ရှမ်းပြည်နယ်သို့ ရောက်သွားသည့် ခရီးသည် တိုင်းဒေသခံ လက်နက်ကိုင်အဖွဲ့များ အမြောက်အမြား ရှိနေခြင်း၊ အထူးသဖြင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနှင့် တောင်ဘက်ပိုင်းရှိ ထိုင်းနိုင်ငံ နယ်စပ်အနီးတွင် ၎င်းတို့ လှုပ်ရှားနေကြခြင်းကို သတိမထားမိဘဲ နေနိုင်ကြမည် မဟုတ်ပါ။ သူတို့က သေနတ်များ ကိုင်ဆောင်ထားကြပြီး သူတို့၏ ကိုယ်ပိုင် အမှတ်တံဆိပ်များလည်း တပ်ဆင်ထားကြသည်။ ဓာတ်ဆီဆိုင်များနှင့် စီးပွားဖြစ် သီးနှံများ စိုက်ပျိုးခြင်းမှသည် မက်သဖက်တမင်းနှင့် တခြား မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်းအထိ လုပ်ကိုင်နေကြ၏။
အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့များသည် တရားဝင် အားဖြင့် မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေ သည်။ အင်အား ၁၀ဝ၀ ကျော်ခန့်ရှိမည့် သူတို့ တပ်ဖွဲ့ဝင်များကို ယခုအခါတွင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တို့ကို တိုက်ခိုက်ရန် အသုံးပြုခြင်းခံနေရသည်။ အမှန်တကယ်အားဖြင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တို့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ရရှိထားသည့် အဖွဲ့အစည်းများ ဖြစ်ကြသည်။ အမိန့် နာခံလေ့ မရှိကြသော မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ရှုပ်ထွေးမှုနှင့် ပျက်စီးမှုအစား တစုံတရာ ပါဝင်ပေး နိုင်လိမ့်မည်ဟု ထင်မြင်ယူဆရန် ခက်ခဲပါသည်။ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ရှမ်းပြည်နယ်မှ ပြည်တွင်း စစ်ပွဲများက ရှင်းလင်းစွာ ဖော်ပြနေသည်။
ရှမ်းပြည်နယ်သည် ၁၉၅၀ ခုနှစ်များ အလယ်ပိုင်း လောက်တွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဝေးလံခေါင်ဖျား သည့် နေရာများသို့ ကျူးကျော် ဝင်ရောက် လာပြီး အခြေချခဲ့ကြသည့် တရုတ်အမျိုးသားဝါဒီ ကူမင်တန် တပ်ဖွဲ့များနှင့် မြန်မာအစိုးရ တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် စစ်မြေပြင်ဖြစ်ခဲ့ရသည်။
လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် ပုဂံခေတ် က ဒဏ္ဍာရီလာ သူရဲကောင်းတဦးဖြစ်သည့် ပျူ စောထီး၏ အမည်ကိုအစွဲပြုထားသည့် “ပျူစောထီး” ဟုခေါ်သော အာဏာရပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့များ ပေါ်ပေါက် ခဲ့ပြီး ဒေသခံ စစ်ဘုရင်များ ဦးဆောင်သည့် အဖွဲ့အစည်းများအသွင်ဖြင့် ကြီးထွားလာခဲ့ရာ အစိုးရကလည်း ထိန်းချုပ်ရန် မတတ်နိုင်ခဲ့ပေ။ ၁၉၅၈ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့် အစိုးရလက်ထက် ရောက်မှသာ ၎င်းတို့ကို ဖျက်သိမ်းနိုင်ခဲ့သည်။
