ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသ၌ မြန်မာ့ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့များ ကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်းထန်စွာ ဖြစ်ပွားလျက် ရှိကြောင်း သတင်းရရှိသည်။
လောက်ကိုင်မြို့နယ် ညံခွမ်းကျေးရွာ အရှေ့မြောက်ဘက်တွင် ဖေဖော်ဝါရီလ ၉ ရက် နံနက်ပိုင်းက နှစ်ကြိမ်၊ တောက်ရွှေ ကျေးရွာ အနီး၌ တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မော်ထိုက်မြို့အနီးရှိ တပ်မတော်စခန်းကို ဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့က လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစိုးရ ပြန်ကြားရေး ဝန်ကြီးဋ္ဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။
ထိခိုက်ကျဆုံးမှု စာရင်းကိုမူ နှစ်ဘက်စလုံးက မထုတ်ပြန်သေးပေ။
ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့များ အိမ်ပြန်နိုင်ရန် အဘက်ဘက်မှ ပံ့ပိုးပေးသွားမည်ဟု ကိုးကန့် တပ်ဖွဲ့များ ဘက်မှ ဝင်ရောက်ကူညီ တိုက်ခိုက်ပေးနေသည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ပြန်ကြားရေး ဒု တာဝန်ခံ တာပန်လက ဧရာဝတီသို့ ပြောသည်။
TNLA ၏ အဆိုအရ ဖေဖော်ဝါရီလ ၉ ရက် နံနက်ပိုင်းကစပြီး ည ၇ နာရီခန့်အထိ လောက်ကိုင်မြို့နယ် အတွင်းရှိ နမ့်စွမ်ကျေးရွာ၊ တာပါးတံံတား အနီးတို့တွင် တပ်မတော်နှင့်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၂ နာရီခွဲမှစပြီး ချင်မာလင် ကျေးရွာနှင့် နောင်ကော်ကျေးရွာတို့တွင် ကိုးကန့်တပ်ဖွဲ့ ခေါ် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) မှ တပ်ရင်း(၂)၊ တပ်ရင်း(၁၇)၊ TNLA မှ တပ်ရင်း(၉၁၉)၊ တပ်ရင်း(၄၄၇)၊ ရခိုင် တပ်မတော် စစ်ကြောင်း တို့၏ ပူးပေါင်း တပ်ဖွဲ့နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
TNLA ပြန်ကြားရေး ဒုတာဝန်ခံ တာပန်လက“အခုချိန်မှာတော့ အထိအခိုက် အကျအဆုံးက တော်တော်လေး အတည် ပြုရခက် နေ တယ်။ ကျနော်တို့နဲ့ မဟာမိတ် ဖွဲ့ထားတော့ အပြန်အလှန် ကူညီတယ်။ ကျနော်တို့ရဲ့ မိတ်ဆွေတွေ၊ မဟာမိတ်တွေ သူတို့အိမ် သူတို့ ပြန်နိုင်အောင် ကျနော်တို့ဘက်က အဘက်ဘက်ကနေ ပံ့ပိုးပေးတာပါ”ဟု ပြောသည်။
တိုက်ပွဲများအတွင်း တပ်မတော်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ များတွင် မဟာမိတ် တပ်ဖွဲ့ဝင်ဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ပါဝင်ခြင်း မရှိကြောင်းလည်း တာပန်လက ပြောဆိုသည်။
လောက်ကိုင်မြို့နယ် အစိုးရ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း အမျိုးသမီးတဦးက“လက်ရှိ အခြေအနေ ကတော့ ပစ်တုန်း ခတ်တုန်းပဲ။ အသံတွေကတော့ လောက်ကိုင်မြို့ပေါ်ကနေ ကြားနေရတယ်။ ကျမတို့လည်း ကြောက်လို့ ရုံးထဲ ကနေ ရုံးပြင်တောင် မထွက်ရဲဘူး”ဟု ဧရာဝတီကို ပြောသည်။
လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းတဦးနှင့် တိုက်ပွဲဖြစ်ပွားရာဒေသမှ ကျောင်းဆရာမ ၂ ဦးကို ကိုးကန့် တပ်ဖွဲ့မှ ဖမ်းဆီးထားသည်ဟုလည်း သတင်းများထွက်ပေါ်နေကြောင်း ယင်းအမျိုးသမီးက ပြောသည်။
တိုက်ပွဲများကြောင့် ဒေသခံအများစုမှာ တရုတ်နိုင်ငံသို့ တိမ်းရှောင်သွားကြပြီး တချို့မှာ တိုက်ပွဲလွတ်ရာ ပြည်တွင်း ဒေသများသို့ ထွက်ပြေး တိမ်းရှောင်သွားသူများ ရှိကြောင်း၊ လောက်ကိုင်မြို့ပေါ်တွင် ဌာနဆိုင်ရာဝန်ထမ်းများသာ ကျန် ရှိတော့ကြောင်း လောက်ကိုင် မြို့ခံများက ပြောသည်။
ကိုးကန့်ဒေသတွင် တိုက်ပွဲများ ပြန်လည်ဆင်နွှဲနေသည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်သည် ယခင်စစ် အစိုးရ လက်ထက် ၁၉၈၉ တွင် အပစ်အခတ်ရပ်စဲခဲ့သည့် MNDAA ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်သည်။
၂၀၀၉ ခုနှစ်တွင် လောက်ကိုင်ဒေသ၌ လက်နက်စက်ရုံများ၊ မူးယစ်ဆေးဝါး စက်ရုံများ တည်ထောင်သည်ဟု ဆိုပြီး အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် ထွက်ပြေး တိမ်းရှောင်နေခဲ့ရသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ကိုးကန့်ဒေသကို ပြန်ရသည်အထိ မြန်မာအစိုးရကို ပြန်လည်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း တရုတ်အစိုးရ၏ အာဘော်များအား မကြာခဏ ဖော်ပြလေ့ရှိသည့် Global Times သတင်းစာနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ဖုန်ကြားရှင်က ပြောကြားခဲ့သည်။
အလားတူ ဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့ စစ်ရေးကော်မတီက ဖေဖော်ဝါရီ ၉ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ကိုးကန့် တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး၊ တန်းတူရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ပိုင် အုပ်ချုပ်ရေးအတွက် လက်နက်ကိုင် တိုက်ခိုက်သော စနစ်ဖြင့် တောင်းဆိုမှုများ ရရှိသည်အထိ ဆက်လက် တော်လှန်သွားမည်ဟု ဖော်ပြခဲ့သည်။