အမျိုးသားပညာရေး ဥပဒေ ရေးဆွဲရာမှာ ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများ၊ လွတ်လပ်တဲ့ ပညာရှင်အဖွဲ့အစည်းများ ပါဝင်ရေးကို တောင်းဆိုမှု၊ ရေးဆွဲရာမှာ ပါဝင်နေတဲ့ ပြင်ရမယ့် အချက်အလက် တွေကို ထောက်ပြဝေဖန်မှုနဲ့ အလျင်စလို အတည်မပြုရေး တိုက်တွန်းနေမှုများကြားက အမျိုးသားပညာရေး ဥပဒေကို အစိုးရအလိုကျ အတည်ပြုခဲ့ကြပါတယ်။ အစိုးရရဲ့ပေါ့ဆတဲ့ ဆုံးဖြတ်ချက်ဟာ တနိုင်ငံလုံးက စောင့်ကြည့်နေတဲ့ ကျောင်းသားထုကို လှုပ်နှိုးသလိုဖြစ်သွားပြီး တနိုင်ငံလုံးအတိုင်းအတာ ကိုယ်စားပြုတဲ့ ကျောင်းသားသပိတ်ကြီးအဖြစ် အပ်နဲ့ထွင်းရမယ့်ကိစ္စမှာ ပုဆိန်နဲ့ပေါက်ရတော့မယ့် အခြေအနေ ဖြစ်နေပါပြီ။ နောက်ဆုံးအခြေအနေတွေ အရ ပြောရရင်တော့ အကျယ်အကျယ်မငြိမ်းဖွယ် ဖြစ်မယ့်လက္ခဏာတွေ ပေါ်နေပါပြီ။
ဥပဒေကို အတည်ဖြစ်အောင် အတင်းအကျပ် ပြဋ္ဌာန်းခြင်းဟာ ပညာရေးနဲ့ ပတ်သက်လို့ ပြုပြင် ပြောင်းလဲရေး စောင့်ကြည့်နေကြမှုကို ဖောက်ခွဲလိုက် သလိုဖြစ်ပြီး ကျောင်းသားတွေဘက်ကလည်း ရာဇသံပေးထားတဲ့ အတိုင်း ရက် ၆၀အတွင်း အစိုးရဘက်က အကြောင်းမပြန်လို့ သပိတ်စစ်ကြောင်းကို စဖွင့်ခဲ့ပါတယ်။
သပိတ်မှောက် ချီတက်မှုကို မန္တလေးကနေ ရန်ကုန်အထိ သတ်မှတ်ခဲ့ပြီး ထားဝယ်၊ ပုသိမ်၊ ပခုက္ကူ စတဲ့ဒေသက ကျောင်းသားတွေလည်း ဝင်ရောက် ပေါင်းစည်းဖို့ စီစဉ်ခဲ့ကြပါတယ်။
အမျိုးသား ပညာရေးဥပဒေ သပိတ်မှောက် ကျောင်းသား ကော်မတီ ၁၅ ဦးအဖွဲ့ဝင် ကိုမင်းသွေးသစ်က “ကျနော်တို့ ရက်ပေါင်း ၆၀ အတွင်း ဆွေးနွေးဖို့ အစိုးရကို တောင်းဆိုနေတာနဲ့ တပြိုင်တည်းမှာ နိုင်ငံအနှံ့ ကျောင်းတွေကို စည်းရုံးရေးဆင်းဖို့ အချိန်ရခဲ့တယ်။ အဲဒါကြောင့်လည်း အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်တိုက်ပွဲကို လုပ်ဖို့ ပြင်ဆင်နိုင်ခဲ့တာ။ ကျနော်တို့က အစကတည်းက တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို မပြစ်ပယ်ခဲ့ပါ ဘူး။ အစိုးရကသာ ကျောင်းသားတွေရဲ့ တောင်းဆို ချက်တွေကို တချိန်လုံး လျစ်လျူရှုခဲ့တာ။ အဲဒါ ကြောင့်လည်း ကျနော်တို့က လမ်းပေါ်ရောက်ခဲ့ရ တာ” လို့ ပြောပါတယ်။
အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ကြတဲ့ ကျောင်းသားတွေဟာ မန္တလေးကနေ ရန်ကုန် အထိ ခရီးရှည် လမ်းလျှောက်ချီတက်ခဲ့ကြတဲ့အခါ မိုင်ပေါင်း ၁၂၀ ကျော်ခရီးအရောက်မှာ အတားအဆီးကို စတင်ရင်ဆိုင်ခဲ့ရပါတယ်။
