နိုင်ငံရေးပါတီများ၏လှုပ်ရှားမှုများ၊ ကျောင်းသားများ၏ လှုပ်ရှားမှုများ အပါအဝင် နိုင်ငံရေး သတင်းများကို အဓိက စု ဆောင်း လေ့ရှိသော ရဲသတင်းတပ်ဖွဲ့(SB) ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ လက်အောက်မှ ပြည်ထဲရေးဝန်ကြီးရုံး၏ လက်အောက် သို့ ပြောင်းရွှေ့မှုသည် နိုင်ငံရေးလှုပ်ရှားမှုများကို ယခင်ထက်ပိုမိုစောင့်ကြည့် သတင်းရယူလာနိုင်သော ကြောင့် စိုးရိမ်မိကြောင်း ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆိုသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(ဌာနချုပ်) လက်အောက်တွင် ရှိနေသည့် ရဲသတင်းတပ်ဖွဲ့ကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ပြည်ထဲရေးဝန်ကြီးရုံး၏ တိုက်ရိုက်ကွပ်ကဲမှုအောက်သို့ ပြောင်းရွှေ့ကြောင်း ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ကိုကို လက်မှတ်ရေးထိုးထားသည့် အမိန့်ညွှန်ကြားချက်တရပ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်အစိုးရလက်ထက်တွင် နိုင်ငံရေးလှုပ်ရှားမှုများကို စောင့်ကြည့်သတင်းရယူရာတွင်လည်းကောင်း၊ နိုင်ငံရေးသမားများ၊ ကျောင်းသားများကို ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီး ထောင်ချ အရေးယူရာတွင်လည်းကောင်း နာမည်ကျော်ကြားခဲ့သော ရဲသတင်း တပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီး၏ လက်အောက်သို့ ပြောင်းရွှေ့မှုသည် လက်ရှိ မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှား မှုများ၊ ကျောင်းသား သပိတ်စစ်ကြောင်းများအတွက် စိုးရိမ်မကင်း ဖြစ်မိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးထွန်းကြည်က ပြောသည်။
“SB က လုံခြုံရေး အကြောင်းပြချက်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တာတွေ ရှိတယ်။ သူတို့ လုပ်နေတာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မဟုတ်ဘူး။ အာဏာတည်တံ့ခိုင်မြဲရေးအတွက်ပဲ လုပ်နေတာ။ နိုင်ငံရေး သမား တွေကို SB ကပဲ တောက်လျှောက်ဖမ်းခဲ့တာ။ အခုလို ပြောင်းလဲမှုကို အနုတ် လက္ခဏာဆောင်တဲ့ ပြောင်းလဲမှုလို့ပဲ မြင်တယ်”ဟု ဦးထွန်းကြည်က ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ဖြစ်သူ ဦးဂျင်မီက ထောက်လှမ်းရေး အဖွဲ့အစည်းတခု ဖြစ်သည့် ရဲသတင်း တပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးလက်အောက်တွင် ဌာနကြီးတခုအဖြစ် သီးသန့်ခွဲထုတ်လိုက်ခြင်းမှာ လုပ်ပိုင်ခွင့် အာဏာ ပိုမိုပေးအပ်လိုက်ခြင်း ဖြစ်သဖြင့် နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံရေးလှုပ်ရှားမှုများကို စောင့်ကြည့်ရေးတွင် ထိထိ ရောက် ရောက် ကိုင်တွယ်မည့် အခြေအနေဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
“နိုင်ငံရေးသမားတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေးက SB ကို တိုက်ရိုက် ခိုင်းမှာ။ တိုက်ရိုက် ချိတ်ဆက် ဆောင်ရွက် တော့ မှာ” ဟု ဦးဂျင်မီက ရှင်းပြသည်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကမူ ရဲသတင်းတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးလက်အောက်ပြောင်းရွှေ့မှုသည် အစိုးရယန္တရားပိုမိုအားကောင်းလာရေးအတွက်သာဖြစ်ပြီး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများကိုလည်း ပူးပေါင်းဖွဲ့စည်း သွားရန် ရှိကြောင်း ပြောဆိုသည်။
“သတင်း ရဲတပ်ဖွဲ့ တခုတည်းကိုတင် ပြောင်းမှာ မဟုတ်ပါဘူး။ တခြား ဌာနဆိုင်ရာ အခု ၂၀ လောက်ကိုလည်း ပူးပေါင်း တာမျိုးတွေ လုပ်မှာပါ။ ရထားဝန်ကြီးဌာန လက် အောက်မှာ ရှိ တဲ့ ကပရ (ကုန်းလမ်းပို့ဆောင်ရေး) နဲ့ ကညန (ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန) ပေါင်းမယ်။ ပြန့်ကျဲ နေတဲ့ ဌာနဆိုင်ရာ အားလုံးကို ပေါင်းမှာ။ ဗျူရိုကရေစီ ယန္တရားကို ပိုပြီး ထိရောက် မြန်ဆန် အောင် လုပ်ဆောင် မှာပါ”ဟု ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။
စစ်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးခင်ညွှန့် ဦးဆောင်သော စစ်ထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းခံ ရပြီး နောက် ရဲသတင်းတပ်ဖွဲ့သည် နိုင်ငံရေးသတင်းများစုဆောင်းရယူခြင်းနှင့် နိုင်ငံရေးသမားများကို ဖမ်းဆီးထောင်ချ အရေးယူခြင်း လုပ်ငန်းများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။