အိန္ဒိယ-မြန်မာ နယ်စပ်၊ ချင်းပြည်နယ်ထဲက စိမ်းညို့ညို့တောင်တန်းကြီးတွေရဲ့ အလယ်မှာ ပြုပြင်ခြင်း မရှိဘဲ သဘာဝအတိုင်း နှလုံးသားပုံ ပုံသဏ္ဌာန် ဖြစ်တည်နေတဲ့ ရိ(ဒ်) ရေကန်ဟာ မြင်ရသူ အဖို့တော့ အံ့ဖွယ်အလှတရားလို့ စိတ်ထဲမှာ မြင်မြင်ချင်း ရေရွတ်မိပါလိမ့်မယ်။
ရိ(ဒ်) ရေကန်ဟာ မြန်မာနိုင်ငံမှာတင်မက ကမ္ဘာပေါ်မှာ ရှိတဲ့ ရေကန်တွေအနက် အသည်းနှလုံး ပုံသဏ္ဌာန်နဲ့ အတူဆုံး ရေကန်ရယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြကြတာကိုလည်း ဖတ်ရှုဖူးပါတယ်။ ရေကန်ရဲ့ သွင်ပြင်လက္ခဏာက ထူးခြားဆန်းပြားနေသလို သူ့ကို ပံ့ပိုးနေကြတဲ့ အလှတရားတွေကလည်း အခိုင်အမာကို တည်ရှိနေတာပါ။
အသည်းပုံ ရိ(ဒ်) ရေကန်ရဲ့ ဘေးပတ်လည်မှာ စည်းရိုးပုံသဏ္ဌာန် ရစ်ဝိုင်းပေါက်နေတဲ့ မိုးမခပင်တွေရဲ့ အလှတရား ကလည်း ထူးခြားနေသလို အဲဒီ မိုးမခပင်တွေဟာ ရိ(ဒ်) ရေကန်ရဲ့ အလှတရား ပျက်မသွား အောင် ကာကွယ်ဖို့ သစ္စာခံပြီး ဝန်းရံပေါက်နေ သလားလို့တောင် ထင်စရာပါ။
ရိ(ဒ်)ရေကန်ကို အပေါ်စီးကနေ ကြည့်လိုက်ရင် ဘေးပတ်လည်မှာ ရစ်ဝိုင်းပေါက်နေတဲ့ မိုးမခပင်တွေဟာ သေသပ် လှပတဲ့ အနားကွပ်တခုနဲ့ တူနေပြီး ရေကန်ကြီးရဲ့ အသည်းနှလုံးပုံ အလှတရားကို တိုက်စားပျက်စီး မသွားအောင် ထိန်းသိမ်း ပေးနေတဲ့ စည်းရိုးနဲ့လည်း တူနေပြန်ပါတယ်။ အဲဒီ မိုးမခပင်တွေကို ဒေသခံတွေ ကတော့ သူတို့ရဲ့ ယုံကြည်မှုအရ “ဝိညာဉ်ခြံစည်းရိုး” လို့ တင်စားခေါ်ဝေါ်ကြ ပါတယ်။
ဒါတင်မကသေး၊ မိုးမခပင်တွေရဲ့ အကိုင်းတွေပေါ်မှာ ဆိုရင်လည်း ဖူးပွင့်ဝေဆာနေတဲ့ ရောင်စုံသစ်ခွပန်းတွေ၊ ရေကန်စပ်မှာ ပေါက်နေတဲ့ အညိုရောင် ဗေဒါပန်းတွေ၊ ကြာဖြူ ကြာနီတွေ ဖူးပွင့် နေကြပုံဟာလည်း ရိ(ဒ်) ရေကန်ရဲ့ အလှတရားကို ပံ့ပိုးနေကြတယ် လို့ ထင်မှတ်ရပါတယ်။
