ယာယီသက်သေခံ လက်မှတ်(White Card) ကိုင်ဆောင်ထားသူများကို ဆန္ဒမဲပေးခွင့် ပြုခြင်းနှင့်ပတ်သက်၍ ဆန့်ကျင်ကန့်ကွက် ဆန္ဒ ထုတ်ဖော်မှုကို ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် ၇ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှု ဖြစ် မြောက်ရေး ကော်မတီ က ပြောသည်။
လာမည့် ဖေဖော်ဝါရီ ၈ ရက် နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီး အနီးမှစတင်၍ တိုင်းဒေသကြီး အစိုးရ လွှတ်တော်ရုံးရှေ့အထိ လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ကြမည်ဖြစ်သည်ဟု ကော် မတီဝင် ကိုဝင်းကိုကိုလတ်က ဧရာဝတီ သို့ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း အဖွဲ့အစည်းအသီးသီးမှ စုပေါင်း၍ ဆန္ဒထုတ်ဖော်မှုများ တပြိုင်နက် ပြုလုပ်ကြမည်ဖြစ်သည် ဟုလည်း သိရသည်။
“၇ ရက်ကြာအောင် ဆန္ဒထုတ်ဖော်ပြီးခဲ့လို့ တစုံတရာ အကြောင်းပြန်ကြားမှုမရှိခဲ့ရင်တော့ နေပြည်တော်အထိ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ဖို့ ရှိမယ်။ ဒီကိစ္စအပေါ် တခြားမြို့နယ်တွေကလည်း စိတ်ဝင်စားမှုရှိတယ်။ ပူးပေါင်းလာဖို့လည်း နှိုးဆော်မယ်” ဟု ကိုဝင်းကိုကိုလတ်က ပြောပြသည်။
ထိုသို့ ဆန္ဒထုတ်ဖော်ရန် အတွက် ဗဟန်းမြို့မ ရဲစခန်းနှင့် ဒဂုံမြို့မ ရဲစခန်းတို့တွင် ခွင့်ပြုချက် တင်ပြထားပြီးဖြစ်ကြောင်း၊ ဆန္ဒထုတ် ဖော်မည့် လူဦးရေ အနည်းဆုံး ၁၀၀၀ ဝန်းကျင် ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
ယခုနှစ်ထဲတွင် ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုကြောင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၂၈ မဲ၊ ကန့်ကွက်မဲ ၇၉ မဲ၊ ကြားနေမဲ ၁၉ မဲ ဖြင့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။
“အစိုးရဖြစ်နေလို့၊ အဖွဲ့အစည်းကြီးမို့လို့ ဆန္ဒမပြဘူးဆိုတာ မရှိဘူး။ မည်သည့်အစိုးရ ဖြစ်ဖြစ် လူမျိုး၊ ဘာသာ နဲ့ တိုင်းပြည်မပျောက် ဖို့ အတွက် ထိပါးလာတဲ့ မည်သည့်အဖွဲ့ကို မဆို လုပ်သင့်လုပ်ထိုက်တာလုပ်မယ်”ဟု မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ က မိန့်ကြားသည်။
ယမန်နေ့ ညနေ ၃ နာရီက မြောက်ဥက္ကလာပမြို့နယ် ပဏ္ဍိစ္စာ ရာမ ကျောင်းတိုက်တွင်ပြုလုပ်သည့် White Card ကိုင်ဆောင် ထား သူများကို မဲပေးခွင့်ပြုလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုပြုလုပ်ရေး ဆွေးနွေးပွဲတွင် အမျိုးဘာသာ သာသနာ စောင့် ရှောက်ရေးအဖွဲ့ဝင်များ၊ သံဃာတော်များ၊ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ၊ မြန်မာ့ အမျိုးသားရေး ကွန်ရက် အပါအဝင် အဖွဲ့အစည်းတချို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အမျိုးဘာသာ သာသနာ အရေး လှုပ်ရှားနေသော ဆရာတော် ဦးကုဝေလ ကလည်း “White Card ဆိုတာ နိုင်ငံသားဖြစ်ခွင့်ပေး ထားတာမဟုတ်ဘဲ လူသားချင်းစာနာ ထောက်ထားလို့ ပေးထားတာကို တဆင့်တိုးလာရင်တော့ ရိုက်ထုတ်သင့် ရိုက်ထုတ်၊ မောင်း ထုတ်သင့် မောင်းထုတ်ရမှာပဲ။ အမျိုးဘာသာ သာသနာကို ထိခိုက်လာရင် မည်သည့်ပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ ဆန့်ကျင် မယ်။ အာဏာရဖို့လုပ်တာ တခုမှ မရှိဘူး”ဟု မိန့်ကြားသည်။
မြန်မာနိုင်ငံတွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသော ၁၈ နှစ် ပြည့်ပြီးသူ ဦးရေ ၅ သိန်း ၉ သောင်း ကျော် ရှိကြောင်း၊ White Card ကို နိုင်ငံသား မဟုတ်သည့် ဧည့်နိုင်ငံသားများကို ကိုင်ဆောင်ခွင့် ပြုခြင်း ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။