ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်း မြို့နယ်ထဲက တီကျစ်ရွာကို ကျမတို့ ရောက်သွားတဲ့ အချိန် အေးမြတဲ့ ရာသီ ဥတု ကြားကပဲ ပူလောင်မှုကို ခံစားခဲ့ရပါတယ်။ ဒါဟာ ကျောက်မီးသွေးမိုင်းတွင်းနဲ့ နီးနေလို့ ဆိုတဲ့ အဖြေကို သိပ် မကြာခင်မှာပဲ တွေ့ရှိခဲ့ရ ပါတယ်။
စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြတဲ့ ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေက တီကျစ်ရွာသူ၊ ရွာသားတွေ အတွက် မသန့်ရှင်းတဲ့လေကို ရှူပြီး မသန့်ရှင်းတဲ့ ရေကို သောက်နေရတဲ့ နေ့ရက်တွေ ကနေ လွတ်မြောက်ဖို့ လိုအပ်နေပါပြီ။
တီကျစ်ဟာ အိမ်ခြေ တထောင်နီးပါး ရှိတဲ့ ရွာကြီးတရွာ ဖြစ်ပြီး အထူးသဖြင့် ပအိုဝ့် ရှမ်း တောင်ရိုး လူမျိုးစု တွေ နေထိုင်ကြတာပါ။ အိမ်တွေ ကလည်း တိုက်အိမ်တွေ အပါအဝင် သပ်သပ်ရပ်ရပ် ဆောက်ထားကြတဲ့ အိမ်တွေ များပါတယ်။ လျှပ်စစ်မီးလည်း ရရှိပြီး လောပိတ ရေအားလျှပ်စစ် စက်ရုံက ဖြန့်ဖြူးပေးတာ ဖြစ်ပါတယ်။ အလိုရမ္မက် နည်းပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြတဲ့ တီကျစ်ရွာဟာ လွန်ခဲ့တဲ့ ၉ နှစ်က စပြီး ထင်မှတ်မထားတဲ့ အပြောင်းအလဲ တွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။
တီကျစ်ရွာ အဝင်မှာ ပထမဆုံး သတိပြုမိတာ ကတော့ ဘိလပ်မြေစက်ရုံ တခုပါ။ အဲ့ဒီ ဘိလပ်မြေစက်ရုံ လည်ပတ်ဖို့ အတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံ ကနေ ဖြန့်ဖြူးပေးနေ တယ် လို့ ကြားရပါတယ်။ ကျမတို့ စီးနင်းလာတဲ့ ကားပေါ်ကနေ အရမ်းပြင်းတဲ့ အနံ့ကို ရှူရှိုက်ရမိချိန်မှာ ဘေး ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်မိတော့ ကျောက်မီးသွေးပြာတွေ သိုလှောင်ထားတဲ့ နေရာကနေ အနံ့ဆိုးတွေ ရနေတယ် ဆိုတာ နားလည်သွားပါတယ်။
လျှပ်စစ်ဓာတ်အား ဝန်ကြီးဌာနရဲ့ တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ လူနေထိုင် တဲ့ ရွာနဲ့ နီးကပ်လွန်းနေတာက ရင်လေးစရာပါ။ နိုင်ငံတကာမှာ ဆိုရင် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ် အားပေး စက်ရုံနဲ့ လူနေအိမ်တွေဟာ နီးကပ် မနေရဘူး ဆိုတဲ့ စည်းကမ်းချက် ရှိတယ်လို့ မြန်မာအစိမ်းရောင် ကွန်ရက် (Myanmar Green Network) မှ ဆရာမ ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။
