ဒီမိုကရေစီရဲ့ပေါ်ပြူလာအဖြစ်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ညီမျှတဲ့ အရာတခုကတော့ တရားမျှတပြီး ရိုးသားမှုရှိတဲ့ ပုံမှန်ရွေးကောက်ပွဲတွေပဲ။ တချို့တွေကတော့ ပါတီတခုခု၊ ကိုယ်စားလှယ်လောင်း တယောက်ယောက်ကို ဘေးဖယ်ထုတ်လိုက်တာ၊ ဒါမှမဟုတ် လူထုရဲ့ လုံလောက်တဲ့ ပါဝင်ပတ်သက်မှု မရှိတာတောင်မှာ ရွေးကောက်ပွဲဆိုတဲ့ အချက်အလက် သက်သက်နဲ့ ဒီမိုကရေစီ တည်ရှိမှုအတွက် လုံလောက်တဲ့ အခြေအနေတခု အဖြစ်တောင်မှ စဉ်းစားကြတယ်။ ဒီလိုမျိုး ယုတ္တိမဲ့တဲ့အမှားကို ရွေးကောက်ပွဲ အဓိကဝါဒလို့ ခေါ်တယ်၊ ဒါမှမဟုတ် ရွေးကောက်ပွဲ ကျင်းပခြင်း သက်သက်နဲ့ နိုင်ငံရေးလုပ်ဖို့ရာ လမ်းကြောင်းပွင့်သွားပြီး အီလစ် (elite) တွေကြား ငြိမ်းချမ်းတဲ့ ပြိုင်ပွဲတွေ လုပ်ဆောင်လာနိုင်မယ် ပြီးတော့ အနိုင်ရသူဟာ လူထုကနေ တရားဝင် ပေးအပ်ထားသူ ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးပဲ။ နိုင်ခဲ့သူအပေါ် ဘယ်လိုပဲ ပြုမူခံခဲ့ရပါစေ ဒါမှမဟုတ် နိုင်ခဲ့သူကို တခြားဘာတွေပဲ ထိန်းချုပ်ထားပါစေ ဒီလိုမျိုး ယုံကြည်နေမှုမျိုးပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီအတွက် အဓိကကျတာက ရွေးကောက်ပွဲတွေကို မပြတ်မတောက် လုပ်နေပြီး နိုင်ငံသားတွေကို နိုင်ငံရေးပါတီတွေက ပေးအပ်ထားတဲ့ ရွေးချယ်စရာ ဖြစ်နိုင်ချေ အမျိုးမျိုးကို နိုင်ငံသားတွေ ရွေးချယ်နိုင်စေဖို့ပဲ။ အထူးသဖြင့် ဒီမိုကရေစီ အကူးအပြောင်းရဲ့ အစောပိုင်း အခြေအနေတွေမှာ လိုအပ်ပြီး နောက်ပိုင်းပိုပြီး များပြားတဲ့ ရွေးချယ်စရာပေါင်း အများကြီးရှိနေမှာ။ ရွေးကောက်ပွဲ တခုနဲ့တခုကြားမှာ နိုင်ငံသားတွေဟာ အကျိုးအမြတ်တူ အဖွဲ့အစည်းတွေ၊ လူမှုရေးလှုပ်ရှားမှုတွေ၊ ဒေသခံအုပ်စုတွေ၊ ဝန်ဆောင်မှုဆိုင်ရာ အစီအစဉ်တွေလို တခြားသော မီဒီယာနဲ့ ထုတ်ဖော်ပြသစရာ နည်းလမ်းအမျိုးမျိုးကနေ လူထုပေါ်လစီကို လွှမ်းမိုးနိုင်ဖို့ ရှာဖွေရမယ်။ တခြားသော ဝေါဟာရနဲ့ ပြောရရင်တော့ ခေတ်သစ် ဒီမိုကရေစီဟာ ယှဉ်ပြိုင်မှုဖြစ်စဉ်၊ အကျိုးအမြတ်နဲ့ တန်ဖိုးစံတွေကို ထုတ်ဖော်ပြသဖို့အတွက် လမ်းကြောင်း အမျိုးမျိုးကို ပေးအပ်တယ်။ အဖွဲ့အစည်းတွေက နေတဆင့် ထုတ်ဖော်ပြသမယ် ဒါမှမဟုတ် အပေါ်ယံကြော ထောက်ခံသူတွေကနေ တဆင့် ထုတ်ဖော်ပြသမယ်။ အဖွဲ့အစည်း လုပ်ထုံးအတွင်းက တကယ် လည်ပတ်အလုပ်လုပ်မှု ဒါမှမဟုတ် ရပ်ရွာဒေသအခြေခံ၊ လူအများစုပေါင်း ဒါမှမဟုတ် တသီးပုဂ္ဂလ အတွင်းကနေ စသဖြင့် ထုတ်ဖော်ပြသမယ့် လမ်းကြောင်း အမျိုးမျိုးရှိတယ်။ အားလုံးဟာ လက်တွေ့မှာတော့ ပေါင်းစည်းသွားတာချည်းပဲ။
