၁၉၅၅ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှာ အယ်လာဘားမားပြည်နယ် မောင်ဂိုမာရီ မြို့မှာ မာတင်လူသာကင်း မိန့်ခွန်းတခု ပြောခဲ့ပါတယ်။ အမေရိကန် လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပျက်တည်ရှိနေတဲ့ မတရားမှုတွေကို တိုက်ပွဲဝင်နေတဲ့ လူမည်း အမေရိကန်ပြည်သူတွေကို မာတင်လူသာကင်းက အခုလို ပြောခဲ့ပါတယ်။
ကျနော်တို့ လုပ်နေတာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ဘာမှမမှားဘူး။ အကယ်၍ တစုံတဦးက ကျနော်တို့ဟာ မှားနေသူတွေလို့ပြော လာခဲ့ရင် အဲဒါဟာ ကျနော်တို့ မှားတာ မဟုတ်ဘူး။ ဒီနိုင်ငံတော်ကြီးရဲ့ အမြင့်ဆုံးသော တရားရုံးချုပ် ကိုယ်တိုင်က မှားနေတာသာ ဖြစ် တယ်။ အကယ်၍ တစုံတဦးက ကျနော်တို့ဟာ မှားနေသူတွေလို့ ပြော လာခဲ့ရင် အဲဒါဟာကျနော်တို့ မှားနေတာ မဟုတ် ဘူး။ ဒီအမေရိကန်နိုင်ငံတော်ကြီးရဲ့ ဖွဲ့စည်းပုံအခြေ ခံဥပဒေကိုယ်၌က မှားနေတာသာဖြစ်တယ်။ ခင်ဗျား တို့ဟာ ခရစ်ယာန်တဦးမှာ ရှိရမယ့် မေတ္တာတရား၊ ငြိမ်းချမ်းမှုနဲ့ ဂုဏ်သိက္ခာကို အခြေတည်ပြီး ရဲရဲ ရင့်ရင့်တောင်းဆို တိုက်ပွဲဝင်ပါ။ အဲသလို မေတ္တာတရား ငြိမ်းချမ်းမှုနဲ့ ဂုဏ်သိက္ခာကိုအခြေခံပြီး ဆောင်ရွက်တာကြောင့် နောင် အနာဂတ်မှာ ရေးသားလာမယ့် သမိုင်းစာအုပ်တွေထဲမှာ သမိုင်းဆရာတွေကိုယ်တိုင်က လူမည်းတွေဟာ ကြီးမြတ်တဲ့ လူသားတွေဖြစ်တယ်ဆိုတာ ဝန်ခံလာရ ပါလိမ့်မယ်။
မာတင်လူသာကင်းဟာ အမေရိကန်လူမည်း ခရစ်ယာန် တရားဟောဆရာ ဖြစ်ပါတယ်။ မောင်ဂို မာရီမြို့က ဘတ်စ်ကားတွေပေါ်မှာ လူဖြူနဲ့ လူမည်း ထိုင်ဖို့ ထိုင်ခုံနေရာ သီးခြားစီ ခွဲခြားသတ်မှတ်တဲ့ ကိစ္စကို ၁၉၅၄ ခုနှစ်မှာ စတင်ဆန့်ကျင်ဟောကြားရင်း လူမှုတရားမျှတရေး တိုက်ပွဲတွေကို စတင်ခဲ့သူ လည်းဖြစ်ပါတယ်။ လူမည်းတွေ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးမှာ ခွဲခြားဆက်ဆံ ခံနေရတာကို အခြား အမေရိကန် နိုင်ငံသားများ နည်းတူ တန်းတူညီမျှ ဖြစ်လာစေဖို့ လှုံ့ဆော်ခဲ့သူ တဦးလို့လည်း ဆိုနိုင်ပါ တယ်။