ကျမတို့အားလုံး နှာခေါင်းစည်းတွေ တပ်ထားရတာက ကျောက်မီးသွေး မိုင်းတွင်းကရတဲ့ အနံ့ကြောင့်ပါ။ မလှမ်း မကမ်းမှာ စာသင်ကျောင်း တကျောင်းကို တွေ့ရတာမို့ ကျောင်းသူ၊ ကျောင်းသား တွေရဲ့ ကျန်းမာရေး အတွက် စိုးရိမ်သွားမိ ပါတယ်။
စက်ရုံထဲကို ဝင်ရောက် လေ့လာဖို့ အတွက် အကြောင်း ကြားထားပြီး ဖြစ်ပေမယ့် စက်ရုံတာဝန်ခံတွေက ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ပါမှ ဝင်ခွင့်ပြုမယ် လို့ ဆိုပါတယ်။ တီကျစ်ရွာထဲကို ရောက်လာပြီးတဲ့ နောက်မှာ တော့ ကျောက်မီးသွေး တစ္ဆေ ခြောက်ခံနေရတဲ့ဘဝ တွေကို ထင်ထင်ရှားရှား သိမြင်လာရပါတော့တယ်။
“ဟိုးဝေးဝေးမှာ လှမ်းမြင်နေရ တာက တောင်လို့ ထင်မနေနဲ့၊ စွန့်ပစ်မြေစာတွေ အများကြီးက တောင်လို ပုံနေတာ၊ အဲ့ဒီ အပေါ်မှာ ထင်းရှူးပင်တွေ ပေါက်နေတာ” လို့ ဒေသခံတယောက်က ပြောတော့ ကျမ အံ့ဩသွားမိပါရဲ့။
Clean Coal Technology (သန့်ရှင်းတဲ့ ကျောက်မီးသွေး နည်းပညာ) ကို အသုံးပြုပြီး လျှပ်စစ်စွမ်းအင် ထုတ် ယူမယ်လို့ ပြောနေပေမယ့် မြန်မာနိုင်ငံ မဆိုထားနဲ့ အမေရိကန် ပြည်ထောင်စုမှာတောင် မအောင်မြင်သေး ပါဘူး။ ဒါ့အပြင် ကျောက်မီးသွေးကနေ ထုတ်လွှင့်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ပမာဏဟာ သဘာဝ ဓာတ်ငွေ့က ထွက်လာတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ပမာဏထက် (၁ ဒသမ ၈) ဆ ပိုများ ပါတယ်။
တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား စက်ရုံကို ၂၀ဝ၅ ခုနှစ်က စတင်လည်ပတ်နေတာ ပါ။ ဒေသခံတွေ အဖို့တော့ သူတို့ဘဝတွေ ထိခိုက်နစ်နာတာပဲ အဖတ်တင်ခဲ့ ပါတယ်။ စက်ရုံ အတွက်အသုံးပြုဖို့ ကျောက်မီးသွေးတွေ ထုတ်လုပ်နေတာက “ဧဒင်” ကုမ္ပဏီဖြစ်ပါတယ်။ စက်ရုံမလည်ပတ်တာ တလခွဲ နီးပါး ရှိနေလို့ သက်သာရာရတယ်လို့ ဆိုနိုင်ပေမယ့် စိုးရိမ်ထိတ်လန့်မှုတွေ ကိုတော့ မဖြေဖျောက်နိုင်သေး ပါဘူး။ တနှစ်ကို မဂ္ဂါဝပ် ၁၂၀ ထုတ်လုပ်ဖို့ ရည်မှန်းထား ပေမယ့် လက်ရှိအချိန်ထိ တနှစ်မှာ ၂၀ မဂ္ဂါဝပ်ပဲ ထုတ်လုပ် နိုင်ပါသေးတယ်။
တီကျစ် ရွာသူရွာသားတွေဟာ စပါး၊ လက်ဖက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နဲ့ အာလူးတွေကို စိုက်ပျိုး ကြတာ ပါ။ အရင် တုန်းက တောင်ကျရေကို အားပြု သောက်သုံးခဲ့ ပေမယ့် ရေကသန့်စင်သလို စိုက်ပျိုးရေး လုပ်ငန်း အတွက်လည်း အဆင်ပြေခဲ့ ပါတယ်။
