ်ကို အကြို လျှပ် စစ်မီးပေးရန် ကမ္ဘာ့ဘဏ်က အကြံပြုထားသည့် အချက်များလည်း ပါဝင်သည်။
ယင်းသို့ အကြိုလျှပ်စစ်မီးပေးရေး အစီအစဉ်များတွင် ကျေးရွာငယ်များအတွက် နေအိမ်သုံး ဆိုလာစွမ်းအင် စနစ်၊ ကျေးရွာကြီးများအတွက် ဆိုလာ၊ ဒီဇယ်နှင့် အသေးစားရေအားလျှပ်စစ် နည်းပညာများ ပါဝင်သွားမည်ဟု ဆိုသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန MOEP ၏ အချက်အလက်များ အရ မြန်မာနိုင်ငံ၏ လျှပ်စစ်မီး ရရှိနှုန်းမှာ ၃၃ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်က ၂၀၁၄ ဒီဇင်ဘာလကုန်၌ ထုတ်ပြန်သော မြန်မာနိုင်ငံ အခြေအနေ စနစ်တကျ လေ့လာဆန်းစစ်မှု အစီရင်ခံစာတွင် နိုင်ငံ လူဦးရေ ၅၁.၄ သန်း၏ ၃ ပုံ ၁ ပုံအောက်သာ လျှပ်စစ်မီး ပင်မဓာတ်အားလိုင်း ကွန်ရက်နှင့် ချိတ်ဆက်ထားနိုင်သေးသည်ဟု ဖော် ပြခဲ့သည်။