ရိ(ဒ်) ရေကန်ရဲ့ ထူးခြားချက်တွေထဲမှာ ဒီရေကန်ထဲက ရေဟာ တနှစ်တခါ နောက်လေ့ ရှိပြီး ရေနောက် ချိန် ဟာ တပတ်လောက် ကြာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အဲဒီဖြစ်စဉ်ဟာ ချမ်းအေးလွန်းတဲ့ ခရစ္စမတ်ကာလမှာ ဖြစ်ပြီး မိုးလည်းမရွာ၊ ချောင်းရေ၊ မြောင်းရေလည်း စီးမဝင် ဘဲ အလိုလျောက် နောက်ကျိတာလို့ ဆိုပါတယ်။
ရိ(ဒ်) ရေကန်ကို လာလည်ကြသူတိုင်းဟာ ပြန်တဲ့အချိန်မှာ ကန်ထဲကရေကို ရေဘူး၊ ဒါမှမဟုတ် ပုလင်းတွေနဲ့ ခပ်ယူ သယ်ဆောင် သွားကြပါတယ်။ ခပ်ယူသွားတဲ့ ရေဟာ နယ်ဘယ်လောက်ဝေးဝေး ရိ(ဒ်) ရေကန်ထဲက ရေတွေ နောက်တဲ့ အချိန်မှာ သယ်ယူသွားတဲ့ ရေဟာလည်း တပြိုင်တည်း နောက်တယ်လို့ ဆိုကြပါတယ်။
ဒါနဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်ထားမှုတွေ မရှိသေးပေမယ့် ခေတ်ပညာတတ် တချို့ကတော့ ရေကန် ရဲ့ အောက်မှာ အပူဓာတ်ရှိတဲ့ သဘာဝဖြစ်စဉ် တချို့ ရှိနိုင်ပြီး အအေးလွန်တဲ့ ကာလမှာ အနွေးဓာတ် ရှိနေတဲ့ အောက်ရေပြင်က အအေးဓာတ်ရှိနေတဲ့ အပေါ်ရေပြင်ကို ချော်ရည်၊ ရွှံ့မြေတွေနဲ့ ရောနှော တိုးထွက်လာ တဲ့ ရေသံသရာလည်ခြင်း Water Circulation မျိုးလည်း ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။
ရိ(ဒ်) ရေကန်ဟာ အိန္ဒိယ-မြန်မာ နယ်စပ် ချင်းပြည်နယ်၊ ဖလန်းခရိုင် ရိခေါဒါရ် မြို့လေးနဲ့ နှစ်မိုင်လောက် အကွာက တောင်တန်းတွေ ပေါ်မှာ တည်ရှိပါတယ်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲ့ နယ်စပ်မျဉ်းနဲ့လည်း ၂ မိုင်လောက်သာ ကွာဝေးပါ တယ်။ ရေကန်ရဲ့ အရှေ့ဘက်ထိပ်ကနေ အနောက် ဘက်ကို လှမ်းမျှော် ကြည့် လိုက်ရင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ထဲက အဆောက်အအုံတွေကို တွေ့မြင် နေရပါတယ်။
ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၁၉၀ဝ ကျော်မှာ တည်ရှိပြီး ရေကန်ရဲ့ ပတ်လည် အကျယ်အဝန်း ကတော့ ၂ ဒသမ ၅ မိုင် ရှိတယ် လို့ သိရပါ တယ်။ ရေရဲ့ အနက်ကတော့ ပျမ်းမျှ ပေ ၅၀ ရှိပြီး အနက် ဆုံးနေရာကတော့ ပေ ၆၀ ထိ ရှိလိမ့်မယ် လို့ ပညာရှင်တွေရဲ့ တိုင်းထွာထားချက်တွေ အရ သိရပါတယ်။