မြင်းခြံ-ကသာ ကားလမ်းအတိုင်း ချီတက်လာတာမှာ တောင်သာမြို့နဲ့ ၂ မိုင်ဝေးတဲ့ နပင်း တောင်ကြား၊ နန်းမြင့်ကျေးရွာကျေးလက် လမ်းခွဲနား မှာ ရဲတပ်ဖွဲ့က ပိတ်ဆို့ခဲ့ပြီး လာရောက်ကြည့်ရှုသူက လည်း ၃၀ဝ လောက် ရှိခဲ့ပါတယ်။ လာရောက် တားဆီးထားတဲ့အဖွဲ့မှာ ရဲတပ်ဖွဲ့တွေအပြင်၊ ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး၊ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ အထွေထွေအုပ်ချုပ်ရေးမှူးတွေ ခေါ်ထားတဲ့ မြို့ဖိမြို့ဖဆိုသူတွေနဲ့ အရပ်ဝတ် ထောက်လှမ်းရေးတွေလည်း ပါပါတယ်။
ရဲတပ်ဖွဲ့က ကျောင်းသားသပိတ်ကို ဘယ်သူ့ အမိန့်နဲ့ တားဖို့ပြင်ဆင်ရတာလဲ၊ ပြည်ထောင်စု အစိုးရအဖွဲ့က လား၊ မန္တလေးတိုင်းဒေသကြီး အစိုးရကလားဆိုတာကို ဧရာဝတီက သွားရောက် မေးမြန်းတဲ့အခါမှာ “ဘယ်သူ့အမိန့် ဆိုတာတော့ ကျနော် ပြောလို့မရဘူး။ အထက်ကအမိန့်ကြောင့် ကျနော်တို့ တားဖို့ပါ။ တားတာကတော့ တားမှာပါ” လို့ ပိတ်ဆို့ ထားတဲ့ ရဲတပ်ဖွဲ့မှာ တာဝန်ရှိသူလို့ဆိုတဲ့ မန္တလေး တိုင်းဒေသကြီး၊ ရဲတပ်ရင်း ၃၅ တပ်ရင်းမှူး၊ ဒုတိယ ရဲမှူးကြီး မျိုးသန်းထိုက်ဦးက ဖြေပါတယ်။
မန္တလေးက ချီတက်လာကြတဲ့ ကျောင်းသား သပိတ်အဖွဲ့ဟာ မြင်းခြံမြို့ကို ရောက်တဲ့အခါမှာ ဒေသခံပြည်သူ အင်အားနဲ့ ထောင်နဲ့ချီ စုမိလာတာကြောင့် ကျောင်းသားသပိတ်အဖွဲ့ကို တနိုင်ငံလုံးက အာရုံစူးစိုက်မှု ပိုမို ရရှိခဲ့တယ်။ သပိတ်မှောက် ကျောင်းသားတွေကလည်း ရှေ့ဆက်တိုးဖို့ ပြင်ဆင်နေတာကြောင့် အခြေအနေ တင်းမာပြီး လာရောက်အားပေးတဲ့ ပြည်သူတွေ စိုးရိမ်ခဲ့ကြပေမယ့် နောက် ဆုံးမှာ တားဆီးတဲ့သူတွေက အလျှော့ပေးလိုက်တာကြောင့် တောင်သာမြို့ကို ဆက်လက် ချီတက်နိုင်ခဲ့ ကြပါတယ်။
ကျောင်းသားတွေကို လာရောက် တားဆီးတဲ့ အဖွဲ့မှာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ရဲ့ အမာခံတွေ ဖြစ်တဲ့ မြို့ခံအင်အား ၅၀ လောက် ပါပါတယ်။
ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်မှုဆောင် တဦးဖြစ် တဲ့ ဦးအောင်သောင်းကြောင့် လူသိများနေတဲ့ တောင်သာမြို့ရှိ ကြံ့ခိုင်ရေးပါတီ ကော်မတီဝင် ဆီ စက်ပိုင်ရှင် ဦးအောင်သန်းက “ကျောင်းသားဆိုတာ ကျောင်းထဲမှာပဲနေရမှာ။ အခု ကျောင်းသားသပိတ် မှောက်တယ်ဆိုတာ နိုင်ငံရေးလုပ်တာပဲ။ ကျောင်းသားတွေ နိုင်ငံရေးလုပ်တာကို ကျနော်တို့က အားမပေးဘူး။ နိုင်ငံရေး လုပ်ချင်သပဆိုရင် ပါတီထောင်လေ။ ရွေးကောက်ပွဲ အနိုင်ရအောင်လုပ် လေ။ အခုဟာက လမ်းကြောင်းလွဲနေတာ” လို့ ဆိုပါတယ်။
