ဗိုလ်ချုပ်ဓာတ်ပုံထဲမှ ကချင်အမျိုးသမီးကြီး ခေါင်ရော် မခေါင်နှင့် အင်တာဗျူး။
လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းမှတ်တမ်း ဓာတ်ပုံများတွင် ကချင်အမျိုးသမီးများနှင့် ရယ်မောကာ တွဲရိုက်ထားသော ဓာတ်ပုံလည်း ပါဝင်သည်။ ထိုဓာတ်ပုံသည် ၁၉၄၆ ခုနှစ်က ဗြိတိသျှ ကိုလိုနီအစိုးရထံမှ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုင်းရင်းသားများနှင့်အတူ တောင်းဆို ရေး ကချင်ပြည်နယ်သို့ သွားရောက်စဉ်က ကချင် တိုင်းရင်းသူ ၆ ဦးနှင့်အတူ မှတ်တမ်းရိုက်ကူးစဉ်က ဖြစ် သည်။ အဆိုပါဓာတ်ပုံထဲတွင် ပါဝင်သူများအနက် ယနေ့အထိ သက်ရှိထင်ရှား တဦးတည်း ကျန်ရစ်သူမှာ မြစ်ကြီးနားမြို့နေ အသက် ၈၈ နှစ်အရွယ်ရှိ ခေါင်ရော် မခေါင် (Hkawn Raw Makawng) ဖြစ်သည်။ ကချင်အမျိုးသမီးကြီး ခေါင်ရော်မခေါင်ကို ဧရာဝတီ အကြီးတန်းသတင်းထောက် လင်းသန့်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားပါသည်။
ဧရာဝတီ ။ ။ အဘွားတို့ ကချင်အမျိုးသမီး ၆ ဦးနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ အတူရိုက်ထားတဲ့ ဓာတ်ပုံထဲမှာ ဗိုလ်ချုပ်အောင်ဆန်းက သွားပေါ် အောင်ရယ်မောနေတာ တွေ့ရတယ်။ ဗိုလ်ချုပ် အောင်ဆန်း ရယ်မောသွားတဲ့ အကြောင်းနဲ့ အဲဒီ ဓာတ်ပုံရိုက်တုန်းက အမှတ်တရလေး ပြောပြပေးပါ။
ခေါင်ရော်မခေါင် ။ ။ အဲဒီတုန်းက ကျမတို့နဲ့ ဓာတ်ပုံရိုက်တဲ့ အခါမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သက်တော်စောင့် လား မသိဘူး၊ သူက “ဗိုလ်ချုပ် ခင်ဗျားက ချင်အမျိုးသမီးတွေနဲ့ ဓာတ်ပုံရိုက်တာ ဒေါ်ခင်ကြည် သိလို့ရှိရင် စိတ်ကောက်မလားနော်” လို့ ပြောလိုက်တော့ သူကရယ်တာပဲ၊ အဲဒီလို ရယ်တဲ့အခါဓာတ်ပုံရိုက်လိုက်တာ။ အဲဒီတုန်းက ကျမတို့လည်း ပျော်ပါတယ်။
ဧရာဝတီ ။ ။ ဘယ်နေရာလေးမှာ အဲဒီဓာတ်ပုံ ရိုက်ဖြစ်ခဲ့တာလဲ။
ခေါင်ရော်မခေါင် ။ ။ အဲဒီဓာတ်ပုံကို ၁၉၄၆ ခုနှစ်က အခု မန်ခိန် အထက်တန်းကျောင်းရဲ့ ကားလမ်းနားမှာ ရိုက်ဖြစ်ခဲ့တာ။ အဲဒီဓာတ်ပုံထဲက သူတွေက ကျမကလွဲလို့ ကျန်တာအကုန် ဆုံးပါးသွားပြီ။
ဧရာဝတီ ။ ။ အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့တော့ သူကဘာတွေပြောခဲ့လဲ၊ အဘွားတို့ကရော ဘာတွေ ပြောဖြစ်ခဲ့လဲ။
ခေါင်ရော်မခေါင် ။ ။ ဗိုလ်ချုပ်က ဗမာပြည် လွတ်လပ်ရေးရဖို့ ဗမာတွေချည်းပဲ တောင်းလို့မရဘူး။ ဗမာပြည်မှာနေတဲ့ တိုင်းရင်းသား အကုန်၊ လူမျိုးအစုံတောင်းမှပဲရမယ် ဆိုပြီးပြောတာ၊ အဲဒါကြောင့် ကချင်ပြည်ကိုလည်း လာပြီး စည်းရုံးတာ။ အဘွားက အစည်းအဝေးတက်ရတဲ့အထဲမှာတော့ မပါဘူး။ သူ့ကိုဧည့်ခံဖို့ အချက်အပြုတ်ဘက်မှာပဲ နေနေတာ၊ ကချင်လူကြီးတွေနဲ့ ဘာတွေပြောကြတယ်ဆိုတာတော့ အတိအကျ မသိတော့ဘူး။
ဧရာဝတီ ။ ။ အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆွေးနွေးတဲ့ ကချင်လူကြီးတွေက ဘယ်သူတွေလဲ။
