မြန်မာဘာသာဖြင့် ထုတ်ဝေလျှက်ရှိသည့် မဇ္ဈိမ နေ့စဉ်သတင်းစာကို မတ်လ ၁ ရက်နေ့မှ စတင်၍ ရပ်နားတော့မည် ဖြစ်ကြောင်း Mizzima Media Group (MMG) က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကြေညာလိုက်သည်။ ပြည်တွင်း လုပ်ငန်းရှင်တဦးဖြစ်သော Mr. Serge Pun ခေါ် ဦးသိမ်းဝေက ၎င်းမီဒီယာ အဖွဲ့အစည်းမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီး နောက်တွင် ထိုသို့ ကြေညာခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ပေါ်ထွန်းစ မီဒီယာဈေးကွက်အတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့ပြီး ၂၂ လ ခန့်ကြာမြင့်ခဲ့ပြီး နောက်ပိုင်းတွင် နေ့စဉ်ထုတ် ပုံနှိပ်သတင်းစာကို ရပ်နားလိုက်ပြီးနောက် ဒီဂျစ်တယ် စနစ်ဖြင့်သာ ဆက်လက်ထုတ်ဝေ တော့မည်ဟု MMG ၏ ကြေညာချက်တစောင်တွင် ဖော်ပြထားသည်။
MMG က ဇန်နဝါရီလ ၂၈ ရက်နေ့က ပြောကြားရာတွင် အင်္ဂလိပ်ဘာသာဖြင့် အပတ်စဉ်ထုတ်ဝေသည့် မဂ္ဂဇင်း၊ နေ့စဉ် အွန်လိုင်း (အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာ ဖြင့်) သတင်းဝက်ဘ်ဆိုက်၊ အခပေး ရုပ်သံနှင့် ရေဒီယို သတင်း အစီအစဉ်နှင့် အခြား မီဒီယာ ဝန်ဆောင်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။
MMG ၏ အယ်ဒီတာချုပ် နှင့် မန်နေးဂျင်းဒါရိုက်တာ ဦးစိုးမြင့်က ပုဂ္ဂလိကပိုင် နေ့စဉ် သတင်းစာတစောင် ထုတ်ဝေ ရေးသည် အခက်အခဲမြောက်များစွာရှိနေပြီး ကုန်ကျစရိတ် ကြီးမားသည့်အတွက် ထိုသို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။“ ခုချိန်မှာ အွန်လိုင်းက စာဖတ်သူ အရေအတွက်ကလည်း တိုးလာနေပါတယ်။ ဒါကြောင့် ကျနော် တို့က အွန်လိုင်း ဒီဂျစ်တယ် သတင်းစာတစောင်အဖြစ် ပြောင်းလဲလိုက်တာဖြစ်ပါတယ်” ဟု သူကထပ်ပြောသည်။
“ယေဘုယျအနေနဲ့ ပြောရရင် ပုဂ္ဂလိက သတင်းစာ အားလုံးနီးပါးဟာ အမြတ်အစွန်း မရှိဘဲလုပ်ကိုင်နေရပြီးတော့ ရှုံးတောင် ရှုံးကြတယ်လို့ ကျနော်သိရပါတယ်” ဟု ဦးစိုးမြင့်က ပြောသည်။ ထိုသို့ ဆုံးဖြတ်လိုက်ရခြင်း၏ ရလဒ်အဖြစ် ဝန်ထမ်း မည်မျှ အလုပ်အကိုင် ဆုံးရှုံးသွားမည်ဆိုသည်ကို အတိအကျ မပြောနိုင်ဟုလည်း သူက ဆိုသည်။
ဝန်ထမ်း ၁၄၀ ခန့် ရှိသည့်အထဲမှ ပြည်တွင်းဝန်ထမ်း ၄၀ ခန့်ကို ဆုံးဖြတ်ချက် ထွက်ပေါ်မလာမီ ပြီးခဲ့သည့် လကထဲက အလုပ်မှ ရပ်ဆိုင်းခဲ့ပြီး ဖြစ်သည်။ လကုန်တွင် ဒါဇင်နှင့် ချီသောဝန်ထမ်းများ ထပ်မံလျှော့ချမည်ဟု မျှော်လင့်ရသည်။ ၎င်းတို့ထဲတွင် သတင်းထောက်များ၊ ဓာတ်ပုံဆရာများ နှင့် ဒီဇိုင်းနာများ ပါဝင်သည်။
မဇ္ဈိမ နေ့စဉ်သတင်းစာသည် စောင်ရေ ၁၂၀၀၀ ခန့် ဖြန့်ချိနေပြီး မြန်မာနိုင်ငံတွင် ရောင်းအားအကောင်းဆုံး ပုဂ္ဂလိက နေ့စဉ် သတင်းစာ ၅ ခုတွင် တခု အပါအဝင်ဖြစ်သည်။
