အမျိုး၊ ဘာသာ၊ သာသနာ အရေး တက်ကြွလှုပ်ရှားသူ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ ဟစ်ဟော့ပ် သီချင်းရေးတဲ့ ဒီဗီဘီသတင်း ဖတ်လိုက်ရလို့ ထောက်ခံကြောင်း ဆိုချင်ပါတယ်။ အကြောင်းအရာကသာ လူလူချင်း အမုန်းပွားရေး မဟုတ်ရင် ဆက်လက် အားပေးပါမယ်။ အခု သီချင်းနားထောင်ကြည့်တော့လည်း ကမ္ဘာကြီးရဲ့ အလှတရားဖွဲ့ဖြစ်လို့ ဝမ်းသာမိပါတယ်။
ဟစ်ဟော့ပ် ဂီတဟာ တချိန်က လူမျိုးရေး ခွဲခြားခံ၊ အဖိနှိပ်ခံ၊ မွေးရာပါ လူ့အခွင့်အရေး အချိုးဖောက်ခံ၊ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးခံ အာဖရိကန် အမေရိကန်တွေရဲ့ လွတ်မြောက်ရေး စကားသံတွေကနေ စခဲ့တာပါ။ အာဖရိကန် အမေရိကန် ဟစ်ဟော့ပ်သမား စာနယ်ဇင်းဆရာ Davey D စကားအတိုင်းဆိုရရင် “လူမည်းတွေ သူတို့ရဲ့ အသံစွမ်းရည် ထုတ်ပြကြပြီဆိုရင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေရဲ့ ရောင်ပြန်တွေပဲ ဆိုတာ အမြဲမှတ်ထားလိုက်ပါ” ဆိုတဲ့အတိုင်း ဟစ်ဟော့ပ်ဟာ အဖိနှိပ်ခံတွေရဲ့ လွတ်မြောက်ရေး တေးသံပါပဲ။
မြန်မာပြည်မှာလည်း အလားတူပါပဲ။ ဟစ်ဟော့ပ်ဟာ တော်လှန်ရေးရဲ့ တပ်ဦးသံ ကြွေးကြော်သံ ဖြစ်ခဲ့ပါတယ်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး မတိုင်ခင်ကတည်းက Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး) လို လူငယ်မြေအောက်အဖွဲ့က လူငယ်တွေဟာ ဟစ်ဟော့ပ် သီချင်းတွေ အွန်လိုင်းမှာ၊ ရန်ကုန်၊ မန္တလေးနဲ့ နယ်တွေပါမကျန် နိုင်သလောက် လျှို့ဝှက်ဖြန့်ချိရင်းနဲ့ ဖိနှိပ်သူ စစ်အစိုးရ စစ်အာဏာရှင်တွေကို အန်တုခဲ့ကြပါတယ်။ မြန်မာပြည်ရဲ့ ပထမဆုံး ဟစ်ဟော့ပ် လူငယ်ဂီတအဖွဲ့ အက်ဆစ်က ဇေယျာသော် တို့လို လူငယ်တွေ Generation Wave မှာ လှုပ်ရှားခဲ့ပြီး ဖိနှိပ်သူ အာဏာရှင်ကို စကားလုံး၊ ဂီတ၊ စည်းချက်တွေနဲ့ သရော်ခဲ့ကြ၊ တော်လှန်ခဲ့ကြပါတယ်။ ၂၀၀၇ အပြီးမှာ ဒီအတွက် ဇေယျာသော် အပါအဝင် GW အဖွဲ့သား လူငယ်များ နအဖ စစ်အစိုးရရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။
ဒါပေမဲ့ ဒီလိုလျင်မြန် ကူးစက် ဖြန့်ဖြူးဖို့ လွယ်စေတဲ့ လူငယ်ဂီတနဲ့ စစ်အစိုးရရဲ့ သရုပ်ကို ထုတ်ဖော် ထုဆစ်ပြခြင်း အကျိုးဆက်ကြောင့် လူငယ်များရဲ့ ပါးစပ်ဖျားမှာ အာဏာရှင်ဆန့်ကျင်ရေး မြေအောက်သီချင်းတွေ ရောက်စေ၊ နိုင်ငံရေး အသိတွေ နိုးကြားစေနိုင်ခဲ့ပြီး တော်လှန်ရေးမျိုးဆက်တွေ ပွားနိုင်ခဲ့ကြပါတယ်။