သို့သော်လည်း အင်အားနည်းပါးပြီး လက်နက်ပစ္စည်း မစုံလင်သော ပျူစောထီး များကဲ့သို့ မဟုတ်ဘဲ ပိုမိုပြီး အာဏာရှိသော (ပို၍လည်း နာမည်ပျက်သော) ကာကွယ်ရေး တပ်ဖွဲ့များ နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့ သည်။ ၁၉၆၀ ခုနှစ်ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့သည့် အစိုးရကို ဖြုတ်ချ၍ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နောက် ၁ နှစ်အကြာ ၁၉၆၃ ခုနှစ်တွင် ကာကွယ်ရေး အဖွဲ့များကို တည် ထောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအဖွဲ့ သည် အစိုးရက ပြုလုပ်ရန်ရှိနေသည့် ပြည်တွင်း ပုန်ကန်တော်လှန်မှု တိုက်ဖျက်ရေး ဗျူဟာ၏ တစိတ်တပိုင်း အနေဖြင့် ပေါ်ပေါက်လာခဲ့ခြင်းလည်း ဖြစ်သည်။
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံအတွက် အခက်အခဲတွေ့စေသည့် နေရာတခု အမြဲတမ်း ဖြစ်ခဲ့သည်။ နေထိုင် သည့် လူမျိုးများကလည်း ရှမ်း တိုင်းရင်းသားတမျိုးတည်း မဟုတ်ဘဲ ကချင်၊ ပအို့ဝ်၊ ပလောင်၊ ပဒေါင်၊ ဝ၊ ကိုးကန့်တရုတ်နှင့် တခြား တိုင်းရင်းသား အမြောက်အမြား နေထိုင်ကြခြင်းက တစိတ်တပိုင်းဖြစ်သလို လွတ်လပ်ရေးမရမီနှင့် ရပြီး နောက်ပိုင်းတွင် သီးခြားရပ်တည်မှုနှင့် အခွင့်အရေးများ ရရှိနေခဲ့သောကြောင့်လည်း ဖြစ်သည်။ ဗြိတိသျှ ကိုလိုနီခေတ်တွင် ကိုယ်ပိုင်အုပ်ချုပ်သည့် နယ်မြေ ၄၀ ကျော်ခန့်ရှိပြီး မြန်မာနိုင်ငံ၏ အစိတ်အပိုင်းတခု အဖြစ် စနစ်တကျ မရှိခဲ့ပေ။ နယ်ပယ် အသီးသီးကို ကိုယ်ပိုင် အုပ်ချုပ်ရေးစနစ်နှင့် ကိုယ်ပိုင်ရဲတပ်ဖွဲ့များ ပင် ရှိသည့် ရှမ်းစော်ဘွားများက အုပ်ချုပ်ကြသည်။
သူတို့ကိုယ်သူတို့ “တိုင်း” ဟု ခေါ်သော ရှမ်း လူမျိုးများသည် ထိုင်းနှင့် လာအိုမှ သူတို့၏ အိမ်နီးချင်းများနှင့် နီးကပ်သော ဆက်ဆံရေးရှိသည်။ ကိုလိုနီ ခေတ်မတိုင်မီက မြန်မာမင်းများနှင့် ဆက်သွယ်မှု သည်လည်း အကန့်အသတ်နှင့်သာဖြစ်ပြီး အနောက်ဘက် မြေနိမ့်ဒေသမှ အုပ်ချုပ်သူများထံသို့ လက်ဆောင် ပဏ္ဏာနှင့် အခွန်များ ဆက်သခြင်းလောက်သာ ဖြစ်သည်။ သို့သော်လည်း သူတို့ အုပ်ချုပ်ရာနယ်မြေ များကို မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေအဖြစ် မည်သည့်အခါမှ အသိအမှတ်ပြုခြင်း မရှိခဲ့ပါ။
