ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ကမ်းလှမ်း ထားချက်ဟာ ပျက်ပြယ်သွားပါပြီ။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ဘက်က အတည်ပြုလိုက်ပြီ ဖြစ်သလို အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ကိုယ်တိုင်ကလည်း အတည်ပြု ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ပြည်ထောင်စုနေ့မှာ လက်မှတ် မထိုးဖြစ်တဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မင်းကတော့ အစိုးရနဲ့ တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ညှိနှိုင်းဖို့ ခက်ခဲနေတဲ့ အချက်တွေ ကျန်ရှိနေသေးပြီး အဲဒီ အချက်တွေကို ဖြေရှင်းရမယ့် ၇ ကြိမ်မြောက် အစည်းအဝေးကြီး ကျင်းပဖို့ နောက်ကျသွားတဲ့အတွက် မထိုးဖြစ်တာလို့ ဆိုပါတယ်။
နောက်ကျရတဲ့ အကြောင်းအရင်းကလည်း ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေမှာ တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ နှစ်ပတ်လည် အစီအစဉ် တွေနဲ့ တိုက်ဆိုင်နေတဲ့အတွက် နှောင့်နှေးရတာလို့ အကြောင်းပြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က ပြောတာကတော့ သူတို့ဟာ စာရွက်ပေါ်မှာ အလွယ်တကူ လက်မှတ်ရေးထိုး ထားတဲ့ ဟန်ပြ သဘောတူညီမှုမျိုး မဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ဒီအတွက် ရေရှည်တည်တံ့စေမယ့် ငြိမ်း ချမ်းရေးအတွက် အစိုးရနဲ့ သူတို့အကြားမှာ အဓိကကျတဲ့ ကတိကဝတ်တွေကို အရင်ဆုံး သဘောတူညီမှု ရဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေး ညှိနှိုင်းဆောင်ရွက်သူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ ပြောနေသလိုမျိုး မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဓိက ဇာတ်ကောင်ဖြစ်နေတဲ့ တပ်မတော်ကလည်း ငြိမ်းချမ်းရေး လိုချင်သူတွေဖြစ်ကြောင်း ထွက်ထွက်ပြီး ပြော လာပါတယ်။
မကြာသေးခင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စင်ကာပူ အခြေစိုက် Channel News Asia သတင်းဌာနနဲ့ မေးမြန်းခန်းမှာ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေး လိုချင်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အပေါ်မှာသာ မူတည်ကြောင်း ပြောသွားပါတယ်။
“သူတို့ တကယ် ငြိမ်းချမ်းရေး လိုချင်သလား။ သူတို့တကယ် ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင်တော့ ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိဘူး။ ကျနော်တို့ သွားနေတာ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း သွားနေတာ။ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းဟာ တရား ဥပဒေနဲ့အညီ အေးအေးချမ်းချမ်း သွားရမယ့်ကိစ္စ ဖြစ်တယ်။ ဒါကလည်း ပြည်သူက ရွေးချယ်တဲ့ လမ်းကြောင်းဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ကလည်း