တောင်သာမြို့ဝန်းကျင်မှာ ကျောင်းသားသပိတ် ကို တားဆီးဖို့ ကြိုးစားတဲ့အဖွဲ့နဲ့ တလျှောက်လုံး ပါလာတဲ့ ခရိုင် သာသနာရေးမှူး ဖြစ်သူကလည်း “ပညာရေးပြုပြင်ပြောင်းလဲဖို့ မလိုပါဘူးဗျာ။ ကျနော်လည်း ၈၈ အရေး တော်ပုံတုန်းက လှုပ်ရှားခဲ့တဲ့ သူတဦးပါ။ တကယ် စာကြိုးစားကြတဲ့သူတွေအတွက် က အခုလို တောင်းဆိုနေဖို့ မလိုပါဘူး။ အခု တောင်းဆိုနေကြတဲ့ ကျောင်းသားတွေကို ကြည့်လိုက်၊ စာမှာ ထူးချွန်တဲ့သူတွေ ဘယ်နှဦးပါလဲ” လို့ ဝေဖန် ပါတယ်။
တောင်သာမြို့အဝင်က အတားအဆီးကို ဖယ် ရှားနိုင်ခဲ့တာက ကျောင်းသားအဖွဲ့နဲ့ လာရောက်ညှိ ကြတဲ့ ပညာရေးဝန်ကြီးဌာနက ဒေါက်တာ စိုးဝင်းတို့ အဖွဲ့နဲ့ သပိတ်မှောက် ကျောင်းသားတွေ အကြားမှာ သဘော တူညီမှု ရခဲ့တာကလည်း အကြောင်းရင်းတခု ဖြစ်ပါတယ်။
သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ပညာရေး ဝန်ကြီးတို့နဲ့ ကျောင်းသား ကိုယ်စားလှယ်တို့က ကျောင်းသားထု တောင်းဆိုနေခဲ့တဲ့ တောင်းဆိုချက် တွေကို အကြိုဆွေးနွေးကြဖို့ သဘောတူခဲ့တာကြောင့် လုံခြုံရေးအမြင်တခု တည်း ကြည့်ခဲ့တဲ့ တားဆီးရေး တွေကို ရှောင်လွှဲနိုင်ခဲ့တာပါ။
တောင်သာမြို့ဟာ ဦးအောင်သောင်းရဲ့ နယ်မြေ၊ ဦးအောင်သောင်းရဲ့ အမာခံတွေဆိုတဲ့ အမြင်ကို ချေဖျက် လိုကြတဲ့ တောင်သာမြိုခံတွေလည်း ရှိကြ ပါသေးတယ်။ အဲဒီမြို့ခံတွေဟာ ကျောင်းသားသပိတ် လမ်းကြောင်း တလျှောက်မှာ လိုက်ပါခဲ့သလို တောင်သာမြို့ကို သပိတ်မှောက် ကျောင်းသားတွေ ဖြတ်သန်းသွားတာကိုလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
“ကျနော်တို့မြို့ကို ကျနော်တို့ ပိုင်တယ်။ ဦးအောင်သောင်း မပိုင်ဘူး။ ကြံ့ခိုင်ရေး မပိုင်ဘူး။ ကျနော်တို့ တောင်သာမြို့ဟာ နာမည်ဆိုးနဲ့ ကျော်ကြားနေတာကို ချေဖျက်ချင်နေတာ ကြာပြီ။ အခု သပိတ်မှောက် ကျောင်းသားတွေ ရောက်လာတော့မှ ကျနော်တို့ ချေဖျက်နိုင်ခဲ့တာကို ပျော်တယ်၊ ဝမ်း လည်းသာတယ်” လို့ တောင်သာမြို့ခံ ကိုဝဏ္ဏက ပြောပါတယ်။
တောင်သာမြို့ရောက်ပြီး နောက်တနေ့မှာ ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီးဦးအောင် မင်းတို့ တွေ့ဆုံ ဆွေးနွေးအပြီး အစိုးရ၊ လွှတ်တော်နဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးကော်မတီ၊ ကျောင်းသား ကိုယ်စားလှယ် တို့ရဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို သဘောတူညီခဲ့ပါတယ်။