အခုချိန်မှာ မိုင်းတွင်းက စွန့်ပစ်လိုက်တဲ့ရေတွေကြောင့် စိုက်ပျိုးရေးမှာပါ အခက်အခဲတွေနဲ့ တွေ့ကြုံ နေရ တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စွန့်ပစ်ရေတွေဟာ သန့်ရှင်းမှု မရှိဘဲ ဓာတုပစ္စည်းတွေ ပျော်ဝင် နေလို့ လယ်ယာမြေတွေပါ ပျက်စီးမှုနဲ့ တွေ့ကြုံနေ ရပြီး သီးနှံအထွက်နှုန်းပါ လျော့ကျလာနေပါတယ်။
ရာသီဥတု ပူပြင်းလာရင် ကျောက်မီးသွေးရဲ့ သဘာဝက မီးလောင်တတ်တဲ့သဘာဝရှိပြီး ဟုန်းခနဲ တောက် လောင်တာ မျိုး မဟုတ်ဘဲ တငွေ့ငွေ့ လောင်တာပါ။ ကျောက်မီးသွေးမိုင်း ဝန်းကျင်မှာ မြေတူးစက် အကြီးကြီး တွေ တွေ့ရပြီး အနံ့လည်း ဆိုးဝါးလွန်း ပါတယ်။ အရင်က တနေ့ကို ကျောက်မိုင်းခွဲတာ ၁၅ ကြိမ်ကနေ အကြိမ် ၂၀ အထိ ရှိတယ်လို့ သိရပါတယ်။ ကျောက်မိုင်းခွဲတာကို ဒေသခံတွေကို ကြိုတင် အကြောင်းကြား တာ မရှိဘူးလို့လည်း ဆိုပါတယ်။
နေ့ရော၊ ညပါ မိုင်းတွေ ခွဲနေတဲ့ အတွက် ဆူညံသံတွေကြောင့် တီကျစ်ဒေသခံတွေဟာ အိပ်ရေးမဝ သလို အနံ့ဆိုးတွေ ကိုပါ အမြဲရှူရှိုက်နေရတာပါ။ မိုင်းခွဲတဲ့ အတွက် ဖြစ်ပေါ်လာတဲ့ တုန်ခါမှုတွေကြောင့် ရွာထဲက တိုက်တွေမှာ အက်ကွဲ ကြောင်းတွေ ဖြစ်ပေါ်လာရပါတယ်။ ကျောက်တုံးတွေဟာ အိမ်တွေရဲ့ နံရံတွေ အထိပါ လာရောက်ထိမှန်တာတောင် ရှိတယ်လို့ ဒေသခံတယောက်က ဖြစ်ပါတယ်။
တခါကဆို ကျောက်တုံးအစအနတွေက အိမ်ခေါင်မိုးအထိလာမှန်ပြီး မိုးထားတဲ့သွပ်ချပ်ပါ ပြုတ်ကျတာ၊ ကျောက်တုံး အစအနကြောင့် ခုတင်ကျိုးကျတာ တွေတောင် ရှိတယ်လို့ ဒေသခံတယောက်က ပြောတဲ့အခါ အခြားဒေသခံတွေက “ဟုတ်တယ်” လို့ တညီတညွတ်တည်း ပြောကြပါတယ်။ သက်ဆိုင်ရာ ကုမ္ပဏီကို သွားပြောတော့ နောက် မဖြစ်စေရ ပါဘူး ဆိုပြီး သွပ်ပြားတချပ်ပဲ လျော်ပေးခဲ့ပါသတဲ့။
၂၀ဝ၉ ခုနှစ်က ဆိုရင် ကျောက်မီးသွေး မိုင်းခွဲမှုရဲ့ ပြင်းထန်တဲ့ တုန်ခါမှုကြောင့် “မြို့ဦးစေတီ” ဟာ မြောက်က နေ တောင်ဘက်ကို ရွှေ့သွားခဲ့တယ်လို့ ဒေသခံတွေက ပြန်ပြောင်းပြောပြပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင် တွေကို ဒေသခံတွေရဲ့ နစ်နာ ချက်တွေကို ပြောပြပေမယ့် အခြေအနေက ထူးမလာခဲ့ ပါဘူးတဲ့။