သူတို့ကို နေရာပေးပြီးတော့ ဒီလမ်းကြောင်းပေါ် ရောက်အောင် ခေါ်နေတယ်”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားနေတဲ့ ကမ္ဘာ့သက်တမ်း အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲကြီးကို အဆုံးသတ်ဖို့ လက်ရှိ တိုက်နေကြတဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ၊ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ လွှတ်တော် အသိုင်းအဝိုင်းတွေ အားလုံးကတော့ “ငြိမ်းချမ်းရေး လိုချင်တယ်” လို့ပဲ ပြောကြပါတယ်။
ဒီအတိုင်းဆိုရင် တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရတို့မှာ ငြိမ်းချမ်းရေး မလိုချင်ဘူးဆိုတဲ့ အသံမရှိဘူး။ ငြိမ်းချမ်းရေး မလိုချင်တဲ့သူ မရှိဘူးလို့ ပြောနိုင်ပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းရေးက ဘာဖြစ်လို့ နှောင့်နှေးနေရတာလဲ၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ဘယ်သူ့အပေါ်မှာ မူတည်နေသလဲဆိုပြီး ပြည်သူတွေက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ က စတင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အခက်အခဲတွေကို ဖြေရှင်းရင်း၊ ယုံကြည်မှုတွေ တည်ဆောက်ရင်းနဲ့ ဆွေးနွေးလာခဲ့ကြတာ ပြီးခဲ့တဲ့နှစ် သြဂုတ်လလယ်ပိုင်းက ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေဘက်က တောင်းဆိုနေတဲ့ အချက်တွေထဲက အဓိက အချက်တခုဖြစ်တဲ့ “ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး”လို အချက်ကို အစိုးရနဲ့ တပ်မတော်ဘက်က သဘောတူလိုက်တယ် ဆိုတော့ ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေ နီးစပ်လာပြီလို့ ခန့်မှန်းခဲ့ကြပါတယ်။
ဒီသဘောတူညီမှုတွေ နေပြည်တော်ရောက်ပြီးသွားတဲ့ အခါမှာတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပြီး စက်တင်ဘာ ဆွေးနွေးပွဲမှာ တပ်မတော်ဘက်က သဘောတူညီပြီးသား အချက်တွေပေါ်မှာ အပြောင်းအလဲတွေ ပြုလုပ်လာတာကြောင့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲဟာ ရှေ့ဆက်လို့မရဘဲ အေးတိအေးစက် ဖြစ်သွားခဲ့ရပါတယ်။
နောက်ဆက်တွဲ ဖြစ်လာတဲ့ ပြဿနာတွေကတော့ တပ်မတော်က လိုင်ဇာမှာရှိတဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဗိုလ် သင်တန်းကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သင်တန်းသား ၂၀ ကျော် သေဆုံးခဲ့သလို အများအပြား ဒဏ် ရာ ရရှိခဲ့ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။
ဒီပစ်ခတ်မှုတွေ မဖြစ်ခင် KIA နဲ့ အစိုးရအကြားမှာ တိုက်ပွဲတွေ ဖြစ်လာရင် ညှိနှိုင်းဖြေရှင်းကြဖို့ဆိုပြီး အဖွဲ့တွေ ဖွဲ့ခဲ့ပါသေးတယ်။ ဒီအဖွဲ့ဟာလည်း အရေးကြီးပုဂ္ဂိုလ် မဟုတ်သူတွေနဲ့ အမည်ခံသဘောမျိုး ဖွဲ့စည်းထားတာမျိုး ဖြစ်နေတဲ့အတွက် လက်တွေ့မှာ ဖြေရှင်းနိုင်မှု မရှိဘူး။ ဒီလိုအဖြစ်အပျက်မျိုး၊ ဒီလို ဟန်ပြ ဖွဲ့စည်းထားမှုမျိုးတွေဟာ ယုံကြည်မှု တည်ဆောက်ဆဲကာလအတွက် ထောက်ပြစရာ နမူနာတရပ်လို ဖြစ်သွားခဲ့ပါတယ်။
