မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ဖြစ်တဲ့ ရန်ကုန်မြို့မှာ လူတွေရဲ့ နေထိုင်မှု ဘဝပုံစံတွေ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတာကြောင့် မြို့ရဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာတွေလည်း ပြောင်းလဲ ပျက်စီးမှုတွေ ရှိလာခဲ့ပြီး အခုဆိုရင် ရန်ကုန်မြို့ကြီးမှာ အသက်ရှူမ၀ သလို ဖြစ်လာနေပါပြီ။
မနက်မိုးလင်းပြီ ဆိုတာနဲ့ လမ်းမတွေပေါ်မှာ သွားလာလှုပ်ရှားနေကြတဲ့ ဘတ်စ်ကားတွေ၊ ကိုယ်ပိုင်ကားတွေနဲ့ မြို့နဲ့ သိပ်မဝေးတဲ့ နေရာ တွေက စက်ရုံ၊ အလုပ်ရုံတွေကနေ ထုတ်လွှတ်လိုက်တဲ့ မီးခိုးငွေ့တွေ၊ ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ တော်တော်များများ နေ ရာ ယူလာတဲ့ အကင်ဆိုင်တွေနဲ့ ချက်ပြုတ်ရောင်းချတဲ့ လမ်းဘေးဆိုင်လေးတွေက ထွက်တဲ့ မီးခိုးငွေ့တွေကြောင့် ရန်ကုန်မြို့ရဲ့ လေထု ဘယ်လောက်အထိ ညစ်ညမ်းလာပြီလဲ ဆိုတာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက လွဲလို့ သတိတရ နဲ့ နေ့စဉ် ဂရုစိုက်မိနေကြတဲ့သူတွေ သိပ်မရှိလှပါဘူး။
ရန်ကုန်ရဲ့ လေထု အရည်အသွေး အဆင့် ဘယ်လောက် ရှိနေပြီလဲဆိုတာ ဖွံ့ဖြိုးပြီး နိုင်ငံတွေလို စနစ်တကျ စိစစ် တိုင်းတာနိုင်တာ မျိုးတွေ မရှိသေးပေမယ့် ရန်ကုန်မြို့မှာ အထပ်မြင့် အဆောက်အအုံတွေ တဖြည်းဖြည်းများလာတာ၊ စက်ရုံ အလုပ်ရုံတွေ ရှိနေတာ နဲ့ ကား အစီးရေ အဆမတန် များလာတာတွေကြောင့် ရန်ကုန် လေထုဟာ ရှိသင့်တဲ့ သန့်စင်မှု မရှိနိုင်တော့ဘူးလို့ ကျွမ်းကျင်သူ တွေရော အစိုးရ တာဝန်ရှိသူတွေကပါ ထုတ်ဖော် ပြောဆိုလာကြပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ဆိုရင်တော့ ပထဝီမြေအနေအထားအရ ရန်ကုန်မြို့ကို မြစ်တွေက ဝိုင်းရံထားတာကြောင့် မြစ်တွေဆီ က လာတဲ့လေဟာ မြို့ရဲ့လေထုကို သန့်စင်ပေးနိုင်တာမျိုး ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ အဲဒီလို အခြေအနေမျိုး မရှိတော့ပါဘူး။
လုပ်ငန်းခွင် ကျန်းမာရေးဌာနမှာ ဒုညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင်ခဲ့သူ ဒေါက်တာ သန်းထွဋ်က“အခု ရန်ကုန်မြို့က ပေါင်းအိုးကြီး ပုံစံ ဖြစ်နေပြီ၊ အရင်ရန်ကုန်မြို့က ပက်လက်ပုံ၊ မြစ်တွေဆီကလာတဲ့ လေကိုရတယ်။ အခုရန်ကုန်မြို့က အထပ်မြင့် အဆောက် အအုံတွေ ပတ်ပတ်လည်နဲ့၊ ဒီ အထပ်မြင့်တွေက မြစ်တွေဆီကလာတဲ့ သန့်စင်တဲ့ လေတွေကို တားပစ်လိုက်တယ်။ ရန်ကုန် မြို့ရဲ့ လေက အထဲကနေ အပြင်ကို ထွက်ပေါက်မရှိတော့ဘူး”လို့ ပြောပါတယ်။
တိုးပွားလာတဲ့ လူဦးရေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေရတဲ့ လူနေမှုပုံစံ အသစ်တွေကြောင့် ပြောင်းလဲသွားတဲ့ ရန်ကုန်မြို့ လေထု ညစ်ညမ်းမှုကို မြစ်တွေကလည်း မကူနိုင်တော့ပါဘူး။