ကျောက်မီးသွေး မိုင်းတွင်းမှာရော၊ ဓာတ်အားပေးစက်ရုံမှာပါ ဒေသခံတွေကို အလုပ်အကိုင် ပေးတာကလည်း မရှိသလောက် ရှားပါတယ်။
ဒေသခံတွေ ကတော့ အာဏာရှိသူတွေဟာ ကုမ္ပဏီဘက်ကနေ ကာကွယ်ပေးနေတယ် လို့ ခံစားနေရပါ တယ်။ ရွာသူ ရွာသားတွေဟာ စက်ရုံနဲ့ ကုမ္ပဏီ ရှိနေတဲ့ အတွက် ဒေသဖွံ့ဖြိုးရမယ့် အစား ဆိုးကျိုးတွေနဲ့ပဲ တွေ့ကြုံနေရ တာပါ။ ပြောစရာ တခုက စက်ရုံရဲ့ ဆိုင်းဘုတ်ကိစ္စပါ။
“လျှပ်စစ်ဓာတ်အား ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း၊ တီကျစ်ကျောက်မီး သွေးသုံး ရေးနွေးငွေ့ ဓာတ်အားပေးစက်ရုံ” ဆိုလို့ ရေအားလျှပ်စစ်နဲ့ ကျောက်မီးသွေး ဘယ်လိုဆက်စပ်နေ သလဲလို့ တွေးမိပါ တယ်။ ဖြစ်နိုင်တာက ရေအား လျှပ်စစ် ထုတ်လုပ်ရေးရဲ့ ကွပ်ကွဲမှုအောက်မှာ ဒီစက်ရုံ ရှိသလားလို့ ပါ။
ကိုယ်ဝန်ဆောင် မိခင်တွေ အတွက် ကျောက်မီးသွေးက ခြိမ်းခြောက်မှု တရပ် ဖြစ်နေပါတယ်။ ဒေသခံ အမျိုးသား တယောက် ဖြစ်တဲ့ ကိုထွန်းအောင်က ၂၀၁၃ ခုနှစ် ၁၀ လပိုင်းမှာ သူ့ဇနီးက သမီးလေး တယောက် မွေးခဲ့တယ်။
ဒါပေမယ့် ကလေးကို လ မစေ့ဘဲ မွေးခဲ့တာ ဖြစ်ပြီး ကလေးက ၂ ပေါင်တောင် မပြည့်ဘူး လို့ ရင်ဖွင့်ပါ တယ်။ အရင်တုန်းက ကလေးတွေဟာ ၈ ပေါင်/၉ ပေါင်လောက်နဲ့ မွေးလာပေမယ့် ၂၀ဝ၅ ခုနှစ် စက်ရုံလည် ပတ်ပြီးတဲ့ နောက်ပိုင်းမှာမှ အခုလိုဖြစ်ရတာပါ။ ကိုယ်ဝန်ပျက်ကျတာတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုအောင်အောင် ကတော့ ကျောက်မီးသွေး မီးရှို့ရာက ထွက်လာတဲ့ ညှော်နံ့တွေကြောင့် ရွာထဲမှာ အဆုတ် ရောဂါ ဖြစ်လာသူတွေ ရှိနေသလို ဦးနှောက် အမြှေးပါးရောင်တဲ့ ရောဂါပါ ရလာတယ် လို့ ရှင်းပြပါတယ်။
အရင်က စိုက်ပျိုးရေး လုပ်ရင် မြေဩဇာ ၂ အိတ်ပဲ သုံးရမယ့်မြေမှာ မြေဩဇာ ၁၀ အိတ်အထိ သုံးရပေမယ့် အထွက်နှုန်းက ကောင်းမလာ ပါဘူး တဲ့။
ကျောက်မီးသွေးသုံး စက်ရုံ လည်ပတ်ပြီးတဲ့ နောက်ပိုင်းမှာ ရွာကလူတွေရဲ့ သက်တမ်း တိုလာတာကိုလည်း ဒေသခံတွေက ထောက်ပြ ပြောဆိုပါတယ်။
အသက် ၁၀၅ နှစ်အထိ ရှည်သူ၊ အသက် ၉၀ ကျော်အထိ နေရသူတွေ ရှိခဲ့ပေမယ့် အခုအခါ အသက် ၆၀ အထိ အသက်ရှည်တဲ့သူတောင် ခပ်ရှားရှားဆိုလို့ စိတ်မကောင်းဖြစ်ရပါတယ်။ ညဘက်မှာ အိပ်ရင်းနဲ့ အသက်ရှူ မဝ သလို ဖြစ်လာရတာလည်း လူအများစု ပါ။ ရှူရတဲ့အနံ့က ဆိုးလွန်းလို့ တံခါးတောင် မဖွင့်ရဲ အောင် ဖြစ်ရတယ်လို့ ရွာသားတွေက ပြောပါတယ်။