သူရဲ့ မိန့်ခွန်းကောက်နုတ်ချက်ကို ပြန်ကြည့်လိုက်ရင် ရှင်းလင်းလှပါတယ်။ လူမှုနယ်ပယ်မှာ ခွဲခြားခံနေရပြီး မတရားမှုတွေကို ခါးစည်းခံနေရတဲ့ လူမည်းတွေက တန်းတူရေးနဲ့ တရားမျှတမှုအတွက် တောင်းဆိုတာကို မှားတယ်လို့ ပြောရင် ဘယ်အရာ က မှန်တဲ့ အရာလဲ ဆိုတာကို ထောက်ပြထားခြင်း ဖြစ်ပါတယ်။ ဖိနှိပ်ခံနေရတဲ့ လူမည်းတွေဘက်က ဆန္ဒပြတောင်းဆို တိုက်ပွဲဝင်တာကို မှားတယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးချုပ်ကိုယ်တိုင် မှားနေတာသာ ဖြစ်တယ်လို့ သူက ပြန်ထောက်ပြ ပါတယ်။ တရားရုံးတော်ဆိုတာ မတရားလုပ်သူကိုသာ အပြစ်ပေးရိုး ထုံးစံရှိတယ် မတရားအလုပ် ခံနေရသူ တွေကို အပြစ်ပေးရိုး ထုံးစံမရှိဘူး ဆိုတဲ့ တကမ္ဘာလုံး ဆိုင်ရာ အမှန်တရားကို ဆုပ်ကိုင်ဖော်ပြလိုက်ခြင်းလို့ ဆိုနိုင်ပါတယ်။
အလားတူပဲ တန်းတူရေး တရားမျှတရေး အတွက် တောင်းဆိုတိုက်ပွဲဝင်နေတဲ့ လူမည်းတွေ ဟာ မှားနေတယ် လို့ စွပ်စွဲမယ်ဆိုရင် အမေရိကန် နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုယ်၌က မှားနေခြင်းသာ ဖြစ်တယ်လို့ ပြောရခြင်းကလည်း အကြောင်း ရှိပါတယ်။ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နိုင်ငံသား တို့ရဲ့ ကောင်းကျိုးကို ထောက်ကူပြု သယ်ဆောင်ရမယ့် ဥပဒေတွေ ဖြစ်ရလိမ့်မယ်။ နိုင်ငံသားတို့ကို ကာကွယ် ရေးမယ့် ဥပဒေတွေသာ ဖြစ်ရပါလိမ့်မယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ လူမည်းတွေဟာလည်း လူဖြူတွေလို အမေရိကန် နိုင်ငံသားတွေဖြစ်တာ ကြောင့် ဒီတရားဥပဒေ အလုံးစုံဟာ လူမည်းတွေ အတွက်လည်း ကောင်းကျိုးနဲ့ ကာကွယ်ပေးဖို့ လိုအပ်တယ် ဆိုတာကို ထောက်ပြခြင်း ဖြစ်ပါတယ်။ တချိန်တည်းမှာလည်း လူမည်းတွေဟာ တန်းတူရေးနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်မယ်ဆိုရင် မေတ္တာ တရား၊ ငြိမ်းချမ်းခြင်း၊ ဂုဏ်သိက္ခာတွေနဲ့အတူ တိုက်ပွဲဝင်ရမယ်လို့ ဆိုလိုက်တာကြောင့် အကြမ်း ဖက်ပြီး တိုက်ပွဲဝင်မယ့် အပြုအမူ မျိုးကိုလည်း တားမြစ်တယ် မကျင့်သုံးဘူးဆိုတဲ့ လမ်းစဉ်ကို ချမှတ်ပါတယ်။