ဒီမိုကရေစီကို အများအားဖြင့် နောက်ထပ်လက်ခံထားတဲ့ သင်္ကေတတခုကတော့ အများစု အုပ်စိုးမှုဆိုတာပဲ။ ဘယ်လို အစိုးရအဖွဲ့အစည်းမဆို မဲတဝက်ကျော် စုပေါင်းပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီနည်းကျတယ်။ အဲဒီ လူအများစုဟာ မဲပေးခွင့်ရသူတွေ အားလုံး၊ ပါလီမန် တခု၊ ကော်မတီတခု၊ မြို့တော်ကောင်စီတခု ဒါမှမဟုတ် ပါတီ တခုအတွင်းမှာဖြစ်စေ လူအများစုမဲနဲ့ ဆုံးဖြတ်ချက် ချမှတ်ကြတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာ ဒါမှမဟုတ် အဖွဲ့ဝင်တဦးကို အဖွဲ့ကနေ ထုတ်တာလိုမျိုး ချွင်းချက် ရည်ရွယ်ချက်တွေအတွက် လူအများစုမဲဆိုတာ ၅၀ ရာခိုင်နှုန်းထက် ပိုတဲ့အရာမျိုး လိုအပ်တယ်။ ဒါပေမယ့် ဒီမိုကရေစီမှာ တသီးပုဂ္ဂလလူသားရဲ့ ညီမျှတဲ့ ကြိုက်နှစ်သက်တာတွေ စုပေါင်းပေးတဲ့ နည်းလမ်းတချို့ ပါဝင်သင့်တယ် ဆိုတာကို ငြင်းမယ့်သူ နည်းလိမ့်မယ်။
အရေအတွက် သာလွန်မှုကို အဓိကအဖြစ် အပြင်းအထန် ယူဆတဲ့အခါ ပြဿနာတခု ထွက်ပေါ်လာတယ်။ သင့်တင့် လျောက်ပတ်စွာ စုဝေးထားတဲ့ လူများစုက လူနည်းစုအုပ်စုတချို့ကို အန္တရာယ်ပေးတဲ့ ဆုံးဖြတ်ချက်တွေ ပုံမှန် ချမှတ်မယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ။ ဒီလို အခြေအနေမျိုးတွေမှာ အောင်မြင်တဲ့ ဒီမိုကရေစီတွေကတော့ လူနည်းစု အခွင့်အရေးအပေါ် ကာကွယ်ပေးဖို့ရာ လူအများစုအုပ်စိုးမှုရဲ့ အဓိက စည်းမျဉ်းတွေကို အရည်အသွေးမြှင့်တင်တယ်။ အရည်အသွေးမြှင့်ခြင်းထဲမှာ အခွင့်အရေး ကြေညာစာတမ်းတွေနဲ့ လူအများစုက ဖိနှိပ်လို့မရအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ထည့်ဝင်တာ (လူ့အခွင့်အရေး ကြေညာစာတမ်း)၊ မြောက်မြားစွာသော မဲဆန္ဒနယ်တွေထဲက လူအများစုရဲ့ သဘောတူညီမှု တပြိုင်တည်း ရရှိဖို့ိုလိုအပ်တာ (ကွန်ဖက်ဒရေးရှင်းစနစ်ပုံစံ)၊ ဗဟိုအာဏာပိုင်တွေရဲ့ တောင်းဆိုမှုကို ဆန့်ကျင်ပြီး ဒေသတွင်း အစိုးရတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို လုံခြုံမှုရှိအောင် အကာအကွယ်ပေးတာ (ဖက်ဒရယ်စနစ် ပုံစံ)၊ ပါတီတွေအားလုံး ပူးပေါင်းပါဝင်တဲ့ ညွန့်ပေါင်းအစိုးရ (တွဲဖက်ဖွဲ့စည်းမှုဝါဒ) ဒါမှမဟုတ် စီးပွားရေး အလုပ်နဲ့ အလုပ်သမားတွေလို အဓိကကျတဲ့ လူမှုရေးအုပ်စုတွေကြားထဲက လူမှုရေးဆိုင်ရာ လမ်းကြောင်းတွေကို ညှိနှိုင်း ပေးတာ(နီယိုကော်ပရေးတစ်ဇင်) စတဲ့ ပုံစံအမျိုးမျိုးပါဝင်တယ်။
လူနည်းစုအုပ်စုတွေကို အကာအကွယ်ပေးခြင်းမှာ အသုံးအများဆုံးနဲ့ အထိရောက်ဆုံး လမ်းကြောင်းကတော့ အကျိုးအမြတ် အခြေခံအဖွ့ဲအစည်းနဲ့ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေရဲ့ နေ့စဉ် လည်ပတ်အလုပ်လုပ်ပုံထဲမှာ တည်ရှိတယ်။ ဒီအရာတွေက လူထုဆီမှာ ဖြစ်တည်နေတဲ့ ကွဲပြားခြားနားတဲ့ ကြိုက်နှစ်သက်မှု အလေးအပေါ့တွေကို ထင်ဟပ်နိုင်တယ်။ ပြီးတော့ အဲဒီအရာတွေကို ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ ဆုံးဖြတ်ချက် ချမှတ်သူတွေဆီကို ယူဆောင်ပြီး အကောင်အထည် ပေါ်လာအောင် လုပ်ပေးနိုင်တယ်။ ဒီလို အရေအတွက်နဲ့ လူနည်းစုအပေါ် ထိခိုက်စေမှုပြင်းထန်ခြင်း နှစ်ခုကြားထဲက အတွင်းပဋိပက္ခအတွက် နောက်ထပ် နည်းလမ်းတခုက ခေတ်သစ်ဒီမိုကရေစီမှာ မဲတွေကို အဓိကထား ရေတွက်ကောင်း ရေတွက်နိုင်တယ်၊ ဒါပေမယ့် လွှမ်းမိုးနိုင်မှုကိုသာလျှင် အလေးပေးရမယ်လို့ ဆိုမှာဖြစ်တယ်။
ပူးပေါင်းဆောင်ရွက်ခြင်းဟာ ဒီမိုကရေစီရဲ့ အဓိကျတဲ့ လက္ခဏာတခုပဲ။ Actor တွေက မြို့ပြလူ့အဖွဲ့အစည်း တခုလုံးကို ပေါင်းစည်းပေးနိုင်မယ့် စုပေါင်းဆုံးဖြတ်ချက်တွေကို ချမှတ်သင့်တယ်။ ဒါကို အလုပ်ဖြစ်အောင် ပူးပေါင်း ဆောင်ရွက်ရမယ်။ ပါတီတွေ၊ အဖွဲ့အစည်းတွေ ၊ လှုပ်ရှားမှုတွေ ကနေတဆင့် စုပေါင်းလုပ်ပြီး ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တာ၊ ကိုယ့်လိုလားချက်တွေကို ပြောဆိုတာ၊ အာဏာပိုင်တွေကို စာတင်တောင်းဆိုတာနဲ့ ပေါ်လစီတွေအပေါ် လွွှမ်းမိုးတာတွေကို လုပ်ရမယ်။
ဒါပေမယ့် ဒီမိုကရေစီရဲ့ လွတ်လပ်မှုက နိုင်ငံသားတွေကို သူတို့အချင်းချင်းကြားထဲမှာ ဆွေးနွေး စဉ်းစားတတ်လာအောင်၊ သူတို့ရဲ့ ဘုံလိုအပ်ချက်တွေကို ရှာဖွေနိုင်အောင်၊ ထိပ်တန်း ဗဟိုအာဏာပိုင်တွေ တချို့အပေါ် မမီခိုဘဲ သူတို့ရဲ့ ကွဲပြားခြားနားချက်တွေကို ဖြေရှင်းနိုင်အောင် အားပေးရမယ်။ ရှေးခေတ် ဂန္ထဝင်ဒီမိုကရေစီမှာ ဒီအရေအသွေးတွေကို အလေးအနက်ထား ပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအရာတွေက မျိုးမတုန်းသေးပါဘူး။ ခေတ်ပြိုင်သီအိုရီပညာရှင်တွေ စီးပွားရေးဈေးကွက်ထဲ အထက်ပါအရာတွေနဲ့ မျိုးကွဲပေမယ့်ဆင်တူတဲ့ အပြုအမူပုံစံတွေကို အလေးအနက်ထားဖို့ ထပ်ခါတလဲလဲ အားထုတ်ပေမယ့်၊ ဒီမိုကရေစီ လည်ပတ်အလုပ်လုပ်ပုံ အားလုံးကို ပြိုင်ဆိုင်မှု အကျိုးအမြတ် အမြင့်မားဆုံးဆီ လျှော့ချဖို့ ထပ်ခါတလဲလဲ အားထုတ်ပေမယ့် အထက်ပါအတိုင်း ဒီမိုကရေစီလွတ်လပ်မှုက နိုင်ငံသားတွေကို လုပ်ပေးဖို့ရာ အရည်အသွေးတွေဟာ မျိုးမတုန်း သေးပါဘူး။ အဲလက်စ် ဒီ တော့ကီဗွီးလ်က သူ့ရဲ့ အမေရိကရှိ ဒီမိုကရေစီ (Democracy in America) စာအုပ်မှာ ဒီမိုကရေစီအတွက် လွတ်လပ်တဲ့အုပ်စုတွေ အရေးပါပုံကို အကောင်းဆုံး ဖော်ပြနိုင်ခဲ့တာပါ။ သူ့ရဲ့လက်ရာဟာ ဒီမိုကရေစီကို အပြိုင်အဆိုင်ဖြစ်နေတဲ့ ကိုယ်စားလှယ် လောင်းတွေကြားထဲမှာ ရွေးကောက်ပွဲအတွက် ရုန်းကန်ကြိုးပမ်းခြင်းနဲ့ ပြန်လည် ရွေးကောက်ခံရဖို့ ကြိုးပမ်းခြင်းတွေထက် သာလွန်တဲ့အရာအဖြစ် စွဲစွဲမြဲမြဲမြင်ထားသူတွေကို နှိုးဆွပေးနိုင်တဲ့ အဓိကလက်ရာတခုအဖြစ် ကျန်ခဲ့တယ်။
ခေတ်ပြိုင် နိုင်ငံရေးအရေးအသားမှာ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးမှုရှိတဲ့ အုပ်စုတွေကနေတဆင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆွေးနွေးခြင်း သွင်ပြင်လက္ခဏာဟာ အရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ ညွှန်ကြားချက် ထီးတော်ရိပ်အောက်မှာ တည်ရှိနေတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းအောက်မှာ အမျိုးမျိုး ကွဲပြားခြားနားတဲ့ လူမှုရေးဆိုင်ရာ သီးခြား အမှတ်လက္ခဏာနဲ့ အကျိုးအမြတ်တွေဟာ နိုင်ငံတော်ထံကနေ အမီအခိုကင်းစွာနဲ့ ရပ်တည်နိုင်တဲ့အပြင် အုပ်စိုးသူတွေရဲ့ စိတ်ထင်ရာလုပ် ဆောင်ချက်တွေကို ထိန်းသိမ်းနိုင်ရုံသာမကဘူး၊ တခြားသောလူတွေရဲ့ လိုလားချက်တွေကို သတိထားမိတဲ့၊ ကိုယ့်လုပ်ဆောင်ချက်အပေါ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့၊ လူအားလုံး ဘုံကောင်းမှုအပေါ်မှာ စတေးလိုတဲ့ စိတ်ဆန္ဒရှိတဲ့ နိုင်ငံကြီးသားစိတ်မျိုးတွေ နိုင်ငံသားတွေ ပိုမိုကောင်းမွန်စွာ ဖွဲ့စည်းနိုင်ဖို့ ထည့်ဝင်တယ်။