ဟစ်ဟော့ပ် ဂီတ မြန်မာပြည်မှာ ရေပန်းစားလာခဲ့ခြင်းကိုက အဖိနှိပ်ခံ လူငယ်တွေရဲ့ ခံစားချက်တွေ၊ မျိုသိပ်ရမှုတွေ၊ မပြည့်စုံ မလွတ်လပ်မှုတွေ ပေါက်ကွဲထွက်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ အက်ဆစ် ပေါ်လာခဲ့တာဟာ သမားရိုးကျ လူအဖွဲ့အစည်းက စံနှုန်းတွေကို ချိုးဖျက်ခြင်း တမျိုးပါ။ ခေါက်ရိုးကျိုးမှုတွေကို တိုက်စား ပယ်ဖျက်နိုင်ခဲ့ခြင်းပါ။ ငြိမ်ဝပ်ပိပြား အဖိနှိပ်ခံထားရတဲ့ လူ့အဖွဲ့အစည်းကို ကုန်းကုန်းကွကွ စည်းချက်တွေလိုက်၊ လူတွေယိမ်း ခုန်ပေါက်စေရင်း ကှိုင်လှုပ်နှိုးခဲ့ခြင်း တမျိုးလို့ ဆိုနိုင်ပါတယ်။
မြန်မာပြည်ရဲ့ ဒုတိယ ဟစ်ဟော့ပ် လူငယ်အဖွဲ့ဖြစ်တဲ့ ဘာဘူတို့ရဲ့ သီအိုရီရဲ့ “ပိုက်ဆံမရှိဘူး” လို သီချင်းမျိုးဟာ ခေတ်မြို့ပြ ယဉ်ကျေးမှုအောက်က ခေတ်လူငယ်တွေရဲ့ ဘဝ၊ ခံစားချက်တွေကို ဖော်ထုတ်ခြင်းပါပဲ။ “ပိုက်ဆံရှာဖို့ အတွက်လည်း ပိုက်ဆံမရှိဘူး” ဆိုတာ စစ်အာဏာရှင်များ ရာစုနှစ်ဝက် ပုံစံအမျိုးမျိုးနဲ့ ရပ်တည်ရင်း လူတစု ကောင်းစားရေးသာ ဖော်ဆောင်ခဲ့တဲ့ စစ်အရင်းရှင် ခရိုနီစနစ်ကို မီးမောင်းထိုးပြခဲ့ခြင်း တမျိုးလို့ ပြောနိုင်မယ်ထင်ပါတယ်။
အရင် တပါတီ အမည်ခံ မဆလ စစ်အာဏာရှင် တခေတ်မှာ စိုင်းခမ်းလိတ်၊ ကိုနေဝင်း၊ ကိုရဲလွင်၊ ကိုမောင်မောင်၊ ခင်ဝမ်း၊ ခင်မောင်တိုး၊ ရာပြည့်၊ မွန်းအောင်တို့ မျိုးဆက်ဟာ ဆံပင်အရှည်ထား၊ ဂျင်းဘောင်းဘီဝတ်၊ နွားကျောင်းသား ဦးထုပ်ဆောင်း၊ ဂစ်တာတီး၊ သဇင်နဲ့ညမှာ ယစ်မူးရုံနဲ့ ခေတ်ကို ဦးဆောင်တဲ့ ဂီတ၊ တိုးတက်တဲ့ အနုပညာ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီလိုသက်သက် ဆိုရင်တော့ လမ်းဘေးဂစ်တာ ခေါက်တဲ့ “ဘစ” ပဲ ဖြစ်ပါမယ်။ သူတို့ဟာ ခေတ်ကို သရုပ်ဖော်တဲ့ လူထုဂီတတွေ ဖန်တီးပြီး ဖိနှိပ်သူ လူတန်းစား၊ အုပ်စိုးချုပ်ကိုင်သူ အာဏာရှင်တွေကို ဆန့်ကျင်ရင်း တိုးတက်တဲ့ အနုပညာကို တည်ဆောက်ယူခဲ့ရတာပါ။
“တချို့တွေနေနိုင်လွန်းတယ်” ဆိုပြီး မှိုင်းရာပြည့် အုံကြွမှုကြီး ၁၉၇၆ အပြီးမှာ နာနာကြည်းကြည်း အော်ခဲ့လို့၊ “ငြိမ်းချမ်းရေး အတွက် တိုက်ပွဲတွေ ရှိရမယ်” ဆိုပြီး ရဲရဲဝံ့ဝံ့ နှိုးဆော်ခဲ့လို့၊ “လွတ်လပ်ရေးကဖီးကို သွားကြရအောင်” လို့ ဦးဆောင် ခေါ်ခဲ့လို့၊ “သဘာဝရဲ့ အရိုင်းရင်သွေးငယ်များ” အကြောင်း ပုံဖော်နိုင်ခဲ့လို့ အစရှိသလို တိုးတက်တဲ့ တော်လှန်ဂီတကို ဖန်တီးချပြနိုင်ခဲ့လို့သာ လူထု စိတ်နှလုံးကို သိမ်းကျုံးယူခဲ့နိုင်ပြီး အနုပညာရှင်အစစ်တွေအဖြစ် မွေးဖွားနိုင်ခဲ့တာပါ။
အလားတူပဲ ဟစ်ဟော့ပ် မျိုးဆက် လူငယ်တွေ ဆံပင်ထောင်၊ အရောင်ဆိုး၊ စကောစက ဘောင်းဘီဝတ်၊ စိတ်ကြွဆေး သုံးစွဲတတ်ရုံနဲ့ ခေတ်ရှေ့ပြေး အနုပညာရှင် မဖြစ်ပါဘူး။ တိုင်းပြည်မှာ ပေါလှတဲ့ ဆေးလွန်သေတဲ့ အလောင်းများထဲက တလောင်းပဲ ဖြစ်ပါမယ်။ မတရားမှုကို ဆန့်ကျင်၊ တရားမှုကို ရှေးရှု၊ ဖိနှိပ်သူကို ဂီတနဲ့ သွယ်ဝိုက် တော်လှန် ဘဝတူ လူငယ်မျိုးဆက်ရဲ့ ဘဝအနာတွေကို ထုတ်ဖော်ပြနိုင်မှသာ တိုးတက်တဲ့ အနုပညာ၊ ခေတ်ကို သရုပ်ဖော်တဲ့ လူထု အနုပညာအဖြစ် တန်းဝင်၊ နိုင်ငံတကာ အဆင့်မီ ဖြစ်နိုင်ပါတယ်။ Country, Folk, Rock, Rap, Hip Hop ဆိုတဲ့ သဏ္ဌာန် မှာ ဖိနှိပ်မှု၊ မတရားမှုကို ဆန့်ကျင်ခြင်းဆိုတဲ့ တော်လှန်အနုပညာ ထည့်ခြင်းက အနှစ်ပါပဲ။
ဒီလိုနဲ့ စကားပြောရင် သီချင်းဆိုသလို ပြောပြီး သီချင်းဆိုရင် စကားပြောသလို ဆိုတတ်တဲ့ လူကြီးဆိုသူများ မျက်စိစပါးမွှေးစူးစရာ ဟစ်ဟော့ပ် မျိုးဆက်ရဲ့ ဘောင်းဘီ မတိုမရှည်၊ စကတ်တို၊ ဆံပင်ထောင်၊ ဆံပင်ကြောင်၊ ဆံပင်ဆိုး မျိုးဆက်သစ်ဟာ ဆိုခဲ့သလို လူငယ်လှိုင်းလုံး Generation Wave နဲ့ အတူ ၂၀၀၇ တော်လှန်ရေးကြီးမှာ ဦးဆောင် သံဃာတွေကို ဝန်းရံရင်း အာဏာရှင်ကို ဆန့်ကျင်ပြခဲ့နိုင်ကြတယ်။ အဲဒီ မျိုးဆက်သစ်ကပဲ အခုအချိန်ထိ လမ်းပေါ်မှာ လူထုနဲ့အတူ တသားတည်းရပ်ရင်း ဒီမိုကရေစီ တိုက်ပွဲ ဆက်လက် ဆင်နွှဲနေတယ် မဟုတ်ပါလား။
ဆိုချင်တာက တိုးတက်တဲ့ ဂီတအနုပညာ ဆိုတာ ကာရန်တွေ ချိုးဖျက်ရုံ၊ သမားရိုးကျ ဂီတပုံစံ တေးသွားတွေ ဖျောက်ဖျက်ပစ်ရုံ၊ သီချင်းစာသားကို စကားပြောသလို လုပ်ဆိုတတ်ရုံနဲ့ မဖြစ်ပါဘူး။ ဘုန်းတော်ဘွဲ့ မဟုတ်ဘဲ လူထု ခံစားနေရတဲ့ ခေတ်စနစ်ဒဏ်ရာ၊ အနာပြည်ပုပ်ကို ဖောက်ထုတ် ပြနိုင်ခြင်းကသာ ခေတ်ကို ဦးဆောင်တဲ့ တိုးတက်တဲ့ ဂီတ ဖြစ်ပါမယ်။
ဆိုတော့ ဦးဝီရသူ ဟစ်ဟော့ပ် သီချင်း စာသားတွေ ရေးတာ ကြိုဆိုပါတယ်။ ဒါပေမဲ့ မျက်မှောက်ရှုမြင်နေရတဲ့ ခေတ်ဆိုးကို သရုပ်ဖော်ဖို့တော့ တောင်းဆိုချင်ပါတယ်။ တခြား လူမျိုး၊ ဘာသာ တခုကိုသာ အမုန်းစကားမဆိုဘဲ တိုင်းပြည်ရဲ့ မတရားမှုတွေ၊ ဖိနှိပ်မှုတွေ၊ အုပ်စိုးသူ လူတန်းစားရဲ့ အာဏာ အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာမှုတွေကို ဟစ်ဟော့ စာသားတွေကနေတဆင့် ဖော်ထုတ်ပစ်ဖို့ တောင်းဆိုပါရစေ။ ဆရာတော်လို လူသိများ ထင်ရှားသူသာ တော်လှန်ဂီတတွေ ဖန်တီးရင် လူအသိအမှတ်ပြုလည်း မြန်မြန် များများရ၊ တိုင်းပြည်မှာ မတရားမှုတွေလည်း အလျင်အမြန် လျော့ပါးသွားနိုင်စရာ ရှိပါတယ်။ သဘာဝ ပတ်ဝန်းကျင်အတွက် ကမ္ဘာကြီးရဲ့ နှလုံးသား ဖန်တီးသလို အဖိနှိပ်ခံ ရဟန်းရှင်လူ ကျောင်းသားလူထု အတွက်လည်း ဦးဝီရသူနှလုံးသားတွေ ဖွင့်ပြစေချင်ပါတယ်။
လက်ပံတောင်းဒေသအတွက် စပ်ဆိုပါ။ ယာသူမကြီး အရီး ဒေါ်ခင်ဝင်း တမလွန်က ကြားနိုင်အောင် မတရားမှုကို ဆန့်ကျင်တဲ့ ဟစ်ဟော့ပ် သီချင်းတပုဒ် ဖွင့်ဆိုပြလိုက်ပါ။
အသတ်ခံ၊ ထောင်သွင်းခံ ဖြစ်နေတဲ့ စာနယ်ဇင်းသမားတွေဘက်က ရပ်တည် ဟစ်ဟော့ပ် တပုဒ်လည်း ရေးပြပါ။ ကိုပါကြီး ရောက်ရာဘုံဘဝက နားဆင်နိုင်တာပေါ့ ခင်ဗျာ။
ကချင်တွေအတွက် သီချင်းတွေကနေတဆင့် ငိုကြွေးပါ။
စနစ်ဆိုးအောက်မှာ သယံဇာတ ဖင်ခုထိုင်ရင်း ဆင်းရဲတွင်းနက် နိုင်ငံတကာကို ကျွန်ခံထွက်ရင်း၊ လူသတ် မုဒိမ်း အဖြစ်တောင် တချို့ စွပ်စွဲ ခံနေရတဲ့ ရခိုင်တွေအတွက်လည်း တိုင်းပြည်မှာ နှစ်ငါးဆယ်ကျော် ဖိနှိပ် ထင်တိုင်းကြဲလာခဲ့သူ စစ်ဗိုလ်ချုပ်ကြီးများကို သရော်ပြ၊ ဆော်ပြလိုက်ပါ။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံနေရတဲ့ ဘင်္ဂါလီတွေဘက်ကိုလည်း စာနာကြောင်း သီချင်းတပုဒ် ဖွဲ့ပြပါ။
အခုလောလောဆယ် အကြားချင်ဆုံး ဟစ်ဟေ့ာပ် ရက်ပ် စာသားကတော့ တိုင်းပြည်အနာဂတ် စစ်ကျွန် ဘဝလွတ်အောင် ဒီမိုကရေစီ ပညာရင်နို့ မျိုးဆက်သစ် စံစား သောက်စို့နိုင်အောင် အိုးပစ်၊ အိမ်ပစ်၊ မိဘ ရင်ခွင်တွေကိုပစ်၊ စာသင်ခန်းတွေကို စွန့်ပြီး အပ်တိုတချောင်း မကိုင်ဘဲ လက်နက်ကိုင်၊ လက်နက်ဖွက်၊ နံပါတ်တုတ်ဆောင် ဗိုလ်ချုပ် အဟောင်း အသစ်တွေကို ရင်ဆိုင်နေတဲ့ သပိတ်မှောက် ကျောင်းသား လူငယ်များကို ထောက်ခံတဲ့ ဟစ်ဟော့ပ် သီချင်း တပုဒ်ပါပဲ။
နောက်ထပ်သီချင်းတွေလည်း ဆရာတော်မှာ ရှိသေးတယ် ဖတ်ရတော့ အထက်မှာ ဆိုခဲ့တဲ့ ဟစ်ဟော့ပ် သီချင်းတွေ နားထောင်ခွင့် မကြာခင်မှာ ရမယ် မျှော်လင့်ပါတယ် ခင်ဗျာ။
(ငြိမ်းချမ်းအေးသည် အွန်လိုင်း မီဒီယာများတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆောင်းပါး ပါ အာဘော် နှင့် ပတ်သက်၍ ဝေဖန် ဆွေးနွေးလိုပါက [email protected] ထံ စာရေး ဆက်သွယ်နိုင်သည်။)