ရေကန်ရဲ့ မြောက်ဘက်က တောင်ကုန်းပေါ်မှာ ရိ(ဒ်) ကျေးရွာလေး ရှိပြီး ဒီရွာသားတွေဟာ ရိ(ဒ်) ရေကန် ကြီးကို အမြတ်တနိုး တန်ဖိုးထားကြသလို ကန်ကြီးအနီးမှာ ကြီးပြင်းလာရတဲ့ သူတို့ရဲ့ ဘဝကို ဂုဏ်ယူနေကြပါတယ်။
“ကျနော်တို့ ယုံကြည်မှုအရ ရိ(ဒ်) ရေကန်ဟာ တန်ဖိုးဖြတ်လို့ မရပါဘူး။ နောက်တခုက ရိ(ဒ်) ရေကန်ရှိလို့ ကျနော်တို့ ရိ(ဒ်) ရွာကို လူပိုသိလာတာ။ ရိ(ဒ်)ရေကန်သာ မရှိရင် တောင်ကြားထဲမှာ ရှိနေတဲ့ ကျနော်တို့ရွာ လေးကို ဘယ်သူမှ တောင် အသိအမှတ် ပြုကြမှာ မဟုတ်ဘူး” လို့ ရိ(ဒ်) ရွာသား မီဇိုးတဦးက ပြောပါတယ်။
ရိ(ဒ်) ကျေးရွာနဲ့ ရိခေါဒါရ်မြို့လေးမှာ နေထိုင် သူ အများစုကတော့ ချင်းမျိုးနွယ်စုဝင်တွေ ဖြစ်တဲ့ မီဇိုး တိုင်းရင်းသား တွေ ဖြစ်ကြပါတယ်။ ရိ(ဒ်) ရေကန်ဟာ ဒေသခံ မီဇိုး တိုင်းရင်းသားတွေ အတွက်တော့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်း တွေ၊ ယုံကြည်စွဲလမ်းမှု တွေနဲ့အတူ အမြတ်တနိုး တန်ဖိုးထားရတဲ့ အမှတ်သင်္ကေတ တခုအဖြစ် ရှိနေဆဲပါ။
ဒဏ္ဍာရီ ဇာတ်လမ်းတွေနဲ့ စွဲထင်နေတဲ့ ရိ(ဒ်) ရေကန်ကြီးကို ဒေသခံတိုင်းရင်းသားတွေက ချင်း ပြည်နယ်ရဲ့ နှလုံးသား၊ မီဇိုး တိုင်းရင်းသားတွေရဲ့ ဝိညာဉ်လို့ တင်စားခေါ်ဝေါ် ကြပါတယ်။ သူတို့ အကြားမှာတော့ ဒီရေကန်နဲ့ ပတ်သက်ပြီး တချို့ကလည်း ရိ(ဒ်) နတ်မင်းကြီး စံစားရာ နတ်ဘုရားရေအိုင်၊ တချို့ကလည်း နတ်သမီးရေကန်၊ တချို့ကလည်း သစ္စာရေကန် စသဖြင့် ယုံကြည်စွဲလမ်းမှု အမျိုးမျိုးရှိ ကြပါတယ်။
ဒီအထဲမှာ အများဆုံး ပြောဆိုနေကြတာက တော့ မီဇိုးတယောက် သေဆုံးသွားတဲ့အခါ သေဆုံး သူရဲ့ ဝိညာဉ်ဟာ ဘဝတပါးကို နောက်ဆံတင်းမှု ကင်းစွာနဲ့ ကူးပြောင်းနိုင်ဖို့အတွက် ရိ(ဒ်) ရေကန်ကို လာရပြီး အတိတ်ဘဝမေ့ စမ်းရေကြည်ကို သောက်ကာ နောက်မလှည့်ပန်းကို ပန်ကြရတယ် လို့ ဆိုပါတယ်။