အခု မြန်မာနိုင်ငံမှာကော ဘာတွေ ဖြစ်နေပါ သလဲ။ တောင်သူတွေ လယ်သမားတွေ ဓားမဦးချ လုပ်ကိုင် စားသောက်နေတဲ့ လယ်ယာမြေတွေ အသိမ်းခံရပါတယ်။ စက်ရုံတွေဆောက်ပြီး စက်မှု ခေတ်ကြီးကို ထူထောင်မယ်ဆိုတဲ့ ခေါင်းစဉ်အောက် မှာ ပါသွားတဲ့ လယ်တွေမြေတွေဟာ မနည်းလှပါဘူး။ နိုင်ငံခြား ကုမ္ပဏီတွေရဲ့ သတ္ထုမိုင်းတွေ၊ ဆည်တွေ၊ စက်ရုံတွေ အစရှိတဲ့ စီမံကိန်းတွေကြောင့် ဆုံးရှုံးရတဲ့ လယ်သမား တွေလည်း များလှပါတယ်။ တချိန်တည်း မှာ လည်း လယ်သမားတွေ မဟုတ်ပေမယ့် မြို့ပြက ဆင်းရဲသား လူတန်းစားတွေလည်း အိမ်သိမ်းမြေသိမ်း ခံရတာတွေ မနည်းလှပါ။ ကိုယ့်လယ်မြေ ပေါ်မှာ ကိုယ်ပြန်ထွန်ယက် လို့ ဖမ်းဆီးခံရ၊ တရားစွဲခံရ၊ ထောင်ချခံရတဲ့ လယ်သမားတွေ မြန်မာပြည်မှာ တိုး လာနေပါတယ်။
လယ်သမားတွေ ထွန်တုံးတိုက်ပွဲဝင်တာ မှား တယ်။ လယ်သမားတွေ လမ်းပေါ်တက် ဆန္ဒပြတာ မှားတယ်။ မိကျောင်းကန်က အိုးအိမ်အသိမ်းခံရ သူတွေ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတာမှားတယ်။ လမ်းမကိုလည်း ပိတ်ဆို့စေတာကြောင့် အများ ပြည်သူ သွားရေးလာရေးကို နှောင့်နှေးစေတာကြောင့် မှားတယ်။ ကျောင်းသား တွေ ပညာရေး ဥပဒေကို မတရားဘူးလို့ ယူဆတာကြောင့် ဆန္ဒပြတာဟာ မှားတယ်။ အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုအပေါ် အမှုမှန် ပေါ်ပေါက်ဖို့ ဆန္ဒပြတဲ့ သူတွေမှားတယ်။ လယ်သူမကြီး ဒေါ်ခင်ဝင်း ရဲတွေ ရဲ့ သေနတ်မှန်လို့ သေဆုံး ရတဲ့အပေါ် မကျေနပ်လို့ ဆန္ဒပြတဲ့သူတွေမှားတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ လက်မှတ်ကောက်တာ ငါးသန်းရ တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လူဦးရေသန်းငါးဆယ်ကျော် ရှိနေတော့ တနိုင်ငံလုံး ဆန္ဒကိုမထင်ဟပ် ဘူး။ အချိန်ကုန်တာသာ အဖတ်တင်လို့ ဒီလုပ် ရပ်ဟာ မှားတယ်။ ထပ်ပြောဦးမယ်ဆိုရင် စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ပါ့မယ်လို့ ကတိသစ္စာဆိုထားတော့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ကြိုးစားတာဟာ တပ်မတော်နဲ့ ထိပ်တိုက်တွေ့ဖို့ လုပ်ဆောင်တာသာဖြစ်တယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ကြိုးစားတဲ့လုပ်ရပ်ဟာ မှားတယ်။ ဒီ ခေတ်ကြီးမှာ ဆန္ဒပြတယ်ဆိုတာက ရိုးနေပြီ။ ဘယ်သူမှ စိတ်မဝင်စားတော့ဘူး။ တချို့က နေ့တွက် ရလို့ ဆန္ဒပြသူတွေသာ ဖြစ်တယ်။ ဒါကြောင့် အဲဒီလို ဆန္ဒပြသူတွေ မှားနေတယ်။
ဒီလိုအခြေအနေမျိုးမှာ မာတင်လူသာကင်း ထောက်ပြသလို ပြောရမယ်ဆိုရင် မြန်မာပြည်မှာ ဘယ်သူတွေက မှန်နေတဲ့ သူတွေလဲ။ ကိုင်း ကြည့်ရ အောင်ပါ။ မြန်မာပြည်က တရားရုံးတွေကိုယ်တိုင် မှန်ကန်ပါသလား။ တရားသူကြီးတွေ ကိုယ်တိုင်ကရော အမှန်အတိုင်း ဆုံးဖြတ်ပေးတဲ့ သူတွေ ဖြစ်ပါသလော။ ရဲတပ်ဖွဲ့ကကော တရားမျှတစွာ လုပ်ကိုင် ပါသလော။ စစ်တပ်ကကော လက်နက် အားကိုးနဲ့ ဗိုလ်မကျတဲ့ စစ်တပ်ဖြစ်ပါသလော။ ၂၀ဝ၈ နာဂစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကရော တိုင်းသူပြည်သား နိုင်ငံသားတွေ အတွက် လက်တွေ့မှာ အကာအကွယ် အထောက်အကူ ဖြစ်ပါသလော။
ရှင်းရှင်းပြောပါ့မယ်။ မြန်မာနိုင်ငံက တရားရုံး အဆင့်ဆင့်ဟာ မှားနေပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိုယ်၌ ကလည်း မှားနေပါတယ်။ ဒါကြောင့် လယ်သမားတွေ၊ လူတွေ၊ ကျောင်းသားတွေ အခြား နစ်နာသူတွေ လမ်းပေါ်တက် ဆန္ဒဖော်ထုတ်နေ တာသာ ဖြစ်ပါတယ်။ ပျော်လို့ လမ်းပေါ်တက် ဆန္ဒပြသူဆိုတာ မရှိပါ။ ဒါပေမဲ့ တစုံတခု အကျိုး အမြတ်ရလို့ လမ်းပေါ် တက်သူတွေလည်း ရှိပါ တယ်။ ဥပမာ ဒံပေါက်ထုပ်လိုချင်လို့ လမ်းပေါ် လိုက်တက်သူ တချို့တော့ ရှိကောင်းရှိနိုင်ပါတယ်။ နေ့တွက်ရလို့ တုတ်ကိုင် ဓားကိုင်ပြီး လူစိတ်ကင်းတဲ့ မျက်နှာမျိုးတွေနဲ့ အရက်ကိုးမောင်း သောက်ထားသူ တွေ လမ်းပေါ်တက်လာတာလည်း ရှိနိုင်ပါသေးတယ်။ အားလုံးသိတဲ့အတိုင်း သူတို့ကတော့ အမှန် တကယ်နစ်နာလို့ ဆန္ဒပြသူတွေကို တန်ပြန်ဖို့အတွက်ပဲ ဖြစ်ပါ တယ်။ လူမျိုးရေး ဘာသာရေးကို ခုတုံး လုပ်ပြီး ဟောပြောသူတွေ လမ်းပေါ်တက်သူတွေ၊ လှုံ့ဆော်သူတွေကို တော့ အရေးယူခြင်း မရှိတာကြောင့် သူတို့ဟာ မမှားဘဲ မှန်နေတယ်လို့ ဆိုနိုင်ပါ သလား။