၂၀၀၇ – ၂၀၀၈ ခုနှစ်မှာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့(WHO) ရဲ့ အကူအညီနဲ့ ရန်ကုန်မြို့ လေထုညစ်ညမ်းမှုကို တိုင်းတာခဲ့ဖူးပါတယ်။ လေထု ညစ်ညမ်းမှုကို ဖြစ်စေတဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်၊ ကာဗွန်ဒိုင် အောက်ဆိုဒ်၊ နိုက်ထရိုဂျင် အောက်ဆိုဒ်နဲ့ ဖုန်မှုန့် အမှုန် အမွှား ပါဝင်မှုတွေကို WHO ရဲ့ လေထုအရည်အသွေး စံနှုန်းသတ်မှတ်ချက်တွေနဲ့ နှိုင်းယှဉ်ပြီး လေထုထဲမှာ ရှိသင့်တာထက် ပိုနေပြီ လား ဆိုတာကို တိုင်းတာလိုက်တဲ့အခါ ဖုန်မှုန့်တွေကလွဲလို့ ကျန်တာတွေက WHO စံနှုန်းတွေထက် ကျော်လွန်ခြင်း မရှိသေးတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။
၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များမှာ နောက်ထပ်တိုင်းတာမှုတွေ ထပ်မံပြုလုပ်ခဲ့ရာမှာတော့ အဲဒီဖုန်မှုန့်တွေဟာ လေထုထဲမှာ ၁၀ ရာခိုင်နှုန်း ကျော် များလာတာကို တွေ့ခဲ့ရပါတယ်လို့ ဒေါက်တာ သန်းထွဋ်က ဧရာဝတီကို ပြောပါတယ်။
ရန်ကုန်လေထုကို ညစ်ညမ်းစေတဲ့ အကြောင်းအရင်းတွေထဲမှာ အဓိကအချက်တချက်ဖြစ်တဲ့ ကားအစီးရေ များပြားလာပေမယ့် လည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းတဲ့ ခေတ်မီနည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ ကားတွေရဲ့ အင်ဂျင် စနစ်နဲ့ ခေတ်မီ လောင်စာ စွမ်းအင်တွေကတော့ အဆိပ်ဓာတ်ငွေ့ ထုတ်လွှတ်မှု နည်းတယ်လို့လည်း ဒေါက်တာ သန်းထွဋ္ဋ်က ပြောပြပါတယ်။
ရန်ကုန်မြို့မှာ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုအပြင် အိမ်တွင်း လေထု ညစ်ညမ်းမှုဒဏ်ကို ခံနေကြရသူတွေလည်း ရှိနေပါတယ်။ အများစုဟာ လေဝင်လေထွက် ကောင်းစေတဲ့ ပြတင်းပေါက် မရှိတဲ့ တိုက်ခန်းတွေမှာ နေကြရတဲ့ သူတွေ ဖြစ်ပါတယ်။
ရန်ကုန် တိုက်ခန်းတွေမှာ နေထိုင်သူအများစုဟာ ဟင်းချက်တဲ့အခါ မီးဖိုတွေက ထွက်လာတဲ့ မီးခိုးငွေ့တွေကို နေ့စဉ်ရှူမိတာ၊ အဲ ကွန်း တွေမှာရှိတဲ့ လေစစ်ပေးတဲ့ ဆန်ခါ(filter) တွေကို ပုံမှန် မဆေးပေးနိုင်တဲ့အခါ အဲဒီ filter တွေမှာ ကပ်နေတဲ့ မှိုပိုးမွှားတွေကို လေနဲ့အတူ ရှုမိတာ၊ အိမ်မွေးတိရစ္ဆာန်တွေဆီက မျက်စိနဲ့ မမြင်နိုင်တဲ့ သန်ကောင်ဥတွေကြောင့်လည်း အိမ်တွင်း လေထု ညစ်ညမ်း မှု ဖြစ်ပြီး အိမ်မှာ နေရင်းနဲ့ပဲ အသက်ရှုရခက်ခဲတဲ့ ရောဂါမျိုးတွေ၊ အရေပြား ရောဂါတွေ ခံစားရတတ်တယ်လို့ ကျွမ်းကျင် သူတွေက ပြောပါတယ်။
အိမ်တွင်း လေထုညစ်ညမ်းတာကို ရှောင်ရှားဖို့ ဆိုရင်တော့ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို သိထားပြီး ကိုယ်ကိုယ်တိုင် ဆင်ခြင်နိုင်ဖို့က အဓိကကျတယ်လို့ ဆိုပါတယ်။
ခေတ်မီ ဖွံ့ဖြိုးမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုကို တားဆီးကာကွယ်နိုင်ဖို့နဲ့ လူထုကျန်းမာရေး ဆိုင်ရာ အသိပညာတွေပေး ဖို့ တာဝန်အရှိဆုံးသော အစိုးရအနေနဲ့ အခုလက်ရှိမှာ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် ရန်ကုန်မြို့ရဲ့ လေ ထု အရည်အသွေး တိုင်းတာမှုကို ဖေဖော်ဝါရီလမှာ စတင်လုပ်ဆောင်တော့မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေသန့်ရှင်းရေးဌာနက ဒု ဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ပြောပါတယ်။
“ရှက်ဖို့ကောင်းပါတယ်၊ တခြားနိုင်ငံတွေမှာ ၁၉၉၀ ဝန်းကျင်လောက်ကတည်းက လေထု ညစ်ညမ်းတာနဲ့ပတ်သက်ပြီး လုပ်နေကြ တာပါ၊ ကျနော်တို့က အခုမှ စလုပ်ရမယ်၊ ကျနော် ထင်ပါတယ်၊ နောက် ၅ နှစ် ၆ နှစ်လောက်အထိ ဒီတိုင်းပဲပေါ့”လို့ ဒေါက်တာ အောင်မြင့်မော်က ပြောဆိုပါတယ်။
လေထုညစ်ညမ်းမှုကို တိုင်းတာနိုင်မယ့် စက် ၄ လုံးအနက် ရန်ကုန်မြို့တွင်းက လှည်းတန်းခုံးကျော် တံတား ၊ မင်္ဂလာဒုံ မြို့အဝင် နဲ့ မဟာဗန္ဓုလ ပန်းခြံတို့မှာ ၃ လုံးကို တပ်ဆင်ထားမှာဖြစ်ပြီး ကျန်တလုံးကိုတော့ ရွေ့လျားအဖြစ် အခြားမြို့နယ်တွေမှာ လိုအပ်မှုအလိုက် တပ်ဆင် စမ်းသပ်သွားမယ်လို့ သိရပါတယ်။
စက်တလုံးက ကျပ်သိန်း ၄၀၀ ကျော်ရှိတာမို့ ရန်ကုန်မြို့ နေရာအနှံ့ မတပ်ဆင် နိုင်သေးပါဘူး။ ရန်ကုန်မြို့ရဲ့ များပြားလာမယ့် လူဦး ရေ နဲ့ အစိုးရ တတ်နိုင်တဲ့ ဘတ်ဂျက် တွက်ချက်မှုအရ ၂၀၂၀ ပြည့်နှစ်မှသာ နေရာအနှံ့ တပ်ဆင် နိုင်လိမ့်မယ်လို့ မှန်းဆထား တယ် လို့လည်း ဆိုပါတယ်။
သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူ ဒေါ်ဒေဝီသန့်စင်က“မြေနဲ့ ရေနဲ့က ပြန်ပြီးတော့ သန့်စင်ဖို့ လွယ်တယ်။ ပြန်ပြီး ပြုပြင်လို့ ရတဲ့ အရာတွေ။ ကြောက်စရာ အကောင်းဆုံးကတော့ လေပဲ။ လေဆိုတာက အသက်ရှင်ဖို့အတွက် ရှူသွင်းနေရတာ။ ရှူသွင်းတဲ့လေ ညစ်ညမ်းသွားပြီ ဆိုရင် ပြန်လုပ်ဖို့ဆိုတာ မလွယ်တော့ဘူး”လို့ ပြောပါတယ်။
လေထုညစ်ညမ်းမှုကြောင့် လေထုထဲမှာ ရှိသင့်တာထက် ပိုလာတဲ့ ဖုန်မှုန့်တွေက အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အဆုတ် ကို ဒုက္ခပေးပါတယ်။ အဲဒီဖုန်မှုန့်တွေကို ရှူရှိုက်မိရင် နှာခေါင်း၊ လည်ချောင်းတို့မှာပဲ ကပ်နေပြီး နှာချေလိုက်၊ ချောင်းဆိုး လိုက်တဲ့အခါ တချို့ဖုန်မှုန့်တွေက ထွက်သွားနိုင်ပေမယ့် အလွန်သေးငယ်တဲ့ ဖုန်မှုန့်တွေကိုရှူမိရင်တော့ အဲ့ဒီဖုန်မှုန့်တွေက လေပြွန် ကနေ အဆုတ်ရဲ့ အခြေထိ ဆင်းသွားပြီး အနည်ထိုင်နေပါတော့တယ်။ အဆုတ်အခြေမှာ ဖုန်မှုန့်တွေ အနည်ထိုင်တာများလာရင်တော့ အဆုတ်ကင်ဆာ ဖြစ်လာနိုင်တယ်လို့ အဆုတ်နဲ့ ရင်ခေါင်း အထူးကု ဆရာဝန်တွေက ပြောဆိုကြပါတယ်။
