အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်ချီတက်နေသော ဧရာဝတီတိုင်းဒေသကြီး ကိုယ်စား ပြု ကျောင်း သား သပိတ် အဖွဲ့တွင် ပါဝင်နေသော ၁၀ တန်းကျောင်းသူ မချောစုစံ စာမေးပွဲဖြေဆိုရန် အိမ်ပြန်သည့် သ တင်း ကို အစိုးရ သတင်းစာက သတင်း ရေးသား ဖော်ပြရာတွင် သတင်းသမား လိုက်နာရမည့် ကျင့်ဝတ် ကို ချိုးဖောက်ပြီး လိုရာဆွဲ သတင်း ရေး သား ဖော်ပြ ကြောင်း သတင်းရရှိသည်။
အစိုးရပိုင်သတင်းစာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့က ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် “မိခင်ဖြစ်သူမှ ကျောင်းသားသပိတ်အဖွဲ့အတွင်းရောက်ရှိနေသော ဒသမတန်းကျောင်းသူ အား ပြန်လည်ခေါ်ဆောင်” ဆိုသော သတင်း ဖော်ပြ ခဲ့ရာ ယင်းသတင်းဖော်ပြမှုသည် မှန်ကန်မှုမရှိဘဲ လိုရာရေးဆွဲ ဖော်ပြ သည့် သတင်းဖြစ်၍ ကန့်ကွက် ကြောင်း ဧရာ ဝတီ ကျောင်းသား သပိတ်မှ ဦးဆောင်သူများက ယနေ့ မအူပင်မြို့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်း ပွဲ တွင် ပြော ဆိုသည်။
ဧရာဝတီသပိတ်စစ်ကြောင်းတွင်လိုက်ပါလာသည့် ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဒသမ တန်း ကျောင်းသူ မချောစုစံကို မိဘများက စာမေးပွဲ ဖြေနိုင်ရန်အတွက် လာရောက်ခေါ်ယူစဉ် သပိတ်ဦးဆောင်သူ များက မိဘ များထံ တရားဝင် ပြန်လည် အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီကျောင်းသားသပိတ်ကို ဦးဆောင်သူ တဦးဖြစ်သော ပုသိမ် နည်းပညာ တက္ကသိုလ်မှ သရုပ်ပြဆရာ ဦးဝေယံအောင်က ပြောသည်။
“နိုင်ငံပိုင်သတင်းစာက မိဘတွေက မချောစုစံကို ပြန်ခေါ်သွားတယ်ဆိုပြီး ရေးထားတယ်။ တကယ်က ကျနော်တို့ မအူပင် က ပန်းဝတီစားသောက်ဆိုင်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဧရာဝတီသပိတ်စစ်ကြောင်း အနေနဲ့ မချောစုစံကို မိဘ တွေ ထံ ပြန်လည် အပ်နှံတယ်ဆိုတာကို တရားဝင်ကြေညာခဲ့ပါတယ်။ ဒါ့အပြင် မချောစုစံကို ကျနော်တို့ သပိတ် စစ်ကြောင်း က ကိုယ့်ကားနဲ့ကိုယ် တာဝန်ယူပြီးတော့ ပုသိမ်မြို့က အိမ်ကို ရောက်တဲ့အထိ ပြန်ပို့ပေးခဲ့တာပါ။ အဲဒါကို နိုင်ငံပိုင်သတင်းစာ တွေက လိုရာဆွဲပြီးရေးသွားခဲ့တာ ဖြစ်ပါတယ်”ဟု ဦးဝေယံအောင်က ရှင်းပြသည်။
အစိုးရသတင်းစာများ၏ ကျင့်ဝတ်ဖောက်ဖျက်သော သတင်းဖော်ပြမှုကြောင့် ဧရာဝတီကျောင်းသားသပိတ်အဖွဲ့က ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတိုင်းတွင် အစိုးရပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထောက်များ သတင်းရယူခွင့် ပိတ်ပင် တားဆီး သွားမည်ဟု ယနေ့တွင် ဧရာဝတီကျောင်းသားသပိတ်အဖွဲ့က ထုတ်ပြန်ကြေညာသည်။
“စာမေးပွဲကအရမ်းနီးတော့ သူ့အမေကလည်းလာခေါ်လို့ ကျနော်တို့က ပြန်ထည့် ပေးလိုက်တာပါ။ ဒါကို အစိုးရ ပြောတဲ့ ပုံက ကျနော်တို့ကပဲ ကလေးမလေးကို ဖြားယောင်းသွေးဆောင်ပြီး ခေါ်ထားတဲ့ပုံစံမျိုး ဖြစ်နေတယ်။ အစိုးရရဲ့ နိုင်ငံပိုင် သတင်းစာ တခုအနေနဲ့ ဒီလိုမှားယွင်းတဲ့သတင်းတွေက ကျနော်တို့ ကျောင်းသူ ကျောင်းသား တွေရဲ့ဂုဏ်သိက္ခာ၊ မိဘ တွေ ရဲ့ ဂုဏ်သိက္ခာ၊ ပညာရေးဝန်ကြီးဌာနတွေရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့သတင်းမျိုးကို ဒီလိုနိုင်ငံပိုင်သတင်းစာက အခုလို မျိုးရေးသားတဲ့အတွက် ကျနော်တို့အနေနဲ့ စိတ်မကောင်း ဖြစ်မိပါတယ်”ဟု ဧရာဝတီကျောင်းသားသပိတ် ဦး ဆောင် ကော်မတီ ဝင် ကိုကျော်သက်က ပြောသည်။
အသက် ၁၆ နှစ်အရွယ် မချောစုစံသည် ပုသိမ်မြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်းမှ ဒသမတန်း ကျောင်းသူ တဦးဖြစ်ပြီး ဧရာဝတီကျောင်းသားသပိတ်အဖွဲ့တွင် ပါဝင်သော တဦးတည်သော အထက်တန်း ကျောင်းသူ တဦးဖြစ် ကြောင်း ၊ ကျောင်းသူ မချောစုစံသည် သပိတ်မှောက်ကျောင်းသားအဖွဲ့နှင့်အတူ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ပန်းတ နော်၊ ညောင်တုန်းနှင့် မအူပင်မြို့အထိ သပိတ်စစ်ကြောင်းနှင့်လိုက်ပါကာ အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက် သပိတ် မှောက်ခဲ့သူတဦး ဖြစ်သည်။
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်နေသော ဧရာဝတီကျောင်းသားသပိတ်အဖွဲ့သည် ပုသိမ်မြို့မှ ဖေဖော်ဝါရီ ၃ ရက် နေ့ တွင် စတင်ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့တွင် မအူပင်မြို့သို့ရောက်ရှိခဲ့ကြောင်း၊ မအူပင်မြို့မှတဆင့် ကျိုက်လတ် ၊ ဖျာပုံ ၊ ဒေးဒရဲမြို့များကိုဖြတ်၍ ရန်ကုန်မြို့သို့ ချီတက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။