အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်နေသည့် သပိတ်မှောက် ကျောင်းသားများကို သပိတ်လှန်ပြီး နေရပ်ပြန်ရန် ဖေဖော်ဝါရီလ ၁ ရက်နေ့ ရန်ကုန်မြို့ စိန်ရတုခန်းမတွင် ပြုလုပ်သော လေးပွင့်ဆိုင် တွေ့ဆုံပွဲတွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ထပ်မံ ဖိအားပေး ပြောကြားလိုက်သည်။
“ကျနော်က သပိတ်ရပ်နားမည့်ကိစ္စကို ခင်ဗျားတို့ ဈေးဆစ်လို့ သပိတ်ရပ်နားမည်လို့ ရေးခဲ့တာပဲ။ ကျနော်က တော်တော်လေး ကြိုစားပြီး ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်။ ဒါကို လူကြီးတွေကလည်း စတင်တဲ့နေ့မှာ သပိတ်ရပ်ဆဲမည် ဆိုတာကို ဒီတိုင်းပဲ နားလည်ထားတယ်။ ကျနော့်ဘက်က ခိုင်ခိုင်မာမာ ပြောတာက ဒီနေ့ ဆွေးနွေးပွဲ စတင်ပြီ။ နောက်ထပ်လည်း ဆွေးနွေးပွဲ ဆက်လုပ်ဖို့လည်း ကျနော်တို့ ဆုံးဖြတ်ပြီးပြီ။ အဲဒါကြောင့်မလို့ သပိတ်လှန်ပါလို့ပဲ ကျနော်က ပြောချင်တယ်” ဟု ဝန်ကြီး ဦးအောင်မင်းက ပြောသည်။
ယင်းဆွေးနွေးပွဲတွင် ကျောင်းသားများ ထပ်မံ တင်ပြတောင်းဆိုသော အချက် ၉ ချက်ထဲမှ သပိတ်မှောက်သူများကို သပိတ်နှင့် ပတ်သက်၍ အရေးမယူရန် တောင်းဆိုရာတွင် ဝန်ကြီး ဦးအောင်မင်းက တာဝန်မယူနိုင်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။
“ကျနော် တာဝန်ယူမယ်ဆိုတာကို ပုပ္ပါးအထိ ပြောခဲ့ပါတယ်။ အဲဒီတော့ ပုပ္ပါး ကျော်တဲ့ကိစ္စကတော့ ကျနော့်ဆီမှာ တာဝန် မရှိတော့ပါဘူး။ ကျနော်က ပြန်တင်ပြပေးရမယ့် တာဝန်ပဲ ရှိတော့တယ်” ဟု ဝန်ကြီး ဦးအောင်မင်းက ဆိုသည်။
ရန်ကုန်တက္ကသိုလ်ရှိ စိန်ရတုခန်းမတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်၊ NNER (ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်) နှင့် ကျောင်းသားများ ပါဝင်သည့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
“ကျနော်တို့ အားလုံးတွေ့ရတာပဲ။ ဒီဆွေးနွေးပွဲက အစိုးရရဲ့ အဖြစ်လုပ်တဲ့ပွဲလို့ပဲ ကျနော်ပြောချင်တယ်။ အခုလည်း ကျောင်းသားတွေကို တဖက်လှည့်နဲ့ သပိတ်ရပ်အောင်လုပ်တာ။ သူတို့တွေ ဆွေးနွေးပွဲကို ရက်ကြာကြာနဲ့ အချိန်ဆွဲမယ့် သဘောရှိတယ်။ နောက်ပြီး ဒီဆွေးနွေးပွဲကို နားထောင်ရတာ တနည်းနည်းနဲ့ သပိတ်ရပ်အောင် လုပ်မယ်လို့လည်း ထင်တယ်” လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတဦးက ဝေဖန်သည်။
ဆွေးနွေးပွဲတွင် သမ္မတ မှာကြားလိုက်သည့် စကား၌ ငြိမ်းငြိမ်းချမ်းချမ်း ပညာသင်နေသည့် ကျောင်းသားများနှင့် မိဘများမှ သပိတ်ရပ်တန့်ရန် လိုလားကြောင်း၊ မြင်းခြံတက္ကသိုလ်တွင် ကျောင်းသားများ နိုင်ငံတော် အလံကို ဖြုတ်ချပြီး ကျောင်းသားအလံ တင်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်အလံကိစ္စမျိုးကို သမ္မတအနေနှင့် တာဝန် မယူနိုင်ကြောင်း ပြောဆိုမှုများသည် သပိတ်မှောက် ကျောင်းသားများကို အရေးယူ ဖမ်းဆီးမည့် အရိပ်လက္ခဏာများ ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ဆွေးနွေးပွဲတွင် ကျောင်းသားများ တင်ပြချက်များအနက် လက်ရှိ ဖွဲ့စည်းထားသော ကျောင်းသားဆရာ သမဂ္ဂများကို အသိအမှတ်ပြုရန်၊ ပညာရေး မူဝါဒနှင့် ဥပဒေများ နည်းဥပဒေများ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသား၊ ဆရာ ကိုယ်စားလှယ်များ ပါဝင်ရန် ဆိုသည့် အချက်နှစ်ချက်ကို ဆွေးနွေးခဲ့ကြပြီး ညနေ ၇ နာရီခန့်တွင် အချက် ၈ ချက်ကို ပြင်ဆင်ချက်တချို့နှင့် သဘောတူညီမှု ရရှိခဲ့သည်။
သို့သော်လည်း အစိုးရပိုင်းမှ ပြုပြင်ရေးဆွဲမည့် ဥပဒေမူကြမ်း ရရှိမှသာ ကျောင်းသားများ လိုလားသည့် အချက်များကို ပြင်ဆင်ရန် အစိုးရပိုင်းမှ တင်ပြခဲ့သည့်အတွက် ကျောင်းသားများ တောင်းဆိုချက်နှင့် ဆန့်ကျင်နေသည့်အတွက် လာမည့် အင်္ဂါနေ့တွင် ယင်းအချက်ကို ထပ်မံ ဆွေးနွေးရမည် ဖြစ်သည်။
“ကျနော်တို့ NNER ကိုလည်း သူတို့က အဖြစ်သဘောလောက်ပဲ ခေါ်ထည့်ထားတာ။ အခုလည်း ဒီတိုင်းပဲ။ အစိုးရဘက်က ဗဟိုချုပ်ကိုင်မှုကို မလျော့လို့ ဒီလိုတောင်းဆိုမှုတွေ ဖြစ်လာတာ။ အခုလည်း ဒီလို ဆက်လုပ်မယ်ဆိုတော့ နောက်ပိုင်းလည်း အချေအတင် ဖြစ်လာမှာပဲ” ဟု NNER မှ အဖွဲ့ဝင် ဒေါက်တာ အာကာမိုးသူက ပြောသည်။