ရှမ်းပြည်နယ်အပေါ် ဗြိတိန်၏ စိတ်ဝင်စားမှုက လည်း အင်ဒိုချိုင်းနားဒေသမှ ပြင်သစ်ကို တားဆီးရန်နှင့် ကိုလိုနီအင်ပါယာ ၂ ခုအကြားတွင် ထိန်းချုပ် ရန် မဖြစ်နိုင်သည့် နယ်မြေတခု ပေါ်ပေါက်မလာ စေရန် ကာကွယ်ရေးအတွက်သာ ဖြစ်သည်။ ၁၈၉၇ ခုနှစ်မှ ၁၈၉၀ အထိ မြန်မာနိုင်ငံတွင် မဟာဝန် ရှင်တော်မင်းကြီး အဖြစ် ဆောင်ရွက်ခဲ့သော ဆာ ချားလ်စ် ခရော့စ်ဝိတ် (Sir Charles Crosthwaite) က ထိုအခြေအနေကို “သံလွင်မြစ်နှင့် မဲခေါင်မြစ် ကြားတွင် ရှိနေသည့် တိုင်းပြည်၏ သဘောသဘာဝ ကို ကြည့်သည့်အခါ ထိုနေရာ သည် မြန်မာနိုင်ငံကို မကျေနပ်သူများ၊ ရာဇဝတ်ဘေးမှ တိမ်းရှောင်လာ သူများ အားလုံးအတွက် ခိုလှုံရာ နေရာတခု ဖြစ်နေခဲ့ သည်။ ကျွနု်ပ်တို့ကို သစ္စာခံသော၊ ကျွနု်ပ်တို့၏ မိတ်ဆွေဖြစ်သော အစိုးရတခုက အုပ်ချုပ်ခြင်း မရှိခဲ့ လျှင် ထိုဒေသသည် မကောင်းမှု ကျူးလွန်လိုသည့် တောပုန်း ဓါးပြခေါင်းဆောင်တိုင်း သို့မဟုတ် လူလိမ်များက နောက်လိုက်နောက်ပါ စုစည်းကာ အစီအစဉ်များ ချမှတ်မည့်နေရာတခု ဖြစ်သွားနိုင်ပါ သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် တာဝန် ရှိသူများအတွက် ထိုကဲ့သို့ အလားအလာ ရှိနေခြင်း က ကောင်းမွန်သည့် အရာတခု မဟုတ်ပေ” ဟု မှတ်တမ်းတင်ခဲ့သည်။
ဆာ ချားလ်စ် ခရော့စ်ဝိတ်၏ စကားလုံးများက ၁၉၆၀ နှစ်များအတွက် ကြိုတင် နိမိတ်ဖတ်ဖြင်း ဖြစ်လာခဲ့သည်။ ၁၉၄၇ ခုနှစ်က ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကျင်းပသော ညီလာခံတခု၌ ရှမ်းစော် ဘွားများက ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပါဝင်ရန် သဘောတူခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ သော ပင်လုံ စာချုပ်၏ သဘောတူညီချက် တစိတ်တပိုင်းအရ ရှမ်းနယ်များသည် ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို ဆက်လက် ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းတွင် ကျင့်သုံးရန်ရှိသည့် ဖက်ဒရယ်စနစ်အတွက် အခြေခံ အုတ်မြစ် ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။ သဘော တူညီချက်နှင့် ပတ်သက်၍ ကျေနပ်နှစ်သိမ့်မှု မရှိပါ က လွတ်လပ်ရေး ရရှိပြီး ၁၀ နှစ် အကြာတွင် ပြည် ထောင်စုမှ ခွဲထွက်ခွင့်ပေးရန်လည်း ရှမ်းစော်ဘွား များက တောင်းဆိုခဲ့သည်။ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် (ယခု ကယားပြည်နယ်) တို့သာလျှင် ထိုအခွင့်အရေး ရရှိမည်ဖြစ်ကြောင်း အခြေခံ ဥပဒေသစ်၏ အခန်း ၁၀ တွင် ဖော်ပြထားသည်။