ဒီအခါမှာ သေဆုံးသူရဲ့ ဝိညာဉ်ဟာ အတိတ်ဘဝကို တမ်းတစိတ်တွေ ပျောက်ကွယ်သွားပြီး ဘဝသစ်ကို ကူးပြောင်းနိုင်ဖို့ အတွက် ရိ(ဒ်) ရေကန် အတွင်းကို နောက်ဆံတင်းမှုကင်းစွာ ဆင်းသွားကြတယ် လို့ ယုံကြည်မှုတွေ ရှိနေကြတာပါ။
ဒီ ယုံကြည်မှု အရ မီဇိုးလူမျိုးတွေဟာ နှစ်စဉ် ရက်လည်၊ နှစ်လည် နာရေး အခမ်းအနားတွေကို ဒီ ရိ(ဒ်) ရေကန်ကြီးမှာ လာရောက်ပြုလုပ်လေ့ ရှိကြတယ်လို့လည်း ဆိုပါတယ်။
မီဇိုးမျိုးနွယ်စုတွေ ကြားမှာ ဒီလိုယုံကြည်မှုတွေဟာ ဒီနေ့ချိန်ထိ ရှိနေဆဲဖြစ်ပြီး မီဇိုးသီချင်းတွေ၊ ကဗျာတွေ ထဲမှာ “သေဆုံးတယ်” ဆိုတဲ့ စကားအစား “ရိ(ဒ်) ရေကန်သွားတယ်”၊ “မိမတိုင်၊ ဖမတိုင်ဘဲ ရိ(ဒ်) ရေကန်ကို သွားရသလား”၊ “ရိ(ဒ်) ရေကန်သွားဖို့ ဘယ်သူ ခွင့်ပြုလိုက်သလဲ” စသဖြင့် အလွမ်းတေး တွေ၊ ကဗျာတွေ ရေးဖွဲ့သီဆို နေကြဆဲ ဖြစ်တယ် လို့ “ရိ(ဒ်)ရေကန်အကြောင်း သိကောင်းစရာ” စာအုပ်ထဲမှာ ကျောင်းဆရာ ဦးငှားကာက ဖော်ပြထားတာ ကိုလည်း ဖတ်ရှုရပါတယ်။
အဲဒီမှာရှိတဲ့ ဒေသခံတချို့ ကလည်း ဒီကန်ထဲမှာ နဂါးတွေ ကိန်းဝပ်တယ်လို့ ယုံကြည်နေကြပါတယ်။ ရိ(ဒ်) ရေကန်ရဲ့ အရှေ့ဘက် ထိပ်ပေါ်မှာ အစိုးရစစ်တပ်ရဲ့ ကင်းစောင့်တပ်သားတချို့ ရှိပြီး တခါတရံမှာ ရေကန် အတွင်း ၁၅ ပေ လောက် အရှည်ရှိတဲ့ ရှည်မျောမျော သတ္တဝါနှစ်ကောင်ကို တွေ့ရတယ်လို့ ဆိုပါတယ်။
ရိ(ဒ်) ရေကန်အနီးမှာ ဖွင့်ထားတဲ့ ရိ(ဒ်) ကန်သာ စားသောက်ဆိုင် မန်နေဂျာ ဦးဒိန်းငါက “ဟုတ်တယ်။ ရဲဘော်တွေ ခေါ်ပြလို့ ကျနော်တို့ သွားကြည့်တယ်။ ၁၅ ပေလောက် ရှည်တဲ့ဟာ နှစ်ခု ရေထဲမှာ သွားနေတာ တွေ့တယ်။ သူတို့ ကတော့ နဂါးလို့ ထင်နေကြတယ်။ ကျနော် စဉ်းစားမိတာက ဒီကန်ထဲမှာ နှစ်ချို့ငါးတွေလည်း ရှိတော့ ငါးတွေ အုပ်လိုက် တန်းစီပြီး သွားနေတာလည်း ဖြစ်နိုင်တာပဲ” လို့ သူ့အမြင်ကို ရှင်းပြလိုက်ပါသေးတယ်။