တည်ထားတဲ့ ထမင်းအိုးတွေပေါ် ကျောက်မီး သွေးအမှုန်တွေနဲ့ ပြည့်နေသလို စိုက်ထားတဲ့ ငရုတ်ပင်တွေပေါ် အမှုန်တွေ ကျလို့ မည်းတူးနေတယ်လို့ ကိုကျော်ကျော်က ပြောပါတယ်။ ရွာသားတွေ သုံးရတဲ့ တောင်ကျရေ ကို ကုမ္ပဏီက ယူသုံးနေလို့ တဝက်လောက်ကိုပဲ ရွာသားတွေက သုံးရပြီး အဲဒီနေရာတွေပေါ် ကျောက်မီး သွေး အမှုန်တွေ လက်လေးသစ်လောက် တက်နေလို့ ကျန်းမာရေး အတွက် မကောင်းပါဘူး လို့ ဆိုလာ ပါတယ်။ အဲ့ဒီ ရေတွေကို ချိုးရင် အရေပြားတွေ ယားယံလာပါတယ်။
တီကျစ်မှာ ဒေသန္တရဆေးပေးခန်းကို တွေ့ရပေမယ့် ဆေးဝါးလုံလောက်မှု မရှိဘူးလို့ ဒေသခံတွေက ဆိုပါ တယ်။ မာမာနွယ်က အသက်ရှူမဝတဲ့ ဝေဒနာ ခံစားနေရတာ ၅ နှစ်ရှိနေပြီး လက်တွေတုန်တာ၊ လက်တွေ ကပ် တာပါ ခံစား နေရရှာတာပါ။ ကျောက် မီးသွေးအမှုန်တွေ ပါတဲ့လေကို ရှူရှိုက်မိလို့ အခုလိုဖြစ်ရတာလို့ သူမက ယုံကြည်နေပါတယ်။ ဒီလိုဆိုရင် ကျောက်မီးသွေးနဲ့ ဆက်နွှယ်နေတဲ့ ရောဂါဘယတွေ ဖြစ်ပွားနေတာ သေချာနေပြီး လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဘာကြောင့်မပေးသလဲ ဆိုတာ မေးခွန်းထုတ် စရာပါ။
၅ မိုင်ပတ်လည်အထိ ကျောက်မီးသွေးနံ့တွေ ပျံ့လွင့်နေတာကြောင့် ဝက်တွေ မွေးရင် ဆယ်ကောင်မွေး ဆယ်ကောင် သေတယ်လို့ ဆိုပါတယ်။ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အတွက် တာဝန်ရှိသူတွေက တာဝန်ယူရမှာ ဖြစ်ပေမယ့် တာဝန်ယူမှု၊ တာဝန်ခံမှု ပျောက်ဆုံးနေတာ သတိပြုမိပါတယ်။
တီကျစ်ဒေသခံ အားလုံးရဲ့ တူညီတဲ့ဆန္ဒကတော့ စက်ရုံလည်ပတ်မှု ရပ်တန့်စေချင်သလို ကျောက် မီးသွေး မိုင်း ထုတ်လုပ်တာကိုပါ အပြီးတိုင် ရပ်တန့် စေချင်တာပါပဲ။ စက်ရုံလည်ပတ်မှု ခဏရပ်ထားတာဟာ တရုတ် ကို လွှဲပြောင်း ပေးဖို့ ရပ်ထားတယ် ဆိုတဲ့ သတင်းတချို့ ထွက်လာနေလို့ မှန်၊ မမှန် မသေချာပေမယ့် ရွာသား တွေ စိတ်မအေးကြပါဘူး။
အေးအေး ချမ်းချမ်းရှိနေတဲ့ ဘဝတွေ ဖျက်ဆီးခံထားရတဲ့ အတွက်၊ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတဲ့ အတွက် ကျောက်မီးသွေး တစ္ဆေခြောက်ခံနေရတဲ့ ဘဝတွေက လွတ်မြောက်ဖို့ ကသာ သူတို့ရဲ့ “အဆုံးစွန် သော မျှော်လင့်ချက်” ဖြစ်တယ် လို့ တီကျစ် ဒေသခံတွေက တညီတညွတ်တည်း ပြောကြပါတယ်။ ။