၁၀ နှစ်ကြာ စမ်းသပ်ကာလ ပြီးဆုံးသည့် ၁၉၅၈ တွင် မြန်မာနိုင်ငံမှ ခွဲထွက်ရန် တောင်းဆိုမှုများ မြင့်တက်လာ ခဲ့သည်။ ထိုနှစ်အတွင်းတွင် တော်လှန်ပုန်ကန်မှုတခု ပေါ်ပေါက်လာခဲ့ပြီး ရန်ကုန်မြို့ နှင့် နေရာအနှံ့အပြားမှ အယူအဆ ပြင်းထန်သည့် ရှမ်းကျောင်းသားများနှင့် ပြည်ထောင်စု စစ်ရဲတပ်ဖွဲ့ မှ အရာရှိဟောင်းတဦးဖြစ်သူ “ဝ” လူမျိုး ဦးဘိုမောင် တို့ကဲ့သို့သော သူများကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ရှမ်း ကျောင်းသား တချို့ပါဝင်သော တပ်ဖွဲ့တခုကို သူက ဦးဆောင်၍ စစ်စခန်းမြို့တမြို့ ဖြစ်သည့် တန့်ယန်းကို တိုက်ခိုက်ခဲ့သည်။ ဖက်ဒရယ် စနစ်ကိုထောက်ခံသည့် အခြေခံဥပဒေကို ဖျက်သိမ်း လိုက်သည့် ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းယူမှု နောက်ပိုင်းတွင် တင်းမာမှုများ ပိုမိုမြင့်တက်လာပြီး ပြည်တွင်းစစ်လည်း အပီအပြင် ပေါ်ပေါက်လာသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စဝ်ရွှေသိုက် ကို လည်း စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး ချုပ်နှောင်ထားစဉ် အတွင်း အသတ်ခံခဲ့ရသည်။ ၁၉၆၄ ခုနှစ်တွင် စဝ်ရွှေသိုက်၏ ကျန်ရစ်သူ မဟာဒေဝီ စဝ်နန်း ဟိန်းခမ်းက ဆန့်ကျင်ရေးတပ်များ၏ ညွှန့်ပေါင်းအဖွဲ့ အကြီးအကဲဖြစ်လာပြီး နောက်ပိုင်းတွင် ရှမ်းပြည် တပ်မတော် (SSA) အဖြစ် ဖွဲ့စည်းနိုင်ခဲ့သည်။
၁၉၆၀ နှစ်များအတွင်းတွင် ဆာချားလ်စ် ခရော့စ်ဝိတ်၏ အိပ်မက်ဆိုးသဖွယ် အမြင်များက ရှမ်းပြည်နယ်တွင် အမှန်တကယ် ဖြစ်ပေါ်လာခဲ့ သည်။ အဓိက အကြောင်းမှာ ကာကွယ်ရေးတပ်ဖွဲ့များ ကြီးထွားလာခြင်းကြောင့် ဖြစ်သည်။ ကာကွယ် ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာရခြင်းမှာလည်း အစိုးရတပ်ဖွဲ့များ ရောက်ရှိရန်ခက်ခဲသည့် ဒေသများမှ လက်နက်ကိုင် အဖွဲ့များကို တိုက်ခိုက်ရေးအတွက် အသုံးပြုရန် ရည်ရွယ်ချက်နှင့် ဖြစ်သည်။ တရုတ်နိုင်ငံမှ အကြီးအကျယ် အထောက်အပံ့ပေးထားသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) က ၁၉၆၀ နှောင်းပိုင်း နှစ်များနှင့် ၁၉၇၀ အစောပိုင်း နှစ်များအတွင်း ကိုးကန့်နှင့် “ဝ” ဒေသတောင်ကုန်း များအပါအဝင် မြန်မာနိုင်ငံ အရှေ့ဖျားမှ ဝေးလံ သည့် နယ်စပ် တောင်တန်းများတွင် နေရာယူလာ သည့်အချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့များက အစိုးရ အတွက် အလွန် အရေးပါလာခဲ့သည်။
