သမ္မတ ဦးသိန်းစိန်နှင့့်လွှတ်တော်က ယာယီသက်သေခံလက်မှတ် (White card) ကိုင်ဆောင်ထားသူများ မဲပေးခွင့် ပြုလိုက်ခြင်းကို ပြန်လည် ပယ်ဖျက်ပေးရန် သံဃာနှင့် ပြည်သူ ၃၀၀ ကျော် ရန်ကုန်မြို့တွင် စုပေါင်း၍ ဆန္ဒပြကြောင်း သတင်း ရရှိသည်။
White card ကိုင်ဆောင်ထားသူများကို မဲပေးခွင့်မပြုရန် ယနေ့ နေ့လယ် ၁ နာရီက ရွှေတိဂုံ စေတီတော်အနီး ကြေးသွန်း ဘုရားကြီး မှ ကျိုက်က္ကဆံကွင်း(ဟစ်တိုင်)အထိ လူ ၃၀၀ ကျော် လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများက ပြောသည်။
အစိုးရက White card ကို မဲပေးခွင့် ပြုလိုက်ပြီး နောက်ပိုင်း ယင်းကိစ္စကို ရန်ကုန်တွင် ဖေဖော်ဝါရီလ ၈ ရက်မှ စတင်၍ ၇ ရက်ကြာ ဆန္ဒ ထုတ်ဖော်ရန် သံဃာများနှင့် ရခိုင် လူမှုအဖွဲ့အစည်းတို့ စီစဉ်ခဲ့သော်လည်း သမ္မတ အကြံပေးများ၊ သာသနာရေး ဝန်ကြီးဋ္ဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာနတို့မှ တာဝန်ရှိသူများက လာရောက် တွေ့ဆုံညှိနှိုင်းခဲ့၍ ဖေဖော်ဝါရီလ ၁၁ ရက်သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
ယနေ့ ဆန္ဒပြပွဲတွင် ပါဝင်သူများက ယာယီ သက်သေခံ လက်မှတ် မဲပေးခွင့် ပယ်ဖျက်ရေး တို့ အရေး၊ White card မဲပေးခွင့် ပြုသူ တို့ရန်သူ၊ အနောက်တံခါး လုံခြုံရေး White card မဲပေးခွင့် ပယ်ဖျက်ပေး စသည့် ကြွေးကြော်သံများ၊ ပိုစတာများလည်း ကိုင်ဆောင် ခဲ့ကြသည်။
ယင်းဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ရခိုင် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ကိုရဲမင်းဦးက“ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်၊ နိုင်ငံ တော် သမ္မတရဲ့ သဘောထားမှတ်ချက် ဒါတွေကို မကျေနပ်ဘူး။ သူတို့ ဟာ တိုင်းပြည်ရဲ့ ကျေးဇူးသစ္စာကို မစောင့်တည်ဘူး ဆိုတာ ယုံကြည်တဲ့အတွက် ကျနော်တို့ ဆန္ဒဖော်ထုတ်တာ ဖြစ်တယ်။ မကျေနပ်တဲ့ အတွက် ပြတာ”ဟု ဧရာဝတီသို့ ပြောသည်။
ယခုဆန္ဒပြပွဲကို အစိုးရ၏ ခွင့်ပြုချက်ဖြင့် တရားဝင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဆန္ဒပြပွဲတွင် ပါဝင်သည့် ရခိုင် အမျိုးသားရေး လှုပ်ရှားသူ ဆရာတော် ဦးဇာဂရက “အဓိက ဆန္ဒပြရတာက White card နဲ့ မဲမပေးနိုင် ဖို့ထက် White card ကို လုံးဝပျောက်ပျက် သွားသည်အထိ ဆန္ဒပြတာ ဖြစ်တယ်။ ဒါကို ခွင့်ပြုတာဟာ သူတို့ မဲလိုချင်လို့ လုပ် တာ ပဲ။ မြန်မာနိုင်ငံမှာ နေပြီး ပြည်သူလူထုက တရားမျှတစွာ ရွေးကောက်တဲ့ သမ္မတ အဖြစ်ပဲ ခံယူစေ ချင်တယ်။ ဒီလို ကလိမ် ကကျစ် နည်းနဲ့ မဲရအောင် လုပ်တဲ့ မသမာတဲ့ နည်းမျိုးကို လုံး၀ လက်မခံဘူး”ဟု မိန့်သည်။
ဝေဖန်ကန့်ကွက်မှုများ ကြုံတွေ့နေရသော်လည်း White Card ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို သမ္မတ ဦးသိန်းစိန်က ဖေဖော်ဝါရီလ ၁၀ ရက်တွင် လက်မှတ်ထိုး အတည်ပြုလိုက်ပြီ ဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားပြုခွင့် ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတင်ချယ် ကလည်း “White card ကိုင်ဆောင်ထားတဲ့ သူတွေဆိုတာက ၁၉၈၂ မြန်မာနိုင်ငံ ဥပဒေနဲ့ နိုင်ငံသား ဖြစ်ခွင့် မစစ်ရသေးတဲ့သူတွေလို ပြောလို့ ရမယ်။ ဒီထဲမှာ စစ်ချလိုက်ရင် နိုင်ငံသားဖြစ်ခွင့် ရှိသူတွေလည်း ပါနိုင်သလို နိုင်ငံသား မဟုတ်တဲ့သူတွေလည်း ရှိနိုင် တယ်”ဟု ပြောသည်။