တရားမျှတမှု ကင်းမဲ့တာမျိုး၊ မိသားစုတွေ ဘဝပျက်ပြီး နစ်နာတာမျိုး၊ အသွင်မျိုးစုံနဲ့ ဖိနှိပ်ခံနေရတာမျိုး၊ လူမျိုးရေး ဘာသာရေးအရ ခွဲခြားဖိနှိပ် ခံရတာမျိုး အစရှိတာတွေ သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး နစ်နာနေတဲ့ဘက်က ဆန္ဒပြတာ တောင်းဆိုတာတွေ တိုက်ပွဲဝင်တာတွေ ရှိနေဦးမှာပါ။ ဒီလူတွေဟာ တိုင်းပြည်အတွင်းမှာ မတည်မငြိမ် ဖြစ်အောင် လှုံ့ဆော် နေသူတွေ မှားယွင်းနေတဲ့သူတွေ မဟုတ်ပါဘူး။ တိုင်းပြည်မှာ တည်ရှိနေတဲ့ ဥပဒေ တွေ၊ လုပ်ရပ်တွေ၊ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုတွေကသာ မှားယွင်းနေ တာကြောင့် လမ်းပေါ်တက် ဆန္ဒဖော်ထုတ်မှုတွေ တည်ရှိနေရခြင်းပါ။
တိုင်းပြည်မှာ အခုလို နစ်နာတာတွေ ဆုံးရှုံးတာ တွေ ဖြစ်ခဲ့ရတာ ဖြစ်နေဆဲဟာ တိုင်းပြည်မှာ တည်ရှိရဲ့ လူသား ရင်းမြစ်၊ သဘာဝရင်းမြစ်တွေကို အကျိုးရှိအောင် အသုံးမချဘဲ အုပ်ချုပ်သူ လူတစုရဲ့ အာဏာရှင်ဆန်မှု၊ တကိုယ်ကောင်းဆန် အကျိုးစီးပွား ကိုပဲ ဇောင်းပေးခဲ့တာတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ အခုလည်း မြန်မာပြည် ဟာ အာဏာရှင် တပိုင်းတစ နိုင်ငံ ဖြစ်နေဆဲပါ။ အထူးသဖြင့် စစ်အာဏာရှင်စနစ် ရောမွှေထားတဲ့ ဒီမိုကရေစီ အမည်ခံ နိုင်ငံတခုအနေ နဲ့သာ တည်ရှိနေခြင်း ဖြစ်ပါတယ်။ အာဏာပိုင်နဲ့ ခရိုနီတွေက အရာရာမှာ ချုပ်ကိုင် ထားဆဲ တိုင်းပြည် ပါ။ အဲသလို တိုင်းပြည်မျိုးမှာ အမှားတွေ များနေတာ ဟာ မဆန်းပါဘူး။ ဒီအတိုင်းဆက်သွား ရင် နောက် ထပ်အမှားတွေ ထပ်ပြီး စုပုံလာဦးမှာပါပဲ။
ဒီလိုမျိုး အလားသဏ္ဌာန်တူ ဖြစ်ရပ်မျိုးချက်ကို စလို ဗက်ကီးယားနိုင်ငံမှာ ဖြစ်ခဲ့ဖူးပါတယ်။ နောက်ပိုင်း ချက်သမ္မတ နိုင်ငံတော် ဖြစ်လာတဲ့အချိန်မှာ ပထမဆုံး ဒီမိုကရက်တစ် ချက်သမ္မတနိုင်ငံတော်ရဲ့ သမ္မတဖြစ်သူ ဗားကလပ် ဟာဗယ်က သမိုင်းဝင် မိန့်ခွန်းတခု တိုင်းပြည်ကို ပြောခဲ့ပါတယ်။ အဲဒီ မိန့်ခွန်းကို အတိုချုပ် တင်ပြပါ့မယ်။ ဗားကလပ် ဟဗယ်ဟာ ပြဇာတ်ရေးဆရာတဦးဖြစ်သလို နိုဘဲလ် ငြိမ်းချမ်းရေးဆုကိုလည်း ရရှိထားသူတဦး ဖြစ်ပါ တယ်။ သူ ဒီမိန့်ခွန်းကို ပြောတဲ့ အချိန်ကတော့ ၁၉၉၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ဖြစ်ပါတယ်။