ကာကွယ်ရေးတပ်ဖွဲ့များကို အင်အားဖြည့်တင်းနိုင်ရန် အားပေးခဲ့သော်လည်း လက်နက်ကိုင် တော်လှန်မှုများကို ရေရှည် တွန်းလှန်တိုက်ခိုက်နိုင်ရေးအတွက် ဗဟိုအစိုးရက လုံလောက်သည့် ဘဏ္ဍာငွေ ထောက်ပံ့ပေးနိုင် ခဲ့ခြင်း မရှိပါ။ ထို့ကြောင့် ရှမ်းပြည်နယ်အတွင်းမှ အစိုးရထိန်းချုပ်မှုအောက်ရှိ မြို့များ၊ လမ်းများ အားလုံးကို ဘိန်းကုန်ကူးရေးအတွက် အသုံးပြုရန် ခွင့်ပြုလိုက်သည်။ ဤနည်းအားဖြင့် ကာကွယ်ရေးတပ်ဖွဲ့များသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်လာကြပြီး ဘဏ္ဍာရေးအတွက် အစိုးရအပေါ် မှီခိုရန် မလိုအပ်တော့ပါ။
ဒေသခံ စစ်ဘုရင် အများအပြားနှင့် တောတွင်း လက်နက်ကိုင် အဖွဲ့များက ၎င်းတို့၏ တပ်ဖွဲ့များကို ကာကွယ် ရေးတပ်ဖွဲ့များအဖြစ် ပြောင်းလဲရန် သဘော တူညီခဲ့ကြသည်။ သူတို့ထဲမှ ဩဇာအရှိဆုံးမှာ လော်စစ်ဟန် ဖြစ်ပြီး သူ၏ ဇာတိကိုးကန့် ဒေသမှ လူများနှင့် ဖွဲ့စည်းထားသော ကာကွယ်ရေးအဖွဲ့ တခု၏ ခေါင်းဆောင် တရုတ်လူမျိုးတယောက် ဖြစ် သည်။ လော်စစ်ဟန်၏ တပ်ဖွဲ့များက ၁၉၇၁ ခုနှစ် ဒီဇင်ဘာမှ ၁၉၇၂ ခုနှစ် ဇန်နဝါရီလ အတွင်းဖြစ်ပွား ခဲ့သည့် ကွမ်လုံတံတား တိုက်ပွဲတွင် အစိုးရစစ်တပ်ကို ကူညီခဲ့သည်။ အဆိုပါ တိုက်ပွဲသည် အရေးကြီးသည့် တိုက်ပွဲတခုလည်း ဖြစ်သည်။
ကွမ်လုံတိုက်ပွဲတွင် အစိုးရတပ်များကို ဒု ဗိုလ်မှူးကြီး ထွန်းရီက ဦးဆောင်ခဲ့သည်။ ပုပုဂင် တိုတို၊ ခေါင်းတုံးနှင့် ဖြစ်သော ဒု ဗိုလ်မှူးကြီး ထွန်းရီ ကို သူ၏ နောက်လိုက် အရာရှိများက “နပိုလီယံ” ဟု ခေါ်ကြသည်။ နောက်ပိုင်း တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ၏ ဥက္ကဋ္ဌ ဖြစ်လာပြီး ယခုနှစ် အစောပိုင်းက ရန်ကုန်မြို့ တွင် ကွယ်လွန်သွားခဲ့သည်။
အစိုးရအတွက် လော်စစ်ဟန်၏ ဆောင်ရွက် ပေးမှုများအတွက် အတုံ့အလှယ်အနေဖြင့် သူ၏ ဘိန်းသယ်ယူရေး လမ်းကြောင်းများတွင် တခြား ပြိုင်ဘက် အဖွဲ့များက ချုံခိုတိုက်ခိုက်ခြင်း မရှိအောင် အစိုးရတပ်များက ကူညီ စောင့်ကြပ်ပေးသည့် အဖြစ် များပင် ရှိခဲ့သည်။ သို့သော်လည်း ကာကွယ်ရေး တပ်ဖွဲ့များ၏ အရှိန်အဝါ ကြီးမား လာမှုကြောင့် ၁၉၇၃ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်းက ဖျက်သိမ်း လိုက်သည်။ လော်စစ်ဟန်က အစိုးရထံ လက်နက် မချဘဲ တောခိုသွားခဲ့ပြီး ရှမ်းပြည်တပ်မတော် (SSA) နှင့် မဟာမိတ်ပြုလိုက်သည်။
ထိုနှစ် နှောင်းပိုင်းတွင် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကိုရှောင်ရှားရန် နယ်စပ်ဖြတ်ကျော် ထွက်သွားခဲ့သော လော်စစ်ဟန်ကို ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ဖမ်းမိခဲ့သည်။ သူ့ကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေး လိုက်ပြီး နောက်တွင် သူ့ကို တရားမဝင် လုပ်ပိုင်ခွင့်ပေးခဲ့သည့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုနှင့် မဟုတ်ဘဲ SSA နှင့် မဟာမိတ်ပြုခဲ့ သည်ကို အကြောင်းပြ၍ နိုင်ငံတော်ကို လက်နက်ကိုင် ပုန်ကန်မှုဖြင့် သေဒဏ်ချမှတ်ခဲ့သည်။
သို့သော်လည်း သူ့ကို ကွပ်မျက်ခြင်း မရှိခဲ့ဘဲ ၁၉၈၀ ခုနှစ်တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် နှင့် အကျဉ်း ထောင်မှ ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် သူ၏ အခြေခံစခန်းဟောင်းဖြစ်သည့် လားရှိုးသို့ ပြန်သွားခဲ့ပြီး ပြည်သူ့စစ်ဆိုသည့် အစီ အစဉ်အောက်တွင် လက်နက်ကိုင် တပ်ဖွဲ့တခုကို ထူထောင်ခဲ့သည်။ လော်စစ်ဟန် သည် အစိုးရ အတွက် အသုံးဝင်နေဆဲ ဖြစ်သလို နောက်ပိုင်းတွင် ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် တယောက်ဖြစ်လာခဲ့သည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ကွယ်လွန်ခဲ့ သည်။
တခြားသော ထင်ရှားသည့် ကာကွယ်ရေး တပ်မှူးတဦးမှာ Zhang Qif က ဖြစ်သည်။ ရှမ်းနှင့် တရုတ်ကပြား Zhang Qif က သည် ရှမ်းပြည်နယ် မြောက်ပိုင်း လွယ်မော်တောင်တန်းဒေသမှ ကာကွယ်ရေး ခေါင်းဆောင် ဖြစ်သည်။ သူသည်လည်း လော်စစ်ဟန်နှင့် ဩဇာအာဏာတန်းတူ ရှိသော စစ်ဘုရင်တဦး ဖြစ်လာခဲ့သည်။ သူ၏ တပ်ဖွဲ့များက ရှမ်းလက်နက်ကိုင် အဖွဲ့များကို တိုက်ခိုက်ခဲ့ကြပြီး အတုံ့အပြန်အနေဖြင့် သူ့ကို ဘိန်းနှင့် ဘိန်းဖြူ ကုန်သွယ်ခွင့်ပြုခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ရှမ်း လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဒေသများ အတွင်း သူ၏ ကုန်သွယ်ရေးလမ်းကြောင်းများ လုံခြုံစိတ်ချစွာ ဖြတ်သန်း သွားလာနိုင်ရေးအတွက် ရန်သူ ရှမ်းလက်နက်ကိုင်များနှင့် ညှိနှိုင်းဆွေးနွေးရန် အားထုတ်မှု ပြုလုပ်ခဲ့ပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရ သည်။