သပိတ်မှောက် ကျောင်းသားတွေက တဖက်မှာ တွေ့ဆုံဆွေးနွေးရေးကို လမ်းဖွင့်ထားပြီး အခြားတဖက်မှာ လည်း တောင်းဆိုချက်တွေ မရခဲ့ရင် လမ်းလျှောက်သပိတ်ကို ဆက်လက်ချီတက်မယ်လို့ ဆိုပါတယ်။
“ကျနော်တို့ကတော့ ရန်ကုန်အထိ ချီတက်ဖို့ ဆုံးဖြတ်ထားပြီးသား။ ဘယ်လိုအခက်အခဲ ဖြစ်ခဲ့ပါလေ့စေ၊ ကျနော်တို့ရဲ့ ခရီးစဉ်ကို ရတဲ့နည်းနဲ့ လုပ်မှာပဲ။ ကျနော်တို့ကို အကြမ်းဖက် တားဆီးမယ်ဆိုရင်လည်း ကျနော်တို့ ရင်ဆိုင်ဖို့ အသင့်ပြင်ထားတယ်။ လျှောက်ခဲ့တဲ့ လမ်းကြောင်းတလျှောက်မှာ ကျန်းမာရေးဆိုင်ရာ အခက်အခဲ တခုကိုပဲ အဓိက ရင်ဆိုင်ခဲ့ရပေမယ့် နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ၊ တန်ပြန် သပိတ်တွေကို ရင်ဆိုင်နိုင် တယ်ဆိုတာကိုလည်း ကျနော်တို့ တွေးပြီးသား” လို့ ကိုမင်းသွေးသစ်က ဆိုပါတယ်။
ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်၊ သမိုင်းဌာနက တတိယနှစ်ကျောင်းသူ မပိုပိုက မန္တလေးကနေ စတင် ချီတက် လာတဲ့ လမ်းကြောင်းတလျှောက်မှာ မြို့တိုင်းရွာတိုင်းက ပြည်သူလူထုကမိမိတို့ကျောင်းသား သပိတ်အပေါ်မှာ ဝန်းရံ ထောက်ခံပေးတာကိုမြင် တွေ့ရတာကလည်း တသက်မမေ့နိုင်ဘူးလို့ ဆိုပါတယ်။
“အစိုးရအနေနဲ့ ကျမတို့ တောင်းဆိုနေတဲ့ အမျိုးသားပညာရေး ဥပဒေကို ပြင်ပေးမယ်ဆိုရင်တော့ ကျေးဇူးတင် မှာပါ။ အခုချိန်အထိတော့ ကျေးဇူးတင်လို့ မရသေးဘူး” လို့ သူက ဆိုပါတယ်။
သပိတ်မှောက် အဖွဲ့ဝင် ကျောင်းသားတချို့ဟာ မိသားစုရဲ့ တားမြစ်မှုတွေကို ပစ်ပယ်ခဲ့ကြသလို ပညာသင်နှစ် ထိခိုက်နိုင်တယ်ဆိုတာလည်း သိကြပါတယ်။
အခုအချိန်မှာ သပိတ်မှောက် ကျောင်းသားတွေ နဲ့ အစိုးရ၊ လွှတ်တော်တို့ရဲ့ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ဟာ အချိန်တိုအတွင်းမှာ အပြီးသတ်ပြီး ကျောင်းသားတွေ တောင်းဆိုတဲ့ ၁၁ ချက်နဲ့ပတ်သက်ပြီး သဘော တူညီမှုတွေ အမြန်ဆုံးရဖို့ အရေးတကြီး လိုအပ်တယ်လို့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။
“ပထမအကြိမ် ၄ ရက်တာ ဆန္ဒပြပွဲမှာလည်း အစိုးရက လျစ်လျူရှုတယ်။ ရက်ပေါင်း ၆၀ ဆိုတာ ကိုလည်း ဒီအတိုင်းပဲ။ အစိုးရအနေနဲ့ အခုချိန်မှာ ကျောင်းသားထုတရပ်လုံးက လိုချင်မှုရှိတာတွေကို ရှိအောင်လုပ်ပေးဖို့ လိုပါတယ်။ ဒါမှ သပိတ်က အဆုံးသတ်မှာ။ ကျောင်းသားတွေ တောင်းဆိုနေတာကို အလေးထားပေးဖို့ လိုတယ်။ အဓိက ပြောချင်တာ က အစိုးရအနေနဲ့ အချိန်မဆွဲဘဲ ဆက်တိုက် သဘောတူညီမှုတွေရအောင် လုပ်ဖို့လိုတယ်။ အရင် တုန်းကလို အချိန်ဆွဲခဲ့တဲ့နည်းလမ်းမျိုးနဲ့အခုကျောင်း သားအရေးကို ချဉ်းကပ်လို့မရ တော့ဘူး” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ယခုနှစ်အတွင်းမှာက ရွေးကောက်ပွဲနဲ့ နီးကပ်နေတာ၊ လူ့အခွင့်အရေးကိစ္စ၊ တိုင်းရင်းသားအရေးတွေ ကြောင့် နိုင်ငံတကာက စောင့်ကြည့်နေတဲ့ အနေအထားတွေ ရှိတာမို့ အစိုးရအနေနဲ့ လက်ရှိ အချိန်မှာ အကြမ်းဖက်တဲ့ နည်းလမ်းတွေကိုလည်း ရှောင်ရှားနိုင်ဖို့လိုတယ်လို့ ၈၈ မျိုးဆက် ပွင့်လင်း ငြိမ်းချမ်း အဖွဲ့အစည်းက ဦးကိုကိုကြီးက ဆိုပါတယ်။
ယခုကျောင်းသားသပိတ် ပေါ်ပေါက်လာရတဲ့ အခင်းအကျင်းကလည်း လက်ရှိ နိုင်ငံတွင်းမှာရှိနေတဲ့ အစိုးရ၊ လွှတ်တော် စတဲ့ Institution လွှတ်တော် ထဲမှာ စစ်တပ်၊ နိုင်ငံရေးပါတီများအပေါ် ပြည်သူ တွေအနေနဲ့ တနိုင်ငံလုံးမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်မှု မရှိတဲ့အတွက် ယခုလို လမ်းပေါ်ထွက်တဲ့ နည်းလမ်းတွေ ဖြစ်ပျက်ခဲ့ကြရတာ ဖြစ်တယ်လို့ သူက သုံးသပ်တယ်။
“အစိုးရပိုင်းက အစဉ်အလာအတိုင်း အကြမ်းဖက် ဖြေရှင်းမယ်ဆိုရင်တော့ ဒုံရင်းက ဒုံရင်းအတိုင်းပဲ ဖြစ်မှာပဲ။ တလျှောက်လုံး လူ့အခွင့်အရေး ချိုးဖောက်တယ်၊ အကြမ်းဖက်တယ်၊ ညှဉ်းပန်းနှိပ်စက် တယ်ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တာ။ အခုမှ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတယ်ဆိုတာ အသိ အမှတ်ပြု ခံရရုံလေးရှိသေးတာ။ ထစ်ကနဲရှိအကြမ်း ဖက်ဖြေရှင်းတာ၊ ကိုယ့်ဆုံးဖြတ်ချက်တွေကို ကြိုတင် ပြင်ဆင်ထားပြီး ကျန်တဲ့သူတွေကို တွေ့ဆုံဆွေးနွေးပါတယ် ဆိုရုံလေးပြကာ တောင်းဆိုချက်တွေကို လျစ်လျူရှုတာမျိုးဟာ တိုင်းပြည်အခြေအနေ ကို ပိုပြီး ဆိုးသွားစေနိုင်တယ်” လို့ ဦးကိုကိုကြီးက ဆိုပါတယ်။
ဒါ့အပြင် လက်ရှိအချိန်မှာ ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးဟာ အစိုးရတင်သာမကပဲ လွှတ်တော်မှာပါ တာဝန်ရှိတဲ့အကြောင်း ကျောင်းသားတချို့နဲ့ နိုင်ငံရေး အင်အားစုတွေက သုံးသပ်ကြပါတယ်။
ဥပဒေတခုကို ပြင်တာ၊ ဖျက်တာ၊ အတည်ပြု တာနဲ့ ပတ်သက်ပြီး အာဏာအရှိဆုံးက လွှတ်တော်ပါ။ ဒါပေမယ့် မိမိတို့နိုင်ငံမှာ အာဏာ ၃ ရပ်လုံးမှာ အစိုးရရဲ့ လွှမ်းမိုးမှုတွေ ရှိနေသေးတာကြောင့် အစိုးရအပေါ်မှာသာ တောက်လျှောက် တောင်းဆိုခဲ့ ရတာ ဖြစ်တယ်လို့ သပိတ်မှောက် ကျောင်းသား ခေါင်းဆောင် ကိုမင်းသွေး သစ်က ဆိုပါတယ်။