အပစ်ရပ်ဖို့ ဆွေးနွေးဆဲကာလတွေမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အပြင် တိုင်း ရင်းသား တပ်တွေ ထိန်းချုပ်နယ်မြေတွေထဲကို ရောက်လာတဲ့ အစိုးရတပ်တွေက ဆွေးနွေးဆဲကာလတွေမှာ တပ်နေရာ တွေ ကို အခိုင်အခံ့ မွန်းမံပြင်ဆင်နေတာဟာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ယုံကြည်မှု တည်ဆောက်နေဆဲ အနေအထားတွေကို တွန့်ဆုတ်စေခဲ့ပါတယ်။
ဆွေးနွေးဆဲကာလ အတောအတွင်းမှာ တပ်မတော်ဘက်က တိုင်းရင်းသားတပ်တွေအပေါ် နေရာ ကျုံ့သည်ထက် ကျုံ့သွားအောင်၊ အင်အားချိနဲ့သည်ထက် ချိနဲ့သွားအောင် ကြိုးပမ်းမှုတွေ ပြုလုပ်နေရင်း တိုက်ပွဲတွေ ဖြစ်ပွားနေရတာ ရှိသလို ဒီအထဲမှာ တိုင်းရင်းသား တပ်တချို့ကလည်း နယ်မြေချဲ့ထွင်နေလို့ အစိုးရ တပ်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ရတာလည်း ရှိပါတယ်။
“ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ကိုယ့်နယ်မြေမှာ မနေရဘူးဆိုရင် ကျနော်တို့က ဘယ်မှာ သွားနေရ မလဲ” လို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တဦးက ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ် ရှေ့မတိုးနိုင်တဲ့ အထဲမှာ ဒီအချက်တွေလည်း အပါအဝင်ဖြစ်သလို တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) သဘောတူညီချက် လက်မှတ်ထိုးဖို့ အစိုးရဘက် က အလျင်လိုနေပေမယ့် တိုင်းရင်းသား တပ်ဖွဲ့တွေက ထာဝရငြိမ်းချမ်းရေးအဖြစ် တည်တံ့ဖို့ အတွက် နှစ်ဘက်အကြား ထားရှိရမယ့် ကတိကဝတ်တွေကို အရင်ဆုံး အခိုင်အမာ သဘောတူညီမှုတွေ လုပ်ဖို့ အသံတွေ ကြားရပါတယ်။
NCCT ရဲ့ ဒု ဥက္ကဋ္ဌလည်းဖြစ် KIA ရဲ့ ဒု စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ် ဂွန်မော်ကတော့ “တကယ်တော့ ငြိမ်းချမ်းရေး ရဖို့ဆိုတာကတော့ အားလုံးမှာ ဆန္ဒရှိပါတယ်။ မတူညီတာကတော့ ဘယ်လိုပုံစံ ငြိမ်းချမ်းရေးလဲ ဆိုတာကတော့ မတူညီပါဘူး။ အဲဒီတော့ ကျနော်တို့ NCCT က စဉ်းစားတာက ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်း တိုက်ပွဲတွေ မဖြစ်တဲ့ ငြိမ်းချမ်း ရေး မျိုးမဟုတ်ဘဲနဲ့ တနိုင်ငံလုံးမှာ စိုးရိမ်ကြောင့်ကြမှုကင်းတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်စေချင်တယ်”လို့ ပြောပါတယ်။
ဝန်ကြီး ဦးအောင်မင်းကတော့“ကျနော်က ဖြစ်အောင် ကြိုးစားနေတာ၊ ကျနော်က သိပ်ဖြစ်ချင်နေတာပေါ့ဗျာ။ နောက် ရွေးကောက်ပွဲမှာက ဘယ်အစိုးရ တက်မယ်ဆိုတာ ကျနော်လည်း မသိဘူး။ ဒါကြောင့်မို့ စေတနာမှန်နဲ့ ကျနော်ရှိတုန်းမှာ ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားနေတာ”လို့ ဆိုပါတယ်။