ရိ(ဒ်) ရေကန်ကြီး အနီးမှာ ရိ(ဒ်)ကန်သာ စားသောက်ဆိုင် ရှိပြီး ညအိပ်ဖို့အတွက် နှစ်ခန်းတွဲ ဘန်ဂလိုလေး တွေ ရှိပါတယ်။ သစ်သားနဲ့ ပြုလုပ် ထားပြီး ချစ်စရာ ကောင်းပါတယ်။ နှစ်ယောက် အိပ်ခန်း တခန်းကို တည ကျပ် ၁ သောင်း ပေးရပြီး ဝင်ချိန်ကနေ ၂၄ နာရီ အထိ နေခွင့်ပေးပါတယ်။ နိုင်ငံခြားသားတွေ အတွက်က တော့ နှစ်ယောက် အိပ်ခန်း တခန်းကို ကျပ် ၂ သောင်း ယူပါတယ်။
ဒေသခံတွေရဲ့ အယူအစွဲတွေနဲ့ ယှဉ်တွဲလို့ ရှိနေတဲ့ ရိ(ဒ်) ရေကန်ကြီးဟာ ခရစ္စမတ် ကာလရဲ့ နံနက်ခင်းဆို ရင်တော့ ၈ နာရီ လောက်ထိ သဲသဲကွဲကွဲ မမြင်ရပါဘူး။ ကန်ရေပြင် အနီးသွားပြီး ကပ်ကြည့်ရင်တောင် ကန် ထဲကို ဝါဂွမ်းထုပ်ကြီး ပုံထည့် ထားသလို မြူနှင်းတွေ ဖုံးလွှမ်းလို့ နေပါတယ်။
အဲဒီ အချိန်ဆို မြူနှင်းတွေဖုံးနေတဲ့ ကန်ကြီးထဲမှာ လှေငယ်လေးတွေနဲ့ ငါးဖမ်းနေတဲ့ တံငါသည် တချို့တော့ ရှိပါတယ်။ သူတို့လည်း ဒီကန်ကြီးကို အမှီပြုပြီး တံငါလုပ်ငန်းနဲ့ အသက်မွေးကြရတာလို့ ဆိုပါတယ်။
ကန်ထဲမှာတော့ ငါးခုံးမ၊ ငါးမြွေထိုး၊ ရွှေဝါငါးကြင်းနဲ့ မြက်စားငါးကြင်းတွေ ရှိတယ် လို့ ဆိုပါတယ်။
နေ့လယ်ပိုင်းနဲ့ ညနေခင်းတွေ ဆိုရင် ရိ(ဒ်) ရေကန် အတွင်းမှာ စက်လှေနဲ့ လှည့်ပတ်လေ့လာ သူတွေ၊ ရေချိုးသူတွေနဲ့ ကန်ပေါင်ပေါ်မှာ ဆိုရင် ချစ်သူစုံတွဲတွေ၊ မိသားစုလိုက် အပန်းဖြေခရီး ထွက်လာသူတွေနဲ့ စည်ကားပါတယ်။
လာရောက် လည်ပတ်သူတွေ တရက်ကို ပျမ်းမျှ အယောက် ၂၀၀ လောက်ရှိပြီး ၉၀ ရာခိုင်နှုန်းက တော့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲက မီဇိုးလူမျိုးတွေ ဖြစ်ကြပါတယ်။ ဒီရေကန်ကို လာရောက် လည်ပတ်ဖို့ ကလည်း မီဇိုးလူမျိုးတို့ အတွက် အိပ်မက်တခု ဖြစ်တယ်လို့ ဆိုပါတယ်။
မီဇိုရမ်က လာတဲ့ ကျောင်းသူကျောင်းသားတွေ၊ ချစ်သူစုံတွဲတွေ၊ မိသားစုတွေ၊ သူငယ်ချင်း အဖွဲ့ လိုက်တွေ ကားနဲ့ တမျိုး ဆိုင်ကယ်နဲ့ တဖုံ အိန္ဒိယ-မြန်မာ နယ်စပ် တီအို (Tiau) ချောင်းကို ဖြတ်ဖောက်ထားတဲ့ နယ်စပ်ချစ်ကြည်ရေး တံတားကနေ ရိခေါ ဒါရ် မြို့လေးက တဆင့် လာရောက်လည်ပတ် ကြတာပါ။