ဖုန်မှုန့် ရှူရှိုက်မိတာကြောင့် လေပြွန်ရောင်ခြင်း၊ အသက်ရှုရခက်ခြင်း၊ ပန်းနာရင်ကြပ် ဖြစ်ခြင်း၊ အသက်ရှုမဝခြင်းမျိုး နာတာရှည် ရောဂါ တွေလည်း ဖြစ်စေနိုင်တဲ့အပြင် အချိန်မတန်ခင် အသက်ဆုံးရှုံးရတာတွေတောင် ဖြစ်နိုင်ပါတယ်။ ဖုန်မှုန့်အပြင် အခြားအဆိပ် ဓာတ်ငွေ့တွေကို ရှူမိရင်တော့ မျက်လုံးများ ကျိန်းစပ်ခြင်း၊ နှာခေါင်းနှင့် အာခေါင် နာကျင်ခြင်း၊ လည်ချောင်းနာခြင်း၊ အဆုတ်ရောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ချင်အန်ခြင်း၊ အရေပြား ယားယံခြင်းတွေ ဖြစ်လာတတ်တယ်လို့လည်း ဆရာဝန်တွေက ပြောပါတယ်။
WHO လူထုကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မာရီယာ နယ်ရာ ကလည်း“လေထု ညစ်ညမ်းမှုရဲ့ ဘေးအန္တရာယ်နဲ့ ဆိုးကျိုးတွေက အရင်က ထင်ထား၊ နားလည်ထားတာတွေထက် များစွာ ပိုမိုကြီးမားနေပြီ။ အထူးသဖြင့် နှလုံးရောဂါနဲ့ လေဖြတ် တာက အဆိုးရွားဆုံးပဲ”လို့ ပြောဆိုထားပါတယ်။
WHO ရဲ့ စာရင်းပြုစုချက်အရ နှစ်စဉ် တကမ္ဘာလုံးမှာ လေထု ညစ်ညမ်းမှုကြောင့် အသက်ရှု လမ်းကြောင်းဆိုင်ရာနဲ့ နှလုံးရောဂါတွေ ဖြစ်ပြီး အချိန်မတန်ခင် သေဆုံးနေရသူပေါင်း ၇ သန်းခန့် ရှိတယ်လို့ သိရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ ၈ ယောက်မှာ လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူက ၁ ယောက် ပါဝင်နေကြောင်း၊ သေ ဆုံး သူ ၇ သန်းအနက် အိမ်တွင်းလေထု ညစ်ညမ်းမှုကြောင့် သေဆုံးမှု ၄.၃ သန်းခန့် နဲ့ ပတ်ဝန်းကျင် လေထု ညစ်ညမ်းမှုကြောင့် ၃.၇ သန်း တို့ရှိကြောင်း၊ တချို့မှာ အိမ်တွင်းရော ပြင်ပတွင်ပါ လေထုညစ်ညမ်းမှုကို ခံစားရပြီး သေဆုံးခဲ့ကြတာဖြစ်ကြောင်းလည်း WHOက ဖော်ပြထားပါတယ်။
သေဆုံးသူအများစုမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများက ဖြစ်တယ်လို့ WHO က ဆိုတာကြောင့် မြန်မာနိုင်ငံတွင်း နေထိုင်နေသူတွေရော ပါဝင် နေ ပြီလား ဆိုတာ စဉ်းစားစရာပါ။
ရန်ကုန်မြို့ လေထုညစ်ညမ်းမှုကို ဆက်လက် မမြင့်မားစေဖို့ ထိန်းသိမ်းချင်တယ် ဆိုရင်တော့ ကားတွေ အကန့်အသတ်မရှိ သွင်းနေ တာ တွေ၊ မြို့ပတ်ဝန်းကျင်မှာရှိတဲ့ စက်မှုဇုန်က စက်ရုံ၊ အလုပ်ရုံတွေရဲ့ မီးခိုးခေါင်းတိုင်တွေ စည်းကမ်းနဲ့အညီ ထားရှိမှု ရှိမရှိ ဆို တာ တွေကို ပိုမိုစိစစ်ပြီး စည်းကမ်းမဲ့တဲ့ စက်ရုံ အလုပ်ရုံတွေကို ထိထိရောက်ရောက် အရေးယူနိုင်အောင် ကြိုးစားတာမျိုးတွေ၊ ပါဝင် ပတ် သက်နေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုကြ ပါတယ်။
လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ အချက်တွေကတော့ နေရာတိုင်းမှာပါပဲ။ ဒါပေမယ့် လူထုကျန်းမာရေး ဆိုင်ရာ ကာကွယ်နိုင်ဖို့ သတင်း အချက်အလက် ထုတ်ပြန် နိုင်ဖို့အတွက် အစိုးရအနေနဲ့ အသိပညာပိုင်းဆိုင်ရာ အရရော နည်းပညာပိုင်းဆိုင်ရာရော အား နည်းနေဆဲ ဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။ ။