“နိုင်ငံသူ နိုင်ငံသားများခင်ဗျား။ ပြီးခဲ့တဲ့အနှစ် လေးဆယ်ကာလမှာ ကျနော်တို့ ဘာတွေဖြစ်ခဲ့ကြ သလဲ။ အခွင့်အရေးတန်းတူရှိတဲ့ အလုပ်သမား နိုင်ငံတော်ဆိုပြီး သမုတ်ခဲ့ပေမယ့် တကယ်တန်းမှာတော့ အလုပ်သမားတွေ ခေါင်းပုံဖြတ် ခံခဲ့ရပါတယ်။ ကိုယ်မပြောချင်တဲ့ စကားကို ဟန်ဆောင်ပြောခဲ့ရ ပါတယ်။ ကိုယ်မချစ်မနှစ်သက်တဲ့ အယူဝါဒကို အကြောက်တရားကြောင့်ပွေ့ဖက်ခဲ့ရပါတယ်။ ကိုယ့် နိုင်ငံကအရင်း အမြစ်တွေ သူတပါးအတွက် အသုံး ချခဲ့ရပါတယ်။ တိုင်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ပျက်သုဉ်းခဲ့ရတယ်။
ပညာရေးအဆင့်အတန်းမှာလည်း နိမ့်ကျသွား လိုက်တာ ကမ္ဘာ့ပညာရေး အဆင့်အတန်းအရ အဆင့် ၇၂ အထိ နိမ့်ဆင်းသွားခဲ့ပါတယ်။ တိုင်းပြည်က ထုတ်လုပ်လိုက်တဲ့ အဆင့်အတန်း ကောင်းမွန်တဲ့ အစားအသောက် ရိက္ခာတွေဟာ အာဏာရှင်လူတန်းစား အတွက်ပဲ ဖြစ်ခဲ့ပါတယ်။ အာဏာရှင်စနစ်ကြောင့် လူ့အဖွဲ့အစည်း အတွင်းမှာ ချစ်ချင်း မေတ္တာ၊ ကြင်နာမှု၊ ကိုယ်ချင်းစာတရား၊ ခင်မင်ရင်းနှီးမှု စတာတွေလည်း ခေါင်းပါးသွားခဲ့ရပါ တယ်။ ကနေ့ ဒီလိုတည်ရှိခဲ့တဲ့ ပြဿနာတွေ အခက် အခဲတွေကို ဖြေရှင်းဖို့အတွက် အကောင်းဆုံး အရာက တော့ ကျနော်တို့ အားလုံးဟာ ဘယ်လိုပဲ နိုင်ငံရေးအတွေးအခေါ်အရ၊ လူမျိုးအရ၊ ဘာသာ ရေးအရ ကွဲပြား သည်ဖြစ်ပါစေ ကျနော်တို့ရဲ့ စိတ်နေ သဘောထား တွေကို ပြုပြင်ဖို့က အခရာကျတယ်လို့ ပြောလိုပါတယ်”။
သွေးထွက်အောင် မှန်ပါတယ်။ အခုဆိုရင် ချက်သမ္မတနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ မှန်မှန် ကန်ကန် လျှောက်နိုင်ခဲ့လို့ နှစ်ပေါင်း ၂၄ နှစ်အတွင်း တရှိန်ထိုးတိုးတက်ခဲ့ပါပြီ။ အမှားတွေကို ပယ်နိုင်ခဲ့တာ ကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လည်း အမှားတွေကို လျှော့ချဖို့၊ အမှားတွေ နောက် ထပ် စုပုံမလာဖို့ စိတ်ဓာတ် အဟောင်း၊ အကျင့် အဟောင်း၊ စနစ်အဟောင်း၊ ဥပဒေအဟောင်းတွေကို စိတ်တုံးတုံးချ စွန့်ပစ်ဖို့ လိုပြီ ဖြစ်ပါကြောင်း။