အဆိုပါ သဘောတူညီချက်မျိုးသည် ကာကွယ် ရေး အစီအစဉ်၏ ရည်ရွယ်ချက် တခုလုံးကို ပျက်စီး စေနိုင်သည်။ ထို့ကြောင့် Zhang Qif က ထောင်ချခံ လိုက်ရသည်။ ၁၉၇၄ ခုနှစ်တွင် SSA နှင့် အဆက် အသွယ်ရှိသော တောတွင်းမှ သူ၏ လူများက တောင်ကြီးဆေးရုံမှ ရုရှားလူမျိုး ဆရာဝန်၂ ယောက် ကို ပြန်ပေးဆွဲခဲ့ပြီး နောက်ပိုင်း သူ့ကိုပြန်လွှတ်ခဲ့သည်။ Zhang Qif က သူ၏ တပ်ကို ရှမ်းကာကွယ်ရေး တပ်ဖွဲ့တခုအသွင် ပြန်လည်ဖွဲ့စည်းလိုက်ပြီး “ခွန်ဆာ” ဆိုသည့် ရှမ်းနာမည်သစ်ကို ပြောင်းလဲခံယူခဲ့သည်။
သူ၏ မော်ထိုင်းတပ်မတော် (MTA) က ရှမ်း ပြည်နယ်တွင် အင်အား အတောင့်တင်းဆုံးနှင့် လက်နက်ကိရိယာ အပြည့်စုံဆုံး တပ်ဖွဲ့ဖြစ်လာခဲ့သည်။ လက်နက်အများစုကို ထိုင်းနိုင်ငံမှ ရရှိခြင်း ဖြစ်သည်။ သို့သော်လည်း MTA သည် ၎င်း၏ လက်နက်များကို အစိုးရတပ်များနှင့် ရင်ဆိုင်ရာတွင် မည်သည့်အခါမျှ အသုံးပြုခြင်းမရှိသဖြင့် ခွန်ဆာ၏ ရှမ်းလူမျိုး နောက်လိုက် အသစ်များ၏ အလိုမကျမှု များနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခင်ကာကွယ်ရေး ခေတ် က သဘောတူညီချက်ဟောင်း၏ ပုံစံအသစ် ဖြစ်ဖွယ် ရှိသည်ဟု ယူဆရသည်။ ၁၉၉၆ ခုနှစ်တွင် အစိုးရထံ ခွန်ဆာလက်နက်ချခဲ့ပြီး သူ၏ တပ်ဖွဲ့ကို ဖျက်သိမ်း၍ သူပိုင်ဆိုင်သည့် ငွေများနှင့်အတူ ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၂၀ဝ၇ ခုနှစ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။
ဤနည်းအတိုင်းဆိုပါလျှင် အစိုးရမဟုတ်သည့် လက်နက်ကိုင်တပ်ဖွဲ့များ ပုံစံတမျိုးဖြင့် ပေါ်ပေါက် လာခြင်းက အတိတ်တွင် ဖြစ်ခဲ့သည်များနှင့် ကွဲပြား ခြားနားသည့် အခြေအနေတခုသို့ ရောက်ရှိစေလိမ့် မည်ဟု ယူဆရန် ဖြစ်နိုင်ပါမည်လား။ လက်ရှိအချိန်တွင် ဘိန်းနှင့် မက်သဖက်တမင်းကဲ့သို့သော စိတ်ကြွ ဆေးများ ထုတ်လုပ်မှု တဟုန်ထိုး မြင့်တက်လာနေ သည်ကို ထောက်ပြ၍ စောင့်ကြည့်လေ့လာသူ အများစုက ခက်ခဲပါသည်ဟု ပြောကြလိမ့်မည် ဖြစ် သည်။ ရှမ်းပြည်နယ်သည် မူးယစ်ဆေး၊ သေနတ်နှင့် ပိုက်ဆံက အဓိက ကြီးစိုးထားသည့် ပဋိပက္ခဒေသတခု အဖြစ် ကန့်သတ်ခံထားရဆဲ ဖြစ်ပါသည်။
(ဧရာဝတီအင်္ဂလိပ်ပိုင်းတွင် ဖော်ပြသော Bertil Linterner ၏ State of Anarchy ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်သည်)