လူသတ်မှုဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးအား ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် ၄ ကြိမ်မြောက် ရုံးထုတ်ကြောင်း သတင်းရရှိသည်။
ရုံးထုတ်ခဲ့သော်လည်း တရားလို ရဲအရာခံ လင်းထွဋ်သည် ခရီးလွန်ပြီး အစစ်ဆေးခံရန် မလာရောက်ခြင်းကြောင့် ဖေဖော်ဝါရီ ၁၆ ရက် သို့ ရုံးချိန်း ထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရသည်။
မင်းအုပ်စိုးသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ၎င်း၏ ဖိုးစိန်လမ်း နေအိမ်တွင် သရပါ မဂ္ဂဇင်း အယ်ဒီတာဖြစ်သူ မနုနုယဉ်(ခ) တေးနုယဉ်အား ထိုးကြိတ်ရာမှ သေဆုံးခဲ့မှုကြောင့် ဗဟန်းမြို့နယ် တရားရုံးတွင် လူသတ်မှုဖြင့် ကနဦး အမှုဖွင့် တရားစွဲဆိုခံရပြီး နောက်ပိုင်းတွင် အနောက်ပိုင်းခရိုင် တရားရုံးက ရုံးထုတ်စစ်ဆေးနေခြင်း ဖြစ်သည်။
မတေးနုယဉ်၏ အစ်မ တဝမ်းကွဲဖြစ်သူ မသင်းသင်းမူက“ဒီနေ့တော့ ရုံးထုတ်ရုံပဲ ထုတ်တယ်။ တရားလိုဘက်က စွဲတဲ့ ရဲက ခရီးလွန် နေလို့ မလာနိုင်ဘူး ပြောတယ်။ သူတို့ဘက်က အကုန်စီစဉ်ထားပြီးသားတွေ ဖြစ်တယ်။ မရိုးသားတာကတော့ အစကတည်းက မရိုး သားတာ။ လူတယောက်လုံး သေတာတောင် အကုန်စီစဉ်ပြီးမှ ဆေးရုံပို့ဖို့ လုပ်တာဆိုတော့ ဘယ်လိုမှတော့ မရိုးသားဘူးလေ။ ဒါကို အမှုမှန်ပေါ်ဖို့တော့ အရေးကြီးတာပေါ့။ အမှုမှန်ပေါ်ဖို့ ကျမတို့ဘက်ကတော့ ရှေ့နေ ၅ ဦး ငှားထားတယ်”ဟု ဧရာဝတီသို့ ပြော သည်။
ရုံးတင်စစ်ဆေးမှုများ ပြုလုပ်ရန် ဆေးစစ်ချက် အဖြေများနှင့် အမှုတွဲကို အနောက်ပိုင်းခရိုင် တရားရုံးသို့ ပေးပို့ထားပြီး သရုပ်ဆောင် မင်းအုပ်စိုး အမှုကို အနောက်ပိုင်းခရိုင် ဒုတိယ ခရိုင်တရားသူကြီး (၂) ရှေ့မှောက်တွွင် စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရ သည်။
သေဆုံးသူနှင့် မောင်နှမ ဝမ်းကွဲတော်စပ်သူ ကိုစည်သူကလည်း“ဒီနေ့ တရားလို ရဲအရာခံက မလာတော့ မစစ်ဖြစ်ဘူး။ အချိန်စွဲ နေ သလိုပဲ။ ကျနော်ထင်တယ် ကြာရင် ဒီအမှုက မေ့မေ့ ပျောက်ပျောက် ဖြစ်သွားမယ်ဆိုပြီး သူတို့ဘက်က လုပ်နေတာဖြစ်မယ်။ သူတို့က ငွေအားရော၊ လူအားရော ကျနော်တို့ထက်သာတော့ ကျနော်တို့ အဲဒီလို ထင်တယ်’’ဟု ပြောသည်။
ရုံးချိန်း ရွှေ့ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်၍ မင်းအုပ်စိုး၏ ရှေ့နေကလည်း“တရားလိုက နေပြည်တော်မှာ သင်တန်းတက်နေတော့ မလာနိုင်ဘူး။ ဒါကြောင့် ဒီနေ့ မစစ်ဆေးနိုင်တာ”ဟု ပြောသည်။
မတေးနုယဉ် သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး မူခင်းဆရာဝန်၏ ဆေးစစ်ချက်အရ မတေးနုယဉ်၏ နံရိုးများ ကျိုးကြေ ပျက်စီးခြင်း၊ မေး အောက်ရှိ ညာဘက်ညှပ်ရိုး ကျိုးနေခြင်း၊ အသည်း ကွဲထွက်သွားခြင်း၊ အဆုတ်ညိုမည်း ပျက်စီးခြင်း၊ မျက်နှာများ ဖူးယောင်ခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း မတေးနုယဉ်၏ မောင်နှဝမ်းကွဲ တော်စပ်သူ ကိုစည်သူက ဆရာဝန်၏ ဆေးစစ်ချက်အား ကိုးကား၍ ဧရာဝတီသို့ ပြန်လည် ပြောပြသည်။
မင်းအုပ်စိုးသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် ၎င်းနေထိုင်ရာ ဖိုးစိန်လမ်းရှိ လုံခြုံရေး ဝန်ထမ်း ၂ဦးနှင့်ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဖိုးစိန်လမ်းရှိ အမိုက်ပုံ မီးရှို့မူကြောင့် ပုဒ်မ ၆/၁၊ ပုဒ်မ ၄၃၅ တို့ဖြင့် အရေးယူခံရခြင်း တို့ ဖြစ်ပွားခဲ့ဖူးသူ ဖြစ်သည်။