၁၉၄၇ ခုနှစ်မှာ အသက် ၃၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံလိုက်ရချိန်ကစလို့ မြန်မာနိုင်ငံဟာ ခေါင်းဆောင်မှု ကင်းမဲ့တဲ့ပြဿနာနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ၇၀ နီးပါးအတွင်းမှာတော့ ဒီနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာကြီးရဲ့ နေရာကို ဘယ်သူကမှှ အစားထိုးဝင်ရောက် ကွက်လပ်ဖြည့်နိုင်ခြင်း မရှိခဲ့ပါဘူး။
နှစ်ပေါင်း ၅၀ နီးပါး ကြာမြင့်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအောက်က ရုန်းထွက်လွတ်မြောက်စ ပြုလာတဲ့ ဒီနေ့အချိန်မှာလည်း ထက်မြက်ပြီး အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်မှု ကင်းမဲ့နေတဲ့မြန်မာနိုင်ငံဟာ ဆက်လက်ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ လူထုက ကြည်ညိုလေးစားတဲ့ ဗိုလ်ချုပ်လို ခေါင်းဆောင်မျိုး မြန်မာနိုင်ငံမှာ တကယ် လိုအပ်နေပါတယ်။ ဒါပေမဲ့ သူ့ကို မီတဲ့ခေါင်းဆောင်ကတော့ မရှိပါဘူး။
ကိုယ်ကျိုးမဖက်တဲ့ ဂုဏ်သိက္ခာရှိတဲ့ ခေါင်းဆောင်တယောက်အဖြစ် သူ့ကို မြန်မာပြည်သူတွေက သတိတရ ရှိနေဆဲဖြစ်ပါတယ်။ ၂၀ ရာစုအလယ်ပိုင်းမှာ ဗြိတိသျှနဲ့ ဂျပန်တို့ကို သူက ပါးပါးနပ်နပ် ဆက်ဆံနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံဟာ ကိုလိုနီစနစ်ကို တိုက်ထုတ်ပြီး လွတ်လပ်ရေး ရယူနိုင်ခဲ့တယ် ဆိုတာကို မြန်မာပြည်သူတွေ မမေ့နိုင်ကြပါဘူး။
သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်ရဲ့ လုပ်ကြံမှုကို ခံရပြီးနောက် ၆၈ နှစ်အကြာမှာလည်း ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီနေ့ မြန်မာနိုင်ငံမှာ အနှိုင်းမဲ့နိုင်ငံရေး ပြယုဂ်တခုအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ သူ့ရဲ့ နှစ် ၁၀၀ ရာပြည့်မွေးနေ့ ဖြစ်တဲ့အလျောက် နိုင်ငံတဝန်း အထိမ်းအမှတ်ပွဲတွေကို အကြီးအကျယ် လုပ်ဖို့ ရှိနေပါတယ်။ ဒီပွဲတွေကို စီစဉ်တာကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို ဒီနေ့ မြန်မာနိုင်ငံရဲ့ ဖခင်အဖြစ်နဲ့ မြန်မာတပ်မတော်ရဲ့ တည်ထောင်သူအဖြစ် သတ်မှတ် ထားကြတာပါ။ သူ့ကို အားလုံးက ချစ်စနိုးနဲ့ ဗိုလ်ချုပ်လို့ခေါ်ပြီး ဗိုလ်ချုပ်လို့ ရည်ညွှန်းရင် သူ့ကို ပြောတာမှန်း အားလုံးက သိကြပါတယ်။
ဗိုလ်ချုပ် အောင်ဆန်းဟာ မြန်မာနိုင်ငံမှာ စည်းလုံးညီညွှတ်ရေး၊ သာတူညီမျှရှိရေး၊ ဒီမိုကရေစီရေးနဲ့ ချမ်းသာကြွယ်ဝရေး အတွက် အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရည်မှန်းချက်တွေကတော့ အကောင်အထည် မပေါ်လာသေးပါဘူး။ မြန်မာပြည်သူတွေဟာ ဒီရည်မှန်းချက်တွွေ အကောင်အထည် ပေါ်လာဖို့ မျှော်လင့်နေဆဲဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်းသာ ရှိနေခဲ့ရင် ဒီရည်မှန်းချက်တွေဟာ အကောင်အထည် ပေါ်ခဲ့မှာဖြစ်တယ်လို့ ယုံကြည်နေကြတာပါ။
