ယာယီသက်သေခံ လက်မှတ်(White Card)ကိုင်ဆောင်သူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး ဆန့်ကျင် ကန့်ကွက်မှုများ၊ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြမှုများကြောင့် လက်ရှိ မြန်မာ့နိုင်ငံရေး တည်ငြိမ်မှု မပျက်ပြားစေရေး အတွက် နိုင်ငံရေးပါတီ ၁၀ ပါတီက တိုက်တွန်းလိုက်ကြောင်း သိရသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ စီးတီးစတား ဟိုတယ်တွင် ယနေ့ ကျင်းပသည့် ရှင်းလင်းပွဲ၌ နိုင်ငံရေး ပါတီ ၁၀ ပါတီက ၎င်းတို့၏ အမြင် သဘောထားများကို ဆွေးနွေး ညှိနှိုင်း၍ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
“၂၀၁၅ ရွေးကောက်ပွဲက နီးလာပြီ၊ ပြဿနာတွေ မဖြစ်စေချင်ဘူး။ ရှိပြီးသား အခြေအနေကောင်းတွေ မပျောက်ပျက်အောင် အစိုးရရော၊ လွှတ်တော်ရော၊ ကျောင်းသားတွေရော ထိန်းထိန်းသိမ်းသိမ်း လုပ်စေချင်တယ်။ အလိုမကျစရာ ကိစ္စတွေရှိတိုင်း တိုင်းပြည်ရဲ့ရှိပြီးသား အခြေအနေတွေ ပျောက်ပျက်အောင်လုပ်တာ မကောင်းပါဘူး”ဟု ရှင်းလင်းပွဲ တက်ရောက်သည့် ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်က ပြောသည်။
White Card ကိုင်ဆောင်ထားသူများ မဲပေးခွင့်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကွဲလွဲနေပြီး အရေးပါလှသည့် အမျိုးသားရေးကိစ္စ ဖြစ်နေခြင်းတို့ကြောင့် ရွေးကောက်ပွဲများတွင် မဲပေးခွင့်မပြုသင့်သေးသူများ အဖြစ် မှတ်ယူကြောင်း နိုင်ငံရေး ပါတီ ခေါင်းဆောင်များက ပြောဆိုကြသည်။
သဘောမတူသူများက သိန်းသောင်းချီလမ်းပေါ်ထွက် ဆန္ဒပြရုံနှင့် White Card ကိုင်ဆောင်သူများ ၏ မဲပေးခွင့်ကို ရုပ်သိမ်းနိုင်လိမ့် မည် မဟုတ်သကဲ့သို့ အမျိုးသားပညာရေး ဥပဒေတွင်လည်း မိမိတို့ပါဝင်စေချင်သည့် အချက်များ ရရှိရေးအတွက် ကျောင်းသား သပိတ်ဆင်နွှဲရုံနှင့် ရမည်မဟုတ်ကြောင်း၊ ယင်းအခြေအနေများကြောင့် ရှိပြီးသား ဒီမိုကရေစီ ရပိုင်ခွင့်များကိုပါ ပျောက်သွားမည်ကို စိုးရိမ်ကြောင်း မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်ကလည်း ပြောသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ အစ္စလမ် ဘာသာဝင် တဦးဖြစ်သည့် ဦးထွန်းကြည်က“White Card သည် တိုင်းပြည်ရဲ့ လွတ်လပ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကို ကြီးကြီးမားမား ထိခိုက်ဖို့ မရှိပေမယ့် ယနေ့ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုပေါင်း များစွာကို တွေ့ဆုံဆွေးနွေးရေး လမ်းစဉ် ဒီမိုကရက်တစ်လမ်းစဉ် သွားဖို့ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်မှာ တာဝန်ရှိတယ်။ အစိုးရ၊ တပ်မတော်ရော၊ လွှတ်တော်ရော၊ အတိုက်အခံရော အခြေခံရိုးသားမှုရှိဖို့လိုတယ်”ဟု ပြောဆိုသည်။
အဆိုပါ အရေးကိစ္စများတွင် ပါဝင်ပတ်သက်နေသော အစိုးရ၊ လွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးနှင့် ဆန္ဒထုတ်ဖော်နေကြသည့် အင်အားစုအားလုံးတို့သည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးဖြစ်စဉ် ချောမွေ့မြန်ဆန်စွာဖြစ်ပေါ်ပြီးမြောက်စေ ရေး အတွက် ငြိမ်းချမ်းသောနည်း၊ စားပွဲဝိုင်းထိုင်သောနည်း၊ နှစ်ဦးနှစ်ဘက် အဆင်ပြေသောနည်း(win-win solution)နှင့် အဖြေရှာကြရန်လည်း ၁၀ ပါတီက တိုက်တွန်းထားသည်။
ယခု တိုက်တွန်းသည့် နိုင်ငံရေးပါတီများမှာ ကရင်ပြည်သူ့ပါတီ၊ ချင်း တိုးတက်ရေးပါတီ၊ ဗမာပြည်သူ့ပါတီ(ယခင်-ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ပါတီ)၊ မြန်မာအမျိုးသား ကွန်ဂရက်၊ မြို(ခေါ်)ခမီ အမျိုးသား တိုးတက်ရေးပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန် မာနိုင်ငံ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီနှင့် အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်တို့ ဖြစ်သည်။
လက်ရှိ သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ မဖြိုးဖြိုးအောင်က“ငြိမ်းငြိမ်းချမ်းချမ်း စီတန်းလှည့်လည်ပြီး ဆန္ဒတွေကို ထုတ်ဖော်နေတာ ဖြစ်တယ်။ အကြမ်းဖက်တာမျိုးလည်း မလုပ်ဘူး။ ကျမတို့က ဆွေးနွေးအဖြေရှာဖို့ တံခါးတွေ ဖွင့်ထားတယ်။ အစိုးရဘက်က ဖြေရှင်းဖို့နည်းလမ်းတွေရှိရဲ့သားနဲ့ မဖြေရှင်းဘဲ အကြမ်းဖက်နည်းလမ်းကိုပဲ သုံးမယ်ဆိုရင်တော့ ဖြစ်လာတဲ့အကျိုးဆက်က အစိုးရရဲ့တာဝန်ပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် White Card ကိုင်ဆောင်ထားသူများ မဲပေးခွင့်ရှိကြောင်း ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို White Card ကိုင်ဆောင်သူများ မဲပေးခွင့်နှင့် ပတ်သက်၍ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြပွဲများကို ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် ပြုလုပ်သွားရန် စီစဉ်လျက်ရှိသည်။
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြ၍ ချီတက် လမ်းလျှောက်ကြသည့် မန္တလေးပင်မ သပိတ်မှောက် ကျောင်းသားများ၊ ပခုက္ကူ သပိတ်မှောက် ကျောင်းသားများနှင့် ဧရာဝတီ သပိတ်မှောက် ကျောင်းသားများသည် ရန်ကုန်မြိုသို့ ဦးတည် ချီတက်လျက်ရှိကြောင်း သိရသည်။