ဦးသိမ်းဝေနှင့် အမှုဆောင်အရာရှိချုပ် ဦးဆန်နီဆွေတို့က MMG ကို စွန့်ခွာရန် ဆုံးဖြတ်ခဲ့ကြပြီး ၎င်းတို့၏ ရှယ်ယာ များကို ပြီးခဲ့သည့် အပတ်အတွင်းက ပြန်လည်ရုပ်သိမ်းသွားခဲ့ကြသည်ဟု ဦးစိုးမြင့်က ပြောသည်။ “သူတို့က ပိုင်ဆိုင်ခွင့် ကို ကျနော်နဲ့ ဒေါ်သင်းသင်းအောင် ကိုပေးခဲ့ပါတယ်” ဟုလည်း သူက ဆိုသည်။ ဦးစိုးမြင့်၏ ဇနီးဖြစ် သော ဒေါ်သင်းသင်းအောင် က MMG ၏ ဒါရိုက်တာ အသစ်ဖြစ်လာမည်ဟု သိရသည်။
“ဦးဆန်နီဆွေက မဇ္ဈိမမှာ အလုပ်မလုပ်ချင်တော့ဘူး။ ဒါကြောင့် သူ နုတ်ထွက်သွားတာပါ။ Mr. Serge Pun ကတော့ မဇ္ဈိမ ကို အစကထဲက ကူညီပေးချင်တာ သက်သက်ပါပဲ” ဟု ပူးပေါင်းမှု ပျက်ပြားသွားရခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။
သတင်းလုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန် အတွက် အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း MMG က ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကြေညာခဲ့သည်။ ဦးသိမ်းဝေက ဒါရိုက်တာ အဖွဲ့ဝင်နှင့် ရှယ်ယာပိုင်ဆိုင်သူ ဖြစ်လာသည်။ အင်္ဂလိပ် ဘာသာနှင့် ထုတ်ဝေသည့် အပတ်စဉ်ဂျာနယ် The Myanmar Times ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်သော ဦးဆန်နီဆွေ နှင့် ဦးစိုးမြင့်တို့က အစုရှယ်ယာဝင်များ ဖြစ်သလို အမှုဆောင်အရာရှိချုပ်နှင့် အယ်ဒီတာချုပ်များ အသီးသီး ဖြစ်လာခဲ့ကြ သည်။
လုပ်ငန်းတိုးချဲ့ရန် အတွက် MMG က Mr. Serge Pun ထံမှ ငွေချေးယူခဲ့သည်ဟု ပြောသော်လည်း ပြန်လည်ပေးဆပ်ရ မည့် ငွေကြေးအတိုင်းအတာကို ပြောပြရန် ဦးစိုးမြင့်က ငြင်းသည်။ မီဒီယာ လုပ်ငန်းများကို ရေရှည် ဆက်လက် လုပ်ကိုင်နိုင်ရန် ပုဂ္ဂလိက ကဏ္ဍမှ စီးပွားဖက်များ ဆွဲဆောင်နိုင်ရန် မျှော်လင့်ထားသည်ဟုလည်း သူက ဆက်ပြောသည်။
မည်သည့်အတွက်ကြောင့် MMG မှ ထွက်ခွာခဲ့ရသည်ဆိုသည်ကို ဦးဆန်နီဆွေက တိုက်ရိုက်ဖြေဆိုခဲ့ခြင်း မရှိပါ။ သူနှင့် ဦး စိုးမြင့်တို့ကြားတွင် “ပြဿနာ မရှိ”ဟုသာ ပြောသည်။ “ဒါပေမယ့် ကျနော်တို့ စီမံခန့်ခွဲမှုပုံစံ ကွဲပြားမှု ရှိခဲ့ပါတယ်” ဟု သူက ဆိုသည်။
သူနှင့် ဦးသိမ်းဝေတို့က သူတို့ အစုရှယ်ယာများ ပိုင်ဆိုင်မှုကို ဦးစိုးမြင့်ထံသို့ မိမိဆန္ဒအလျှောက် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု ဦးဆန်နီဆွေ ပြောသည်။ မြန်မာနိုင်ငံ၏ မီဒီယာ လုပ်ငန်းကဏ္ဍတွင် ဆက်လက်လှုပ်ရှားနိုင်မည်ဟု မျှော်လင့် ကြောင်းလည်း ပြောသည်။ “တကယ်လို့ Mr. Serge Pun က ကျနော်နဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ ဆန္ဒရှိမယ်ဆိုရင် ကျနော့်ဖက်က ငြင်းစရာ အကြောင်းမရှိပါဘူး” ဟု သူကပြောသည်။
