ရှမ်းပြည်မြောက်ပိုင်း နမ့်ဖတ်ကာ – မူဆယ် လမ်းမဘေးရှိ မလွန်ဘန်ခါး ကျေးရွာမှ ပျောက်ဆုံးနေသော ကချင်အမျိုးသား ၄ ဦး၏ မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်းများကို ဒေသခံများ ယမန်နေ့က တွေ့ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသား ၄ ဦးသည် မလွန်ဘန်ခါးကျေးရွာနှင့် ၇ မိုင်ခန့်ဝေးသည့် မီးသွေးဖိုသို့ အလုပ်သွားလုပ် ရာမှ ပျောက်ဆုံး နေခဲ့သူများ ဖြစ်ပြီး မီးရှို့အသတ်ခံရသည်ဟု ယူဆကြောင်း၊ ၎င်းတို့ မီးရှို့ ခံရသည့် နေရာသည် ယခင်တပတ် အတွင်း အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲ ဖြစ်ခဲ့သည့်နေရာ ဖြစ်ကြောင်း မလွန်ဘန်ခါးကျေးရွာ ကချင်နှစ်ခြင်း အသင်းတော် (KBC) မှ ဦးမုန်အောင်က ဧရာဝတီသို့ ပြောသည်။
“သူတို့ပျောက်တာ ၅ ရက်လောက် ကြာလာတော့ ကျနော်တို့ ရွာက ရပ်မိရပ်ဖတွေက အခင်းဖြစ်တဲ့နေရာကို မနေ့က လိုက်သွားကြတယ်။ ပြီးတော့ အခင်းဖြစ်တဲ့နေရာမှာ သူတို့ လေးဦးရဲ့ မီးလောင်နေတဲ့ ရုပ်အလောင်း တွေကို တွေ့ရတယ်” ဟု ဆရာမုန်အောင်က ဆိုသည်။
မီးရှို့ခံရသူများမှာ ကိုလထော်ခွန်ဖုန်း (၁၈ နှစ်)၊ ကိုမဟော်လဂျာ (၂၁ နှစ်)၊ ကိုမရန်ယောဟန် (၂၀ နှစ်) နှင့် ဦးမရန်ဒွဲရန်တို့ ဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။
“မီးရှို့ခံရတာ ခြေထောက်ကတော့ နည်းနည်း ကျန်တယ်။ အကျႌတွေ နည်းနည်း ကျန်တယ်။ သူတို့ကို တွေ့တဲ့နေရာက KIA နဲ့ အစိုးရတပ် ပြီးခဲ့တဲ့ ၂၄ ရက်နေ့မှာ တိုက်ပွဲဖြစ်တဲ့နေရာပါ” ဟု ကျေးရွာမှ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က မလွန်ဘန်ခါး ကျေးရွာအနီး သေနတ်သံများ ကြားရသဖြင့် ရွာသားများက တိုက်ပွဲ ဖြစ်နေသည်ဟု ယူဆကာ မီးသွေးဖုတ်သည့်ဖိုသို့ မသွားဘဲ ရွာထဲတွင်သာ နေခဲ့ကြကြောင်း၊ ဇန်နဝါရီလ ၂၅ ရက်တွင် သေနတ်သံများ မကြားရတော့သဖြင့် အန္တရာယ် မရှိနိုင်တော့ဟု ယူဆကာ အလုပ်သွားစဉ် တပ်မတော်စစ်ကြောင်းများနှင့် တွေ့ကာ အားလုံး ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ပြီး မရန်လဒွဲဆိုသူ ရွာသားတဦးသာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
မီးရှို့အသတ်ခံရသည့် ကိုလထော်ခွန်ဖုန်း၏ မိခင်က “ဒီလို အဖြစ်အပျက်တွေ နောက်ထပ် ဖြစ်လာမှာကို ဒေသခံတွေကတော့ စိုးရိမ်နေကြပါတယ်။ ကျမတို့က စစ်တပ်အဖွဲ့ဝင် မဟုတ်ကြဘူး၊ ဒါမျိုးဖြစ်တာကတော့ မကြိုက်ဘူး။ ကျမတို့ ဒေသခံက မီးသွေး လုပ်တဲ့ လုပ်ငန်း တခုပဲရှိတယ်။ နောက် ဒါမျိုး အဖြစ်အပျက်တွေ တော့ မဖြစ်စေချင်ဘူး” ဟု ဧရာဝတီသို့ပြောသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပတ်သတ်ပြီး ဧရာဝတီက မူဆယ်မြို့ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ ပြန်လည်ဖြေကြား ခြင်း မရှိပေ။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်ကလည်း မူဆယ်မြို့နယ်အတွင်းရှိ ကောင်းခါးကျေးရွာတွင် စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး မုဒိမ်းကျင့် အသတ်ခံခဲ့ရသကဲ့သို့၊ ဇန်နဝါရီ ၂၀ ရက်တွင်လည်း ကွတ်ခိုင်မြို့နယ်၊ မောဟန်ကျေးရွာတွင် ကချင်အမျိုးသား ၂ ဦးကို တပ်မတော် စစ်ကြောင်းများက ဖမ်းဆီးသွားခဲ့ပြီး တဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ တဦးမှာ အလောင်းသာ ပြန်တွေ့ခဲ့ကြောင်း သိရသည်။