“ကျနော်တို့ ပညာရေးဥပဒေ ကိစ္စက ဗြဟ္မာ ဦးခေါင်းလိုဖြစ်နေတာ။ လုပ်မပေးချင်ပေမယ့် လုပ်မပေးနိုင် ကြောင်းလည်း မပြောချင်ကြဘူး။ အဲဒီ အတွက် အခု အစိုးရနဲ့ လွှတ်တော်က အချင်းချင်း သူ့တာဝန်တွေဆိုပြီး ပုတ်ထုတ်နေကြတာ။ လုပ်ပေးချင်တဲ့ စေတနာသာရှိမယ်ဆိုရင် အစောကြီးကတည်း က အလုအယက်နဲ့ အဲဒီ ၂ ဖက်လုံးက လုပ်ပေးမှာ” လို့ သူက ဆက်ဆိုတယ်။
ဒါ့အပြင် လွှတ်တော်အနေနဲ့ အမျိုးသား ပညာရေး ဥပဒေသာမက မည်သည့်ဥပဒေ၊ နည်းဥပဒေကိုမဆို ပြဌာန်း၊ ပြုပြင်၊ ဖျက်သိမ်းနိုင်တဲ့ အခွင့် အာဏာရှိကြောင်း၊ ထို့အတွက် လွှတ်တော်တွင်လည်း ကျောင်းသားသပိတ်ကိစ္စ နဲ့ ပက်သက်ပြီး တာဝန်ရှိတဲ့ အပြင် လွှတ်တော်အတွင်းမှာရှိတဲ့ စစ်တပ်၊ နိုင်ငံရေး ပါတီများ အားလုံးမှာလည်း တာဝန်ရှိကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။
ဒါပေမယ့် အခု သပိတ်မှောက်ကျောင်းသားတွေ အနေနဲ့လည်း အခုအချိန်မှာ ပညာရေးကိစ္စကို သာမကဘဲ ဆက်စပ်နေတဲ့ နိုင်ငံရေး အခင်းအကျင်း တခုလုံးကို မျက်ခြေမပြတ်ဖို့၊ ထောက်ခံနေတဲ့၊ ပူးပေါင်းဆောင်ရွက် နေတဲ့ အင်အားတွေကို ထိထိ ရောက်ရောက် အသုံးချနိုင်ဖို့ လိုအပ်တယ်လို့ ထောက်ပြ ပြောဆိုပါတယ်။
မိမိ တောင်းဆိုချက်တွေထဲမှာ ဘယ်အချက်က ချက်ချင်းရရှိအောင် ဦးစားပေးဆောင်ရွက်ရမယ်၊ ဘယ်အချက် က ဆက်လက် ဆွေးနွေးရမယ်ဆိုတာကိုလည်း ဆုံးဖြတ်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ သူက ထောက်ပြပါ တယ်။
“ကိုယ့်ရဲ့လှုပ်ရှားမှုကို သပ်သပ်ရပ်ရပ်နဲ့ အဆုံး သတ်နိုင်ဖို့အတွက် အခင်းအကျင်းတခုလုံးကို စဉ်းစားထားဖို့လို တယ်။ အစဉ်အလာအားဖြင့် ပြောရင် အကန့်အသတ်မရှိတဲ့ တိုက်ပွဲတော်တော် များများဟာ အကြမ်းဖက်ဖြိုခွင်း တဲ့ အချိန်မှာ အဆုံးသတ်သွားတယ်။ ထိခိုက်ဒဏ်ရာ အနာတရတွေနဲ့ ပွဲသိမ်းသွားတယ်။ အစိုးရဘက်က နိုင်ငံတကာ အလယ်မှာ နာမည်ပျက်ပြီး ရုပ်ပျက်ဆင်းပျက်နဲ့ ဝိုင်းဝန်း ပြစ်တင်တာခံ ရတယ်ဆိုတာနဲ့ ပွဲသိမ်းသွားတယ်။ တကယ်က ရလဒ်မထွက်ခဲ့ဘူး” လို့ ဦးကိုကို ကြီးက ထောက်ပြတယ်။
ဆွေးနွေးဖို့ ညှိနှိုင်းမှု၊ သပိတ်ဆက်လက်ချီတက် မှုတွေနဲ့ အခြေအတင် ဖြစ်နေဆဲကာလမှာ ဝန်ကြီး ဦးအောင်မင်းက တွေ့ဆုံဆွေးနွေးမှုတွေကို ဖေဖော် ဝါရီလ ၁၂ နောက်ပိုင်းအထိ ရွှေဆိုင်းလိုက်ကြောင်း ဆိုပါတယ်။