မြန်မာနိုင်ငံမှ လေယာဉ်တစီးကို အပိုင်စီးခဲ့မှုမှ အိန္ဒိယ တရားရုံးတရုံးက တရားသေလွှတ်ပေးခြင်းခံခဲ့ရသော ဦးစိုးမြင့်သည် အိန္ဒိယတွင် အခြေချနေထိုင်ပြီး ယခင်စစ်အစိုးရကို ဆန့်ကျင်ခဲ့သူတယောက်ဖြစ်သည်။ သူက စစ်အုပ်ချုပ်ရေး လက်အောက်မှ သတင်းများကို ဖြန့်ဝေပေးနိုင်ရန် မဇ္ဈိမ သတင်းဌာနကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၁၉၉၈ ခုနှစ်က စတင် တည်ထောင်ခဲ့ပါသည်။
ဦးသိမ်းဝေက မြန်မာနိုင်ငံတွင် Serge Pun & Associates Myanmar Limited (SPA) ကို ၁၉၉၁ ခုနှစ် ၌ တည်ထောင် ခဲ့ပြီး တနှစ် အကြာတွင် ရိုးမဘဏ်ကို တည်ထောင်ခဲ့သည်။ ထိုအချိန်မှ စ၍ SPA သည် ဘဏ္ဍာရေး ဝန် ဆောင်မှု၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေလုပ်ငန်း၊ မော်တော်ကားထုတ်လုပ်ရေး နှင့် ကျန်းမာရေး ဝန်ဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည့် ကုမ္ပဏီလုပ်ငန်းစုကြီး တခုဖြစ်လာခဲ့သည်။
မဇ္ဈိမ နေ့စဉ်သတင်းစာသည် သမ္မတ ဦးသိန်းစိန်၏ အရပ်သားအမည်ခံ အစိုးရက ၂၀၁၃ ခုနှစ်တွင် နေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ပြုလိုက်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် မြန်မာနိုင်ငံ၏ မီဒီယာအပေါ် ထိန်းချုပ်ကန့်သတ်ခြင်းများ ကို ဖယ်ရှားလိုက်ပြီးနောက် အသစ်ထွက်ပေါ်လာသည့် သတင်းအဖွဲ့အစည်းများ ထဲမှတခု ဖြစ်သည်။
မြန်မာစာနယ်ဇင်းသမားများကလည်း စိတ်အားထက်သန်စွာဖြင့် လွတ်လပ်သည့် သတင်းစာများတည်ထောင်ခဲ့ကြသည့် အတွက် မြန်မာနိုင်ငံ၏ မီဒီယာလောကတွင် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရသည်။ The Voice၊ 7 Day Daily၊ Daily Eleven နှင့် The Messenger အစရှိသည် တို့က မြန်မာဘာသာနှင့် ထုတ်ဝေခဲ့ကြပြီး The Myanma Freedom Daily က အင်္ဂလိပ် ဘာသာဖြင့် နေ့စဉ် ထုတ်ဝေခဲ့ကြသည်။
ထုတ်ဝေသော သတင်းစာများသည် စီးပွားရေးအရ အကျိုးအမြတ်ရရှိရန် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ကြရပြီး အစိုးရပိုင် သတင်းစာများနှင့် ယှဉ်ပြိုင်ရန်လည်း ခက်ခဲသည်။ အစိုးရပိုင် သတင်းစာများက တန်ဘိုး နည်းနည်းဖြင့် ရောင်းချနိုင် သလို ဖြန့်ချိရေး အတွက်လည်း ကွန်ရက်များ ရှိနှင့် ပြီးဖြစ်သည့်အတွက် အားသာမှုရှိနေသည်။ စောင်ရေကလည်း ၃၀၀၀၀၀ ကျော်ခန့် ရှိသည်။ ၂၀၁၃ ခုနှစ် ဧပြီလနောက်ပိုင်းတွင် ပိတ်သိမ်းခဲ့ရသည့် သတင်းစာ ၅ ခုခန့် ရှိပြီး ၂၀၁၄ ခုနှစ် မတ်လက ရပ်ဆိုင်းခဲ့သည့် The Myanma Freedom လည်း အပါအဝင်ဖြစ်သည်။
(Paul Vrieze ပူးပေါင်းရေးသားသည်)