အကောင်းဆုံးကတော့ အရပ်ဘက် လူ့အဖွဲ့အစည်းဟာ နိုင်ငံတော်နဲ့ တသီးပုဂ္ဂလကြားထဲမှာ အုပ်ချုပ်ရေး ကြားခံအလွှာ တခုဖြစ်ပြီး နိုင်ငံတော်က ပြည်သူလူထုအပေါ် အဓမ္မ ဖိအားပေးခိုင်းစေမှုတွေ မဖြစ်အောင် အစိုးရအဖွဲ့ဝင်တွေကို ထိန်းချုပ်ထားနိုင်ပြီး ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်တဲ့ အလွှာတခု ဖြစ်တယ်။ ပိုမိုတိုးပွားလာတဲ့ တောင်းဆိုမှုတွေနဲ့ ဝန်ပိနေပြီး နိုင်ငံရေးစနစ်ကို မအုပ်ချုပ်နိုင်စွမ်း ဖြစ်စေတာထက် ဒီလိုလားဖွယ်ကောင်းတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းဟာ ဈေးကွက်ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုဝါဒ အပြင်ဘက်ကနေ ပဋိပက္ခတွေ လျော့ပါးသွားအောင် လုပ်နိုင်ပြီး နိုင်ငံသားဖြစ်မှုရဲ့ အရည်အသွေးကို တိုးတက်လာအောင် လုပ်နိုင်တယ်။
ပြည်သူ့ကိုယ်စားလှယ်များ
တိုက်ရိုက် ရွေးကောက်တင်မြှောက် ခံရသည်ဖြစ်စေ၊ တဆင့်ရွေးကောက် တင်မြှောက်ခံရသည်ဖြစ်စေ ပြည်သူ့ ကိုယ်စားလှယ်တွေဟာ ခေတ်သစ် ဒီမိုကရေစီတွေမှာ တကယ် အရှိတရားတွေအပေါ် အခြေခံတဲ့ အလုပ်တွေကို အများဆုံးလုပ်တယ်။ အများစုကတော့ ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားတွေပဲ။ သူတို့က သူတို့ရဲ့ အလုပ်အကိုင်တွေကို အခရာကျတဲ့ အစိုးရရုံးတွေမှာ ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒရှိတယ်။ ဘယ်လို ဒီမိုကရေစီမျိုးမှ သူတို့မရှိဘဲ မရှင်သန်နိုင်ဘူး။ ဒါကြောင့် အဓိကကျတဲ့ မေးခွန်းက နိုင်ငံရေးအီလစ်တွေ ဒါမှမဟုတ် ပရော်ဖက်ရှင်နယ် နိုင်ငံရေးလူတန်းစားတွေ ရှိသလား မရှိသလားဆိုတာနဲ့ မဆိုင်ဘူး။ ဒီလိုမျိုး ပြည်သူ့ကိုယ်စားလှယ်တွေကို ဘယ်လို ရွေးချယ်မလဲ၊ သူတို့ဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအတွက် ဘယ်လို တာဝန်ခံမလဲ ဆိုတာသာ ဖြစ်တယ် ။
အထက်မှာ ဖော်ပြထားတဲ့ဲ၊ ခေတ်သစ်ဒီမိုကရေစီမှာ ကိုယ်စားပြုပုံ လမ်းကြောင်းအများကြီး ရှိတယ်။ မဲဆန္ဒနယ်မြေကို အခြေခံတဲ့ ရွေးကောက်တင်မြှောက်ပုံကတော့ အမြင်သာဆုံးဖြစ်ပြီး အများပြည်သူအားလုံးနဲ့လည်း သက်ဆိုင်တယ်။ နောက်ပြီး ပါလီမန်နဲ့ သမ္မတသက်တမ်းဘဝမှာ အချိန်ကာလ အတိုင်းအတာအားဖြင့် နိုင်ငံသားတွေရဲ့ဘဝကို တာဝန်ခံ ပေးရမယ်။ အစိုးရတခု အပြည့်အ၀ ကြီးထွားလာပြီဆိုရင် သူ့ရဲ့ အရေအတွက်များပြီး အမျိုးမျိုးအဖုံဖုံ ဖြစ်လာတယ်။ ပြီးတော့ အေဂျင်စီတွေ ပါဝါရဲ့ပါဝါကလည်း ရွေးကောက်ပွဲကြောင့် ရလာတာမဟုတ်ပါဘဲနဲ့ လူထုအတွက် ဆုံးဖြတ်ချက်တွေ ချမှတ်လာတယ်။ ဒီအစိုးရအေဂျင်စီတွေရဲ့ဘေးပတ်လည်မှာ မဲဆန္ဒနယ်မြေအပေါ် အခြေမခံဘဲ အကျိုးအမြတ်အတွက် လက်တွေ့လည်ပတ် အလုပ်လုပ်နိုင်မှုအပေါ် ကြီးကြီးမားမား အခြေခံထားကာ အထူးသီးသန့် ကိုယ်စားပြုခြင်းရဲ့ ကျယ်ပြန်တဲ့ ကိရိယာတွေ ဖွံ့ဖြိုးလာတယ်။ နိုင်ငံရေးပါတီ မဟုတ်တဲ့ ဒီအကျိုးအမြတ်တူရာ စုစည်း လုပ်ကိုင်တဲ့ အဖွဲ့အစည်းတွေဟာ တခါတရံဖြစ်ပေါ်တဲ့ လူမှုရေးဆိုင်ရာ ဝင်ရောက်စွက်ဖက်မှုတွေရဲ့ အထောက်အပံ့တွေကိုလည်း ရရှိပြီး အတည်ငြိမ်ဆုံးသော ဒီမိုကရေစီတွေမှာ အရပ်ဘက် လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ ထုတ်ဖော်မှု ဖြစ်လာတယ်။
၁၉၇၄ ခုနှစ်လောက်က ပေါ်ပေါက်လာတဲ့၊ အသစ်ဖြစ်ပြီး ကျိုးပဲ့ပျက်စီးလွယ်တဲ့ ဒီမိုကရေစီတွေဟာ အတင်းဖိနှိပ်ထားရတဲ့ အချိန်ကာလထဲမှာ နေနေရတယ်။ သူတို့ဟာ ၁၉ ရာစုနဲ့ ၂၀ ရာစုအစောပိုင်း ဥရောပဒီမိုကရေစီတွေနဲ့ မတူဘူး။ သူ့ရှေ့မှာ ဖြစ်ထွန်းခဲ့တဲ့ ဒီမိုကရေစီတွေလို တဖြည်းဖြည်း ဖြစ်ထွန်းတိုးတက်လာတဲ့ သမိုင်းဆိုင်ရာ တိုးတက်မှုထဲက ကိုယ်စားပြုခြင်းရဲ့ မြောက်မြားစွာသော လမ်းကြောင်းတွေကို လေ့လာဆည်းပူးဖို့ မမျှော်လင့်နိုင်ခဲ့ဘူး။ ဖြစ်ထွန်းစ အရိုင်းဆန်တဲ့ပါတီ အမြောက်အမြား၊ အကျိူးအမြတ်များနဲ့ လှုပ်ရှားမှုတွေက သူတို့ထဲမှာ နိုင်ငံရေးဆိုင်ရာ လွှမ်းမိုးမှုတွေ တပြိုက်နက် တည်းရှာဖွေကြတယ်။ မြို့ပြလူ့အဖွဲ့အစည်းတွေရဲ့ စိန်ခေါ်မှုကို ဖန်တီးကြတယ်။
(ဆက်လက်ဖော်ပြပါမည်။)
ဖီးလစ် စီ ရှမစ်ထာ (Philippe C Schmitter) နဲ့ တယ်ရီ လင်း ကားလ် (Terry Lynn Karl) တို့ရဲ့ What Democracy Is … and Is Not စာတမ်းကို Journal of Democracy နဲ့ Johns Hopkins University Press တို့ရဲ့ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုပါတယ်။ ရှမစ်ထာဟာ စတန်းဖို့ဒ် တက္ကသိုလ် ဥရောပ လေ့လာမှုပညာဌာနရဲ့ ဒါရိုက်တာနဲ့ နိုင်ငံရေးသိပ္ပံဌာနရဲ့ ပါမောက္ခတဦး ဖြစ်ပါတယ်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)