အစိုးရနဲ့ လွှတ်တော်တို့က စေတနာအရင်းခံ ကောင်းခဲ့ရင် ပြင်ဆင်ပေးနိုင်ခဲ့တဲ့ ပညာရေးဥပဒေဟာ ကျောင်းသားထု အတွက် ခုခံတွန်းလှန်ရေး အင်အားစုတရပ် ဖြစ်တည်စေခဲ့ပါပြီ။ သမ္မတဦးသိန်းစိန် လက်ထက် ဖြေရှင်းဖို့ ရလဒ်မထွက်နိုင်တော့တဲ့ ပြဿနာတွေထဲမှာ အမျိုးသားပညာရေး ဥပဒေကိစ္စဟာလည်း ထီးထီကြီး ပေါ်ထွက်နေတာမို့ လွတ်လပ်တဲ့ အမျိုးသားပညာရေးဆီသွားရာ လမ်းကြောင်းဟာ ခက်ခဲကြမ်းတမ်းဦးမယ်လို့ သုံးသပ်နိုင်ပါတယ်။
သပိတ်မှောက်ကျောင်းသားများ၏ တောင်းဆိုချက် ၁၁ ချက်
၁။ ပညာရေးမူဝါဒများနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသား၊ ကျောင်းသူကိုယ် စားလှယ်များ၊ ဆရာ၊ ဆရာမ ကိုယ်စားလှယ်များပါဝင်ရန်ကိစ္စ။
၂။ ကျောင်းသား သမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၎င်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင်အသိအမှတ်ပြုရေးကိစ္စ။
၃။ လက်ရှိ ပြဌာန်းပြီးဖြစ်သော အမျိုးသား ပညာရေးဥပဒေတွင် ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင်နှင့် တက္ကသိုလ် များပေါင်းစပ် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားခြင်းကိစ္စ။
၄။ ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာစီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ။
၅။ လက်ရှိ ကျင့်သုံးနေသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်များ ပြင်ဆင်ရန်ကိစ္စ။
၆။ ကျောင်းသားများ လွတ်လပ်စွာစဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာ စူးစမ်းသင်ယူနိုင်သည့် သင်ကြားရေးနည်းစ နစ်များ ပြောင်းလဲရန်ကိစ္စ။
၇။ တိုင်းရင်းသား မျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစ နစ် ( Mother tongue based multi-lingua education ) ကို အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းပြဌာန်းရန်ကိစ္စ။
၈။ မသန်စွမ်းကလေးများအပါအဝင် ကလေးအားလုံးအတွက် လူတိုင်းအကျုံးဝင်ပညာရေး ( Inclusive education ) ကိစ္စ။
၉။ ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည်တက်ရောက်ရန် ကိစ္စ။
၁၀။ ပညာရေးအသုံးစရိတ်ကို တနိုင်ငံလုံးအသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်း သတ်မှတ်နိုင်ရေးကိစ္စ။
၁၁။ အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်းအဆင့်သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့်နိုင်ရေးကိစ္စ။
တို့ဖြစ်ပါတယ်။