ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကာလပေါက်ဈေး ကျပ်သိန်း ၃၆၀၀ ကျော် တန်ဖိုးရှိ ဘိန်းစိမ်း၊ ဘိန်းညိုခဲ၊ ဘိန်းနှင့် ဆက်စပ် ပစ္စည်းများကို မူးယစ်တပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ပင်လောင်းမြို့နယ်၊ ဘန့်ဘာကျေးရွာအုပ်စု၊ နန့်ထာ (အနောက်) ကျေးရွာရှိ နေအိမ်တအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းစိမ်း ၂၀ ကီလို၊ ဘိန်းညိုခဲ ၃၅ ကီလိုနှင့် ဘိန်းချက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများဖြစ်သည့် အမိုနီယမ်းကလိုရိုက် ၁၈ ကီလို၊ မဖောက်ထုံး ၇ ကီလို၊ လွိုင်ဇော ၂ လီတာ အပါအဝင် ကာလပေါက်ဈေး ကျပ်သိန်း ၃၆၃၅ တန်ဖိုးရှိ ဘိန်းနှင့် ဆက်စပ်ပစ္စည်းများကို မူးယစ်တပ်ဖွဲ့စု (၂၆) ပင်လောင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီအိမ်အပေါ်ထပ်မှ ဘိန်းစိမ်းတွေမိတယ်။ ဘိန်းညိုခဲတွေကို အောက်ထပ်က မြေကြီးထဲမှာ မြုပ်ထားပြီးတော့ ဘိန်းချက်တဲ့ ပစ္စည်းတွေကို အိမ်နဲ့ကိုက် ၅၀ လောက်ဝေးတဲ့ လိုဏ်ဂူထဲမှာ ဝှက်ထားတာ။ အခုဖမ်းဆီးရမှုက ပင်လောင်းမြို့ နယ်ထဲမှာ ဒီနှစ်အတွက် အများဆုံးပါပဲ” ဟု မူးယစ်တပ်ဖွဲ့စု (၂၆) မှ တပ်စိတ်မှူး ရဲအုပ် ကျော်မင်းထွန်းက ဧရာဝတီသို့ ပြောကြားသည်။
အဆိုပါ အမှုနှင့် ပတ်သက်ပြီး လက်ဝယ်တွေ့ရှိသူ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးထားပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် ဘိန်းနှင့် ဘိန်းချက်ပစ္စည်းများ ပိုင်ရှင် ဒေသခံ ၂ ဦးကိုလည်း ရှာဖွေ အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းကလည်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့ နယ်ကြားရှိ နန်းနိတ်ကျေးရွာအနီး၌ ဘိန်းချက်စခန်း ၂ ခု ဖမ်းဆီးရမိခဲ့ကြောင်း ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်းက ပြောသည်။
ဖယ်ခုံမြို့နယ်မှ အမည်မဖော်လိုသူ ဘိန်းစိုက်တောင်သူတဦးက ဒေသအာဏာပိုင်များသည် ဘိန်းကုန်သည်ကြီးများနှင့် ဘိန်းချက်စခန်းများကို ဝင်ရောက် ဖမ်းဆီးမှုများကြောင့် လက်ရှိဘိန်းဈေးမှာ ၁၀ စုနှစ်အတွင်း အနိမ့်ဆုံးဈေးသို့ ကျဆင်းသွားကြောင်း ပြောဆိုသည်။
ပင်လောင်းမြို့နယ်တွင် ၂၀၁၄ ခုနှစ်က မူးယစ်ဆေးဝါးအမှု ၈၈ မှု အရေးယူနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း၌ မူးယစ် ဆေးဝါးမှု ၅ မှု ဖမ်းဆီးအရေးယူခဲ့ပြီး ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု (၂၆) က ပြောကြားသည်။
ဘိန်းနှင့် ဘိန်းဖြူများ ဖမ်းဆီးအရေးယူခြင်း၊ ဘိန်းခင်းများ ဖျက်ဆီးခြင်းတို့ လုပ်ဆောင်မှုများကြောင့် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း ခန့်မှန်း ဘိန်းမက်ထရစ်တန်ချိန် ၇ တန်ကျော် လျှော့ချနိုင်ခဲ့ကြောင်း မူးယစ်ဗဟိုမှ ထုတ်ပြန်ချက်အရ သိရသည်။