ရိ(ဒ်) ရေကန်ကို လာရောက် လည်ပတ်ကြတဲ့ မီဇိုးလူမျိုးတွေဟာ နံနက်ခင်း ချင်းတောင်တန်းတွေ ဆီက နေလုံး စတင် မထွက်ခင် အချိန်ကစလို့ ရေကန် အနောက်ဘက် မီဇိုရမ်တောင်တန်းရဲ့ နောက် နေလုံးကြီး ဝင်သွားချိန်အထိ ပြတ်တယ် ရယ်လို့ မရှိပါဘူး။ တချို့ကတော့ မီဇိုရန် တောင်တန်းကြီးပေါ်က နေဝင်သွားတဲ့ အရသာကို စောင့်ကြည့် ကြပါတယ်။
ရိ(ဒ်) ရေကန် အကြောင်းကို မီဇိုရမ်ပြည်နယ်ရဲ့ ကျောင်းစာ သမိုင်းဘာသာရပ်မှာတောင် ပြဋ္ဌာန်း ထားပြီး အဲဒီအထဲမှာ “မီဇိုရမ် ပြည်နယ်မှာ မီဇိုးလူမျိုး တွေရဲ့ ထင်ရှားလှတဲ့ အကြီးဆုံး ရေကန်ကြီး တခုရှိပြီး အဲဒီ ရေကန်ဟာ လက်ရှိ မြန်မာ နိုင်ငံ အတွင်းက ရိ(ဒ်) ရေကန်ဖြစ်တယ်” လို့ ပါရှိကြောင်း ရေကန်ကို ကျောင်း သားတွေ လိုက်ပို့တဲ့ အလယ်တန်းပြ မီဇိုးကျောင်းဆရာမ တဦးက ရှင်းပြပါတယ်။
မီဇိုးလူမျိုးတို့က သူတို့ရဲ့ မိသားစု ဆွေမျိုး သားချင်းတွေနဲ့ ဘိုးဘွားတွေ သေဆုံးတဲ့အခါ ဝိညာဉ်တွေ တထောက် ခိုနားရာ ဖြစ်တယ်လို့ ယုံကြည် ထားကြတဲ့ အတွက် ဒီ ရိ(ဒ်) ရေကန်ကြီးကို တန်ဖိုး ထားကြ သလို အိမ်ပြန်တဲ့ အခါမှာလည်း ရိ(ဒ်) ရေကန်ထဲက ရေကို ရေညှိပင်လေးတွေနဲ့ ရောပြီး ရေဘူး၊ ဒါမှမဟုတ် ပုလင်းနဲ့ ထည့်ယူ သယ်ဆောင် သွားကြပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲမှာ ရှိတဲ့ မီဇိုး လူမျိုးတွေနဲ့ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှာ ရှိနေတဲ့ မီဇိုးလူမျိုး တွေဟာ မျိုးနွယ်စုဝင် တခုတည်း ဖြစ်ကြ ပြီး စကားလည်း တူကြပါတယ်။ နှစ်နိုင်ငံ နယ်နိမိတ် ခွဲတဲ့ အခါမှာ ကွဲသွားကြပေမယ့် ရိ(ဒ်) ရေကန် အပေါ်မှာ ထားတဲ့ ယုံကြည်မှုတွေကတော့ အတူတူပဲ ဖြစ်ကြတယ် လို့ ဆိုကြပါတယ်။
မီဇိုရမ် ပြည်နယ်ထဲက မီဇိုးလူမျိုးတွေ အတွက် ကတော့ နီးစပ်မှု၊ လမ်းပန်းဆက်သွယ်ရေး အဆင် ပြေမှု တွေကြောင့် အပန်းဖြေ ခရီး၊ လေ့လာရေး၊ ပျော်ပွဲစားခရီးတွေ အဖြစ် လာရောက် လည်ပတ်ကြလို့ အဆင်ပြေ ချောမွေ့ပေမယ့် မြန်မာ နိုင်ငံသားတွေ သွားရောက် လည်ပတ်နိုင်ဖို့ကတော့ အလှမ်းကွာနေဆဲ ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကလည်း ခက်ခဲတာကြောင့် လာရောက်လည်ပတ်ဖို့ ခက်ခဲနေတယ်လို့ ဆိုကြပါတယ်။
နောက်တခုက မြန်မာနိုင်ငံသားတွေ အနေနဲ့ နယ်စပ် ရိခေါဒါရ် မြို့လေးနားကို ရောက်တာနဲ့ မြန်မာ ဖုန်းလိုင်းတွေက မမိတော့ပါဘူး။ ဒေသခံတွေ ကတော့ အိန္ဒိယ ဖုန်းလိုင်းတွေကိုပဲ သုံးကြပါတယ်။ ရိခေါဒါရ် မြို့လေးပေါ်က မြို့ခံတွေ ကလည်း အိန္ဒိယ နိုင်ငံကလာတဲ့ ဖုန်း၊ အင်တာနက်နဲ့ ရုပ်သံလိုင်းတွေကို သုံးစွဲကြသူ အများစုပါ။ ငွေကတော့ မြန်မာ ငွေရော ရူပီးရော နှစ်မျိုးလုံး သုံးလို့ရပါတယ်။
ပြည်တွင်းကနေ သွားရောက် လည်ပတ်လိုသူတွေ အတွက်တော့ ရိ(ဒ်) ရေကန်နဲ့ အနီးဆုံးမှာရှိတဲ့ ရိခေါဒါရ် မြို့လေးကို လာဖို့ အတွက် အနီးဆုံးက တီးတိန်မြို့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလမ်းကြောင်း ကလည်း အခုအချိန်ထိ ကတ္တရာလမ်း မရှိဘဲ ကျောက်ခင်းလမ်းတွေပဲ ဖြစ်နေပြီး မတ်စောက်တဲ့ တောင်ကမ်းပါးယံ တွေကို ဖြတ်ဖောက်ထားတဲ့ တောင်ပေါ်လမ်းက ကြမ်းလွန်းတာကြောင့် ခရီးသည်တွေမှာ နို့ဆီခွက်ထဲ ခဲထည့်ခေါက်ခံရတဲ့အဖြစ် မျိုးပါ။
သာယာလှပတဲ့ ချင်းတောင်တန်းကြီးတွေ ပေါ်မှာ အကျည်းတန်တဲ့ အရာကို ပြပါဆိုရင် အဲဒီလမ်းကို အရင်ဆုံး ပြေးမြင် မိကြပါလိမ့်မယ်။ မိုးရာသီဆို ဗွက်နစ်နေလို့ လမ်းပိတ်တာ၊ နွေနဲ့ ဆောင်းမှာဆို ဖုန်တလုံးလုံးနဲ့ ကြုံရတဲ့ဒဏ်တွေကို ဒေသခံ ခရီးသွားတွေ အခံရဆုံး ဖြစ်မှာပါ။
ချင်းတောင်တန်းကြီး တွေပေါ်က လမ်းတွေ ဘယ်လိုပဲ ကြမ်းတမ်း အကျည်းတန် နေပေမယ့် စိမ်းညို့ညို့ချင်းတောင် တန်းကြီးတွေ၊ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေ၊ ယုံကြည် စွဲလမ်းမှု အငွေ့အသက်တွေ ရှိနေဆဲ ဖြစ်တဲ့ ချင်းပြည်နယ်ရဲ့ အသည်းနှလုံး ရိ(ဒ်) ရေကန်ကြီး ကတော့ အလှမပျက် တည်ရှိနေဦးမှာပါ။ ။