NCCT အဖွဲ့ဝင်တွေ အနေနဲ့ ခိုင်မာတဲ့ ကတိကဝတ်တွေ မရသေးရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖြစ်ဦးမှာ မဟုတ်သေးဘူးလို့ ဆိုပေမယ့် NCCT ထဲမှာ မပါဝင်တဲ့ အဖွဲ့တချို့နဲ့ အစိုးရနဲ့ သဘောထားသင့်မြတ်နေတဲ့ အဖွဲ့တချို့က ခွဲပြီး လက်မှတ်ထိုးမယ်ဆိုတဲ့ အသံတွေကလည်း ထွက်ပေါ်နေပါတယ်။
ဒါနဲ့ ပတ်သက်ပြီး NCCT ခေါင်းဆောင် နိုင်ဟံသာက “အန်ကယ်တို့ မြင်တာကတော့ ခိုင်မာတဲ့ သဘောတူညီချက်တွေရဖို့ ဘာမှ မရေရာသေးဘဲနဲ့ (လက်မှတ်) ထိုးဖို့ချည်းပဲ ပြောနေတာကတော့ ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူးလို့ ဝေဖန်ချင်တယ်ဗျ။ ဘာမှ မရေရာသေးဘဲ လက်မှတ်သွားထိုးရင် ကိုယ့်အတွက်က အလားအလာ မကောင်းဘူး”လို့ ဆိုပါတယ်။
UPWC နဲ့ NCCT တို့ရဲ့ နောက်ဆုံး ဆွေးနွေးပွဲတွေကတဆင့် သိရတာက လာမယ့် ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး လက်မှတ် မထိုးဖြစ်သေးပေမယ့် ပြည်ထောင်စုနေ့ နောက်ပိုင်းမှာ ၇ ကြိမ်မြောက် အစည်းအဝေး ပြန်စနိုင် ရေး ကြိုးပမ်း လုပ်ဆောင်သွားကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ပြည်ထောင်စု နေ့မှာ နေပြည်တော်ကို လာရောက်ဖို့ သမ္မတက ဖိတ်ကြားထားပြီး အဲဒီနေ့မှာ NCA လက်မှတ်ထိုးနိုင်ရေး အတွက် အထောက်အကူ ဖြစ်စေမယ့် အလွတ်သဘော ဆွေးနွေးမှုတွေ လုပ်လာနိုင်ဖွယ် ရှိတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေဘက်က ပြောပါတယ်။
လွတ်လပ်တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကတော့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ လူထုမျက်နှာကို မကြည့်ဘဲ ကိုယ် ကျိုးစီးပွားတွေကိုပဲ အလေးအနက်ထားပြီး ဆွေးနွေးပွဲတွေရဲ့ နောက်ကွယ်မှာ မရိုးသားမှုတွေ ရှိနေတာကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအပေါ် အပစ်အခတ် ရပ်စဲရေးလုပ်ပြီးရင် ရှေ့ဆက်ဆောင်ရွက်ရမယ့် နိုင်ငံ ရေး ဆွေးနွေးမှု အပါအဝင် အရေးကြီးတဲ့ ကဏ္ဍတွေမှာ လျစ်လျူရှုလိုက်ရင် အပစ်အခတ်ရပ်စဲရေး ပြန်ပြီး ပျက်ပြယ် သွားမှာကို လွတ်လပ်တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။
လတ်တလော ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေမှာ တပ်မတော်နဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး ဒေသခံလူထု ၂၀၀၀ ကျော် အိုးအိမ် စွန့်ခွာ စစ်ဘေးခိုလှုံ နေကြရပါတယ်။
ဒါ့အပြင် ပြည်တွင်းစစ်ကြောင့် ထိုင်း၊ တရုတ် အပါအဝင် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေမှာ ဒုက္ခသည် အဖြစ် ခိုလှုံနေကြရတဲ့ သိန်းနဲ့ချီတဲ့ မြန်မာတိုင်းရင်းသားတွေ အိမ်မပြန်နိုင်ကြသေးပါဘူး။
အဲဒီ ဒုက္ခသည်တွေ ငြိမ်းချမ်းစွာ အိမ်ပြန်နိုင်ရေး၊ စစ်ဘေးစစ်ရှောင် ဒုက္ခသည်များ ထပ်မံ မတိုးပွားရေး၊ စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ဖြစ်အောင် လုပ်ဆောင်ပေးဖို့ ခရီးက အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ။