အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံရန် သပိတ်မှောက် ကျောင်းသားများနှင့် အစိုးရကြား သဘောတူညီ ချက် ပြန်လည်ရရှိပြီးနောက် အစိုးရဘက်က ကျောင်းသားသပိတ်များကို ရပ်တန့်ရန် ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ကြေညာချက်တွင် ကျောင်းသားများ တောင်းဆိုသော အချက် ၁၁ ချက်ကို အခြေခံပြီး ကျင်းပမည့် လေးပွင့်ဆိုင် ဆွေးနွေးမှုအတွက် အကြိုဆွေးနွေးပွဲတရပ်ကို ဖေဖော်ဝါရီ ၉ ရက်က ဆွေးနွေးခဲ့ကြောင်း၊ လေးပွင့်ဆိုင် ဆွေးနွေးမှုမှ ရရှိသည့် သဘောတူညီချက် များကို ပညာရေး ဝန်ကြီးဌာနမှ လွှတ်တော်သို့ ပြန်လည်တင်ပြမည့် ဥပဒေမူကြမ်းတွင် ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း ဖော်ပြ ထားသည်။
ထို့နောက် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက် နေပြည်တော်တွင် အစိုးရနှင့် သပိတ်မှောက် ကျောင်းသား ကိုယ် စားလှယ်များ တွေ့ဆုံမှုတွင် ကတိပေးထားသည့်အတိုင်း ဆန္ဒပြမှုများကို ရပ်ဆိုင်းပေးရန်လည်း အစိုးရ ကြေညာချက်၌ တိုက်တွန်းထားသည်။
“လေးပွင့်ဆိုင် ဆွေးနွေးပွဲကနေ အချက် ၁၁ ချက်မှာ ဘယ်နှချက် သဘောတူညီချက် ရမလဲ မသိဘဲ ကျနော်တို့ကို သပိတ်ရပ်ခိုင်း တယ်။ မနေ့က အကြိုဆွေးနွေးပွဲမှာလည်း ကျောင်းသားသပိတ်ရပ်ရေးနဲ့ ပတ်သက်ပြီး ဘာမှ ဆွေးနွေးသဘောတူထားတာ မရှိပါဘူး။ ကျနော်တို့ကတော့ ကျနော်တို့ တောင်းဆိုချက် အပြည့်မရမခြင်း သပိတ်မရပ်ပါဘူး”ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ် ရှားမှု ကော်မတီဝင် ကိုနန္ဒစစ်အောင်က ပြောသည်။
ဖေဖော်ဝါရီလ ၃ ရက်က နေပြည်တော် တွေ့ဆုံမှုပြီးနောက် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်သည့် ကျောင်းသား၊ ပညာ ရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)၊ လွှတ်တော်၊ အစိုးရ ပါဝင်သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်လည် လုပ်ဆောင်နိုင်ရန် ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ စိန်ရတု ခန်းမတွင် အကြိုဆွေးနွေးခဲ့ကြောင်း၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်သည့်အခါ မည်သည့်အစီအစဉ်မျိုး ဆောင်ရွက်မည်၊ မည်သူများ ဆွေးနွေးမည် ဆိုသည့် ဆွေးနွေးပွဲ အစီအစဉ်ကို ညှိနှိုင်း သည့် သဘောသာ ဖြစ်ကြောင်း ဆိုသည်။
မန္တလေးမှ ရန်ကုန်ကို ချီတက်နေသည့် ပင်မ သပိတ်လမ်းကြောင်းသည် ယနေ့ဆိုလျှင် ပြည်မြို့တွင် လှည့်လည် ဆန္ဒပြနေပြီး ပြည်မြို့တွင်ပင် တရက် ဆက်နားမည်ဟု သိရသည်။
မုံရွာ၊ ပခုက္ကူ၊ မကွေး၊ ချောက်၊ ရေနံချောင်းမှ စုပေါင်းပြီး ထွက်ပေါ်လာသည့် မြေလတ်ကျောင်းသားများ သပိတ်သည် ယနေ့တွင် ပြည်မြို့ကို ကားဖြင့် တက်လာမည် ဖြစ်ပြီး ညပိုင်း၌ ပြည်မြို့ရှိ ဘုန်းကြီးကျောင်း တခုတွင် အနားယူမည် ဖြစ်သည်။
ယင်းမြေလတ်ကျောင်းသားများ သပိတ်သည် ပြည်မြို့တွင် ရောက်ရှိနေသည့် ပင်မသပိတ်နှင့် ပူးပေါင်းချီတက်မည် မဟုတ်ဘဲ ပြည်မြို့မှ တဆင့် မော်လမြိုင်ကို ဆက်လက်ထွက်ခွာမည် ဖြစ်ပြီး မော်လမြိုင်တွင် လှည့်လည်ဆန္ဒပြနေသည့် မွန်၊ ထားဝယ် ကျောင်း သား သပိတ်နှင့် ပူးပေါင်းမည် ဖြစ်ကြောင်း မုံရွာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကိုဝေမိုးနိုင်က ပြောသည်။
အလားတူ ဧရာဝတီ ကျောင်းသားများ သပိတ်လမ်းကြောင်းသည် ယနေ့တွင် မအူပင်တက္ကသိုလ်၊ မအူပင်မြို့တွင်းသို့ လှည့်လည် ဆန္ဒပြနေပြီး မအူပင်မြို့တွင်ပင် ဆက်လက်နားမည် ဖြစ်သည်ဟု ဆိုသည်။
မကြာခင် ရန်ကုန်မြို့တွင် ပူးပေါင်းရန် စီစဉ်ထားသည့် မန္တလေးမှ ရန်ကုန်ကို ချီတက်နေသည့် ပင်မကျောင်းသားသပိတ်၊ ဧရာဝတီ ကျောင်းသားသပိတ်နှင့် မော်လမြိုင်တွင် စုပေါင်းထွက်ပေါ်လာမည့် ကျောင်းသားသပိတ် သုံးခုသည် ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ပိုင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လေးပွင့်ဆိုင် ဆွေးနွေးမည့် ရက် အတွက် တရက်တာ သပိတ်ကို ရပ်နားမည် ဖြစ်ကြောင်း သိရသည်။
ယင်းကျောင်းသား သပိတ်လမ်းကြောင်းများ အားလုံးကို ရန်ကုန်မြို့ အဝင်တွင် တားမြစ်ပိတ်ပင်ရန် ရန်ကုန်တိုင်း အစိုးရက အစီ အစဉ် များ ပြုလုပ်ထားသည်။