ဗိုလ်ချုပ်နောက်မှာ သူ့ရဲ့ နေရာကို ဆက်ခံခဲ့တဲ့ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လွပ်ရေးအသင်းကြီး (ဖဆပလ) ရဲ့ ဝါအရင့်ဆုံး အဖွဲ့ဝင်ဖြစ်တဲ့၊ ၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့မှာ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဦးနုဟာ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ညီညွှတ်ရေး မတည်ဆောက်နိုင်ခဲ့ပါဘူး။ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး အဲဒီအချိန်ကစလို့ စစ်တပ်ဟာ ပုံစံအမျိုးမျိုးနဲ့ အစဉ်အဆက် အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။
၁၉၄၆ ခုနှစ် လူထုတွေ့ဆုံပွဲတခုမှာ ဗိုလ်ချုပ် အောင်ဆန်းက ဘယ်လောက် ကြီးမြတ်တဲ့သူပဲဖြစ်ဖြစ် ပြည်သူတရပ်လုံးရဲ့ ထောက်ခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မပါဘဲ သူတယောက်တည်း သမိုင်းရဲ့ဘီးကို လည်စေဖို့ မဖြစ်နိုင်ပါဘူး။ လူတဦးတယောက်ချင်းဟာ သမိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍနေ ပါဝင်ခဲ့တာကိုတော့ သံသယဖြစ်ဖွယ် မရှိပါဘူး။ ဒါပေမဲ့ သမိုင်းကို လူအနည်းလောက်ကသာ ဖန်တီးတာ မဟုတ်ဘူးဆိုတာကတော့ အထင်အရှားပါပဲလို့ ပြောခဲ့ပါတယ်။
ဒီပြောဆိုမှုဟာ နိုင်ငံတည်ဆောက်ရေးမှာ နိုင်ငံသားတဦး တယောက်ချင်းရဲ့ ပါဝင်မှုအပေါ် သူရဲ့ တန်ဖိုးထားမှုကို ထင်ဟပ် ပြသနေတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတန်ဖိုးထားမှုကိုတော့ လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ လွတ်လပ်ရေး ရပြီးချိန်ကစလို့ မြန်မာနိုင်ငံမှာ လက်တဆုပ်စာ လူတစုကသာ သမိုင်းကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ကတော့ သာမန်ပြည်သူလူထုရဲ့ သဘောတူညီချက် မပါဘဲ နိုင်ငံကို အစဉ်တစိုက် အုပ်ချုပ်ခဲ့တဲ့ တပ်မတော်ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ တဦးချင်းတယောက်ချင်းစီက ဒီတပ်မတော်ရဲ့ လွှမ်းမိုးမှုကို တိုက်ဖျက်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း တပ်မတော်ရဲ့ စနစ်တကျ နှိမ်နှင်းခြင်းကို ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံဟာ ကျရှုံးနေတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့တဲ့ အဲဒီမျိုးဆက်သစ်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ ရုန်းကန်ကြိုးပမ်းနေခဲ့ကြတာပါ။ အခုအချိန်အထိ ဆန္ဒပြပွဲတွေမှာ မကြာခဏ ဆိုသလို ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေ နှိမ်နှင်းခံရတဲ့အခါမှာလည်း ဗိုလ်ချုပ်ရဲ့ ဓာတ်ပုံတွေဟာ လမ်းတလျှောက်ပြန့်ကျဲနေတော့တာပါပဲ။
ဗိုလ်ချုပ် အောင်ဆန်းက “မြန်မာနိုင်ငံရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ ကျနော်တခါမှ စိတ်မအေးဖူးပါဘူး။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေး မရတဲ့အတွက် ကျနော် အိမ်မက်ထဲမှာတောင်မှ ငိုကြွေး ဒေါသထွက်နေရပါတယ်” လို့ ပြောခဲ့ဖူးပါတယ်။ တကယ်လို့ သူသာ ဒီနေ့အထိ အသက်ဆက်ရှင်နေပြီး မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုနဲ့ မညီညွှတ်မှုတွေကိုသာ တွေ့မြင်ရရင် မျက်ရည်ပိုကျမိမှာတော့ အသေအချာပါပဲ။
တိုင်းရင်းသားတွေ အပါအဝင် ပြည်သူတွေအားလုံးကြား စည်းလုံးညီညွှတ်မှု ရှိစေရေး လုပ်ဆောင်ဖို့ ဗိုလ်ချုပ် အောင်ဆန်းက နိုင်ငံရေးသမားတွေကို တိုက်တွန်းခဲ့ဖူးပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ မြန်မာနိုင်ငံဟာ “လွတ်လပ်ရေးရဲ့ အနှစ်သာရကို ပြည့်ပြည့်၀၀ ခံစားနိုင်လိမ့်မှာ မဟုတ်ဘူး” လို့ ဗိုလ်ချုပ် အောင်ဆန်းက ပြောခဲ့ပါတယ်။
သူပြောတာ လုံးဝမှန်ပါတယ်။ စည်းလုံးညီညွှတ်မှုဟာ အရေးပါတဲ့အကြောင်းကို ဗိုလ်ချုပ်က အမြဲတမ်း အလေးပေး ပြောဆိုခဲ့ပြီး ဒီလို အလေးထားမှုကြောင့်ပဲ ၁၉၄၇ ခုနှစ်မှာ တိုင်းရင်းသားတွေအတွက် သာတူညီမျှ အခွင့်အရေးနဲ့ နိုင်ငံရေးလွတ်လပ်ခွင့်ကို ပြဋ္ဌာန်းထားတဲ့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့နေရာကို ဆက်ခံခဲ့တဲ့ ခေါင်းဆောင် အဆက်ဆက်ကတော့ ဒီစာချုပ်ထဲက အတိုင်း အကောင်အထည် မဖော်နိုင်ခဲ့ဘဲ မြန်မာနိုင်ငံဟာလည်း ပြည်တွင်းစစ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဗိုလ်ချုပ်က “ကျနော်တို့ လွတ်လပ်တဲ့ မြန်မာနိုင်ငံကို တည်ဆောက်ရာမှာ တိုင်းရင်းသားလူမျိုးတွေနဲ့ ဗမာလူမျိုးတွေဟာ ခွဲခြားမှုမရှိဘဲ တန်းတူညီမျှရှိရမယ်” လို့ ပြောခဲ့ပါတယ်။ တိုင်းရင်းသားတွေအားလုံးနဲ့ သူရဲ့ လူကြိုက်အများဆုံး စကားတွေထဲက တခုကတော့ “ဗမာက တကျပ်ရရင် ရှမ်းနဲ့ ကချင်တို့ကလည်း တကျပ်စီရရမယ်” ဆိုတာပါပဲ။
ဗိုလ်ချုပ် မရှိတော့တာတော့ ကြာပါပြီ။ ဒါပေမဲ့ သူပြောခဲ့တဲ့ ရည်မှန်းချက်တွေကတော့ အခုချိန်ထိ ခေတ်ကာလနဲ့ ဆီလျော်နေဆဲပါပဲ။ တကယ်လို့ မြန်မာနိုင်ငံဟာ ဗိုလ်ချုပ်ရဲ့ မျှော်လင့်ချက်တွေဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နဲ့ ကြွယ်ဝချမ်းသာရေးတို့ကို အကောင်အထည် ဖော်မယ်ဆိုရင်တော့ လက်ရှိခေါင်းဆောင်တွေဟာ အတိုက်အခံပါတီတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ အပါဝင် သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ပတ်ဝန်းကျင်တခုကို မဖြစ်မနေ ဖန်တီးဖို့ လိုအပ်နေပါတယ်။
ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် တခုပဲ လိုအပ်ပါတယ်။ အဲဒါကတော့ စစ်မှန်တဲ့ နိုင်ငံရေးဆန္ဒပါပဲ။ ဒီလိုမှ မဟုတ်ရင်တော့ မြန်မာနိုင်ငံဟာ အကျပ်အတည်းတွေနဲ့ ဆက်လက်ရင်ဆိုင်ဖို့ ရှိနေတာပဲဖြစ်ပါတယ်။