ဖေဖော်ဝါရီလ ၃ ရက်က နေပြည်တော်တွင် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့သည့် ပညာရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲကို လာမည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း ယနေ့ ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ သဘောတူလိုက်သည်ဟု သိရသည်။
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လေးပွင့်ဆိုင် ဆက်လက် ဆွေးနွေးနိုင်ရန် ယနေ့ ညနေပိုင်း၌ ရန်ကုန်မြို့ရှိ တက္ကသိုလ် စိန်ရတုခန်းမတွင် သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ် ၃ ဦး၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ကိုယ်စားလှယ် ၂ ဦး၊ ပညာရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးသန့်ရှင်း၊ ပညာရေး တက္ကသိုလ် ပါမောက္ခ ဒေါက်တာ အောင်မင်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းတို့ အကြိုတွေ့ဆုံရာတွင် ယင်းသို့ သဘောတူလိုက်ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့၊ စိန်ရတု ခန်းမတွင် ပြုလုပ်ခဲ့သော လေးပွင့်ဆိုင် တွေ့ဆုံမှုတွင် ကျောင်းသားများ တောင်းဆိုသည့် အချက် ၉ ချက်ထဲမှ နှစ်ချက် ကျန်ရှိနေပြီး ကျန်ရှိနေသေးသည့် အချက် ၂ ချက် အပါအဝင် အမျိုးသား ပညာရေး ဥပဒေတွင် ပြင်ဆင်ရန် တောင်းဆိုထားသည့် ၁၁ ချက်ကို ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ ဆွေးနွေးပွဲ၌ ပညာရေး သပိတ်တွင် ပါဝင်သူ မည်သူ့ကိုမျှ သပိတ်နှင့် ပတ်သက်ပြီး အရေးယူခြင်း မပြုရန် ဆိုသည့်အချက်ကို အစိုးရဘက်က လုံး၀ သဘောမတူခဲ့ပေ။
ယနေ့ ဆွေးနွေးပွဲသို့ တတ်ရောက်ခဲ့သည့် NNER ကိုယ်စားလှယ် တဦးဖြစ်သည့် ဒေါက်တာသိန်းလွင်က “ကျောင်းသားတွေဘက်က ပညာရေး ဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုနေစဉ်မှာ ဖမ်းဆီးတာတွေ၊ တားဆီးတာတွေ မလုပ်ဖို့ တင်ပြကြတယ်။ နယ်/လုံ ဝန်ကြီးကလည်း ရန်ကုန်မှာ အလုပ်သမား ဆန္ဒပြမှုတွေ၊ ကုန်ဈေးနှုန်း မြှင့်မှုတွေ ဖြစ်နေတဲ့အတွက် ကျောင်းသားတွေကို ရန်ကုန် မတက်လာစေချင်ဘူး။ အလုပ်သမားတွေနဲ့ ကျောင်းသားကိစ္စတွေ အားလုံးရှုပ်ကုန်ရင် ထိန်းချုပ်ဖို့ မလွယ်ဘူးလို့ ပြောတယ်” ဟု ပြောဆိုသည်။
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြနေသည့် သပိတ်မှောက် ကျောင်းသားများကို ရန်ကုန်တိုင်း အတွင်းသို့ မဝင်စေလိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
အစိုးရပိုင်းမှ ပြုပြင်ရေးဆွဲမည့် ဥပဒေမူကြမ်း ရရှိမှသာ ကျောင်းသားများ လိုလားသည့် အချက်များကို ပြင်ဆင်ရန် အစိုးရပိုင်းမှ တင်ပြခဲ့သည့်အတွက် ကျောင်းသားများ တောင်းဆိုချက်နှင့် ဆန့်ကျင်နေသည့်အတွက် ယင်းအချက်ကိုလည်း ထပ်မံ ဆွေးနွေးရမည် ဖြစ်ကြောင်း သိရသည်။