ခေါင်ရော်မခေါင် ။ ။ အဲဒီတုန်းကပါတဲ့ လူကြီးတွေက ဆမားဒူးဝါး ဆင်ဝါးနောင်၊ ဒူးဝါး ဇော်လွန်း၊ လဘန်ဂရောင်၊ ဒူးဝါး ဇော်ရစ်၊ ဒင်န်ရာ တန်၊ ဒူးဝါး ဇော်လ၊ သူတို့ ၆ ယောက်ပဲ သတိရတယ်။
ဧရာဝတီ ။ ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကချင်ခေါင်းဆောင်တွေ အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ပါ မြန်မာနိုင်ငံ လွတ်လပ်ရေး အတူတကွ ရယူမယ်လို့ သဘောတူခဲ့လို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာလို့ အဘွား ယုံကြည်လား။
ခေါင်ရော်မခေါင် ။ ။ ယုံကြည်တယ်။
ဧရာဝတီ ။ ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး မြစ်ကြီးနားကို လာတုန်းက အဘွားနဲ့ တွေ့ဖြစ်သေးလား။
ခေါင်ရော်မခေါင် ။ ။ ဒေါ်အောင်ဆန်းစုကြည်က အရင်က နိုင်ငံခြားမှာပဲနေတယ်၊ သူ့အမေ သေပြီးမှ နောက် ၁၉၈၉ ခုနှစ်က မြစ်ကြီးနားကိုလာတယ်။ အဲဒီမှာ မြစ်ကြီးနားက ဗိုလ်မှူး ဘီတူးရဲ့အိမ်ကို သူကလာတယ်။ သူ ခေါ်တာတော့ မဟုတ်ဘူး။ ကချင်လူကြီးတွေခေါ်လို့ ကျမလည်းသွားတယ်။ အဲဒီမှာ ကျမတို့ ဓာတ်ပုံရိုက်တာပဲ။ ထူးထူး ခြားခြားတော့ ဘာမှမပြောဘူး။ အဲဒီမှာ ဗိုလ်မှူး ဘီတူးက သူ့ကို ကချင်အဝတ်အစားဝတ်ပေးပြီးမှ ကချင်နာမည် ပေးခဲ့တာ၊ နာမည်က ကျမ မေ့သွားပြီ။
ဧရာဝတီ ။ ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့သမီး ဒေါ်အောင် ဆန်းစုကြည် ဘာတွေတူလဲ၊ ဘာတွေကွာခြားလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုထင်လဲ။
ခေါင်ရော်မခေါင် ။ ။ အောင်ဆန်းစုကြည်လည်း သူ့အဖေလို စိတ်ဓာတ်က အတူတူဖြစ်မယ်။ အဲဒီလို တူတဲ့အတွက်ကြောင့် ကောင်းတယ်လို့ပဲ ယူဆပါတယ်။
ဧရာဝတီ ။ ။ အဘွားက လွတ်လပ်ရေးခေတ်၊ ပါလီမန်ခေတ်၊ မဆလ၊ နဝတ၊ နအဖ ခေတ်တွေနဲ့အတူ အခု သမ္မတ ဦးသိန်းစိန် ခေတ်ကိုလည်း ဖြတ်သန်းလာသူ ဆိုတော့ ခေတ်တွေမတူ ကွဲလွဲသွားတဲ့အပေါ် ဘယ်လိုကွာခြားချက်တွေ ရှိလဲ။ ဘယ်ခေတ်က အကောင်းဆုံးလဲ။
ခေါင်ရော်မခေါင် ။ ။ လွတ်လပ်ရေး ရပြီးချိန်ပဲ ကောင်းတာပေါ့လို့ ပြောရမယ်။ အခုနောက်ပိုင်းက မလွတ်လပ်ဘူးပေါ့။
ဧရာဝတီ ။ ။ ဗိုလ်ချုပ်အောင်ဆန်း ရှိစဉ်တုန်းက KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ဆိုတာ မရှိခဲ့ဘူး။ နောက်ပိုင်း ဦးနေဝင်းတို့ခေတ် ရောက်မှ KIA ဆိုတာ ရှိလာတယ်။ အဲဒါဘာကြောင့်လို့ ထင်လဲ။
ခေါင်ရော်မခေါင် ။ ။ အဲဒါက ကချင်ပြည်နယ်၊ ကချင်လူမျိုးတွေ မလွတ်လပ်လို့ပေါ့။
ဧရာဝတီ ။ ။ အခု လာမယ့်ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းက အသက် ၁၀ဝ ပြည့်မယ်။ အဘွားအနေနဲ့ အမှတ်တရတခုခု ပြောလို့ရမလား။
ခေါင်ရော်မခေါင် ။ ။ ကျမက အခု အသက် ၈၈ နှစ်ရှိပြီ။ ဗိုလ်ချုပ်က ကျမထက် ၁၀ နှစ်ကျော် ကြီးတယ်။ ကျမက နိုင်ငံရေးတွေ ဘာတွေလည်း သိပ်ပြီးနားမလည်တော့ ဘာမှမပြောတတ်ပါဘူး။ ကျေးဇူးတင်ပါတယ်။
မှတ်ချက် ။ ။ ကချင်အမျိုးသမီးကြီး ခေါင်ရော်သည် ဓာတ်ပုံထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏အနောက်ဘက်၌ ဦးခေါင်းနှင့်ကွယ်နေပြီး မျက်နှာတခြမ်